
နေပြည်တော် ဇူလိုင် ၂၀
ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှ တစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ် တိုက်ဖျက်ရေးဌာနခွဲ၏ နှစ်ပတ်လည်လုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက ၂၀၂၀ ပြည့်နှစ်တွင် ငှက်ဖျားဖြစ်ပွားသူ စုစုပေါင်း ၅၈၈၃၅ ဦး နှင့် ၂၀၂၁ ခုနှစ်တွင် ၇၉၀၀၁ ဦး ရှိကြောင်း၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံ ချက်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း Plasmodium falciparum ပိုးတွေ့သူ လုံးဝမရှိစေရေး နှင့် ၂၀၃၀ ပြည့်နှစ်မှာ ငှက်ဖျားရောဂါ ကူးစက်မှု ပပျောက်စေရန် ရည်မှန်းချက်ထား ဆောင်ရွက်နေ ကြောင်း၊ ငှက်ဖျားရောဂါကုသဆေးနှင့် ဆေးပစ္စည်း များ လူတိုင်းလက်လှမ်းမီရရှိစေရေးနှင့် မပြတ်လပ် စေရေး၊ သက်တမ်းများ ရက်လွန်မဖြစ်စေရေးစသည့် supply chain management လုပ်ငန်းများ၊ ဆေးစိမ် ခြင်ထောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ကြီးကြပ်သွားရန် လိုကြောင်း။
ယခုနှစ် ပထမခြောက်လအတွင်း သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၇၈၃၅ ဦးနှင့် သေဆုံးသူ ၃၁ ဦးရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ပွား နေသည်ကို တွေ့ရကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးတွင် ကျန်းမာရေးအသိပညာ မြှင့်တင်ပေးရန်လိုကြောင်း။
ငှက်ဖျားရောဂါ ကင်းဝေးရေးလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်း များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် မှု ဒေသဆိုင်ရာအစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါ များဖြစ်သော ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင် ရောဂါ၊ ချီခန်ဂန်းညား၊ ဇီကာ အစရှိသည့်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးကြမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ WHO၊ UNOPS PR ၊ Save the Children PR မိတ်ဖက်အဖွဲ့ အစည်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်