
ပြင်ဦးလွင် ဇန်နဝါရီ ၁၅
ယခုနှစ်ကော်ဖီရာသီတွင် ပြည်ပ နိုင်ငံများသို့ ကော်ဖီတန်ချိန် ၄၅၀ မှ ၅၀၀ ကြား တင်ပို့ရောင်းချ သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင် မြို့နယ် ကော်ဖီသုတေသနနှင့် နည်းပညာပြန့်ပွားရေးဗဟိုဌာနမှ သိရသည်။
လက်ရှိအချိန်တွင် ကော်ဖီ များ စတင်ထွက်ရှိနေပြီး၊ အရည် အသွေးကောင်းကော်ဖီများ အနေ ဖြင့် ဒီဇင်ဘာလမှ မတ်လအတွင်း ထွက်ရှိကြောင်း၊ ယခုနှစ်ထွက်ရှိ လာမည့် ကော်ဖီများကို ပြည်ပ နိုင်ငံများဖြစ်သည့် အမေရိကန်၊ နယ်သာလန်၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျာမနီ၊ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ ကော်ဖီတန်ချိန် ၄၅၀ မှ ၅၀၀ ကြားကို တင်ပို့ရောင်းချမည် ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် ကော်ဖီသုတေသနနှင့် နည်းပညာ ပြန့်ပွားရေးဗဟိုဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မီမီမြင့်က ပြောသည်။
အပြိုင်ဝယ်ယူနေ
‘‘လက်ရှိအချိန်မှာ ကော်ဖီက အရည်အသွေးကောင်းတော့ အပြိုင် ဝယ်ယူနေကြပါတယ်။ ပစ္စည်း ကောင်းတာလည်းပါတယ်။ ကော်ဖီ ကတော့ အစားစားပါ။ လက်ရွေး ယူသူနဲ့ လက်ရွေးမယူသူရှိကြပါ တယ်။ ဈေးနှုန်းအနေနဲ့ကတော့ မက်ထရစ်တန် တစ်တန်ကို သိန်း ၄၀ နဲ့ ၅၀ ကြားရှိနေတယ်။ ဒီဈေးနှုန်းက ပြည်တွင်းဈေးအနေ နဲ့ပါ။ ပြည်ပကတော့ သိန်း ၅၀ အထက် ဈေးရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတန်ချိန် ၄၅၀ နဲ့ ၅၀၀ ကြား တင်ပို့ပါတယ်။
ယခုနှစ်ထွက်ရှိတဲ့ ကော်ဖီ တွေကိုတော့ မပို့ရသေးပါဘူး။ ဒီနှစ်မှာလည်း ပြီးခဲ့တဲ့နှစ်က တန်ချိန်အတိုင်း တင်ပို့သွားဖို့စီစဉ် ဆောင်ရွက်နေပါတယ်။ ကော်ဖီ သီးနှံဟာ ဈေးကွက်ခိုင်မာမှုရှိတဲ့ အပြင် ပြည်ပကိုလည်း တင်ပို့နေ ရတဲ့အတွက် ခုဆိုကော်ဖီတွေကို ပြန်စိုက်လာကြပါတယ်’’ဟု ၎င်းက ရှင်းပြသည်။
အဆိုပါကော်ဖီများကို ပြည်ပ နိုင်ငံများသို့ Export အနေဖြင့် နှစ်စဉ်တင်ပို့ ရောင်းချလျက်ရှိ ကြောင်း၊ ယခုနှစ်ကော်ဖီရာသီချိန် ပြီးပါက ဝယ်လက်များမှ လာရောက် ကာ ကော်ဖီအရည်အသွေးကို စစ်ဆေးစမ်းသပ် မြည်းစမ်းပြီးမှ ဝယ်ယူကြမည်ဖြစ်ကြောင်း၊ လက်ရှိ ၌ ကော်ဖီအရည်အသွေးကောင်း သည့်အတွက် အပြိုင်ဝယ်ယူနေကြ ကြောင်း၊ တရုတ်နိုင်ငံနှင့် ဘရာဇီး နိုင်ငံတို့တွင် မုန်တိုင်းဖြစ်ပွားခဲ့ ခြင်းကြောင့် ကော်ဖီစိုက်ခင်းများပျက်စီးခဲ့မှုကြောင့် မြန်မာကော်ဖီ ဈေးနှုန်းမှာ သုံးနှစ်နီးပါးခန့် ကောင်းမွန်နိုင်မည်ဟု မျှော်မှန်း ထားသည်။
မောင်အေးချမ်း