
နေပြည်တော် စက်တင်ဘာ ၁၇
၂၀၂၁-ခုနှစ်၊ ကမ္ဘာ့ လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ (World Patient Safety Day 2021) အခမ်းအနားကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Confe-rencing စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ် များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ တက်ရောက်ကြသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက လူနာ ဘေးကင်းလုံခြုံရေးကို အလေးထားဦးစားပေး ဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ၂၀၁၉-ခုနှစ်မှ စတင်ကာ စက်တင်ဘာ ၁၇ ရက်ကို ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများ ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ဆေးကုသမှုများမှာ မူလကတည်းက ရှုပ်ထွေးသည့် သဘောတရားရှိပြီး အမှားအယွင်းများ ဖြစ်ပေါ်နိုင်သည့် အခြေအနေများ ဖြစ်သည့်အပြင် ယခုခေတ်ကာလတွင် ရောဂါများ ပိုပြီး ရှုပ်ထွေးလာခြင်းနှင့်အတူ ဆေးကုသမှုများ ကလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနေခြင်းကြောင့် အမှားအယွင်းနည်းအောင် ပိုမိုသတိပြုဆင်ခြင် ရမည်ဖြစ်ပါကြောင်း။
“လူနာ ဘေးကင်းလုံခြုံမှု” ဆိုသည်မှာ ကျန်းမာ ရေးစောင့်ရှောက်မှုပေးရာတွင် တားဆီးနိုင်သော မလိုလားအပ်သည့် ဘေးအန္တရာယ်များမဖြစ်ပွား စေရန်နှင့် လျော့နည်းနိုင်သမျှ လျော့နည်းစေရန် အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ကြရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ လူနာဘေးကင်းလုံခြုံမှု တွင် ဆေးဝါးဆိုင်ရာ ဘေးကင်းလုံခြုံမှု၊ စိတ်ချ ရသော သွေးသွင်းကုသမှု၊ စိတ်ချရသော ဆေးထိုး ကုသမှု ၊ ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သောရောဂါ များ တားဆီးကာကွယ်မှု၊ ဘေးကင်းစိတ်ချရသော ခွဲစိတ်ကုသမှု ၊ အန္တရာယ်ကင်းသော ဓာတ်ရောင်ခြည် ကုသမှုတို့သာမက Adverse Events များ ဖြစ်ပွား မှု၊ incidence နှင့် ၎င်း၏ အကျိုးသက်ရောက်မှု လျော့နည်းစေရန် စသည့်ဆောင်ရွက်ချက်များ ကျယ်ပြန့်စွာ ပါဝင်ပါကြောင်း။
ယခုနှစ် World Patient Safety Day Theme မှာ “Safe Maternal and Newborn Care” ဖြစ်ပါကြောင်း၊ မိခင်ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံကြီးများ တွင် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ၊ အထူးကုဆရာဝန်များ တာဝန်ချထားနိုင်ရေး ဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံတွင် ကျေးလက်နေ ပြည်သူ ပိုမိုများပြားခြင်းကြောင့် ကျေးလက်နေ ပြည်သူလူထုအနေဖြင့် အန္တရာယ်ကင်းစွာ မွေးဖွား နိုင်စေရေး သားဖွားဆရာမများကိုလည်း ခန့်ထား ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးတိုးတက်လာစေရေးအတွက် မိခင် ကလေးစောင့်ရှောက်မှုနှင့် သားပျက်သားလျှော ပြုစုစောင့်ရှောက်မှုဆိုင်ရာ အခြေခံသင်တန်းများ ဆောင်ရွက်ခြင်း၊ စံလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်း များ ပြုစုထုတ်ဝေခြင်း စသည်တို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ၂၀၂၁-ခုနှစ်အတွက် လူနာဘေးကင်း လုံခြုံမှုဆိုင်ရာချန်ပီယံ (Patient Safety Champion)များအဖြစ် ဆုချီးမြှင့်ရန် ရွေးချယ်ခဲ့သည့် လုပ်ငန်းစဉ် ကို ရှင်းလင်းတင်ပြပြီး လူနာ ဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ မှတ်တမ်းဗီဒီယိုပြသကာ ဆုရရှိ သည့် ဆေးရုံများကို Online စနစ်ဖြင့် ဆုချီးမြှင့်ခြင်း နှင့် ဆုရရှိသည့် ပြည်သူ့ဆေးရုံ သုံးရုံမှ အတွေ့အကြုံ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်