
နေပြည်တော် စက်တင်ဘာ ၁၇
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဌာနဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ခြင်းနှင့် လုပ်ငန်းစဉ်များ ချမှတ် ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးများနှင့် ခရိုင်ဦးစီးမှူးများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လှုပ်ရှားဆောင်ရွက်မှု (၁၀)မိနစ်စာ ဗီဒီယို ပြသသည်။
သမိုင်းဝင်မည့် အခါသမယဖြစ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အဖွင့် အမှာစကားပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီး ဌာန အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ၁၉၉၁ ခုနှစ် ဇန်နဝါရီလတွင် စတင် ဖွဲ့စည်းခဲ့ပြီး နှစ်(၃၀)ပြည့်မြောက်သည့် မင်္ဂလာ ရှိသည့်အချိန်တွင် ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ခွင့်ပြုခဲ့သဖြင့် သမိုင်းဝင်မည့် အခါသမယဖြစ်ပါကြောင်း၊ ဦးစီးဌာနရှိ ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်သည် ရာထူး အဆင့်ဆင့် တိုးတက်ရရှိကြမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်အကျိုး၊ ပြည်သူ များ၏အကျိုးကို ပိုမိုဖော်ဆောင်နိုင်ရန်နှင့် ဝန်ထမ်း များ၏ အနာဂတ်ပိုမိုတိုးတက်စေရန် ဦးစီးဌာန၏ ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ခြင်းကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပါကြောင်း။
ဌာနဝန်ထမ်းများအနေဖြင့် မြန်မာ့လူ့အဖွဲ့ အစည်းကို ဉာဏအခြေခံသည့် လူ့အဖွဲ့အစည်းများ ဖြစ်အောင် ကြိုးပမ်းတည်ဆောက်ပေးစေလိုပါ ကြောင်း၊ ပြည်သူများ အသိပညာမြင့်မားမှသာ အမှားအမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ် ခွဲခြား နိုင်မည်ဖြစ်သဖြင့် အသိပညာ၊ ဗဟုသုတ တိုးပွား စေရန် ဦးတည်ဆောင်ရွက်ကြစေလိုပါကြောင်း။
မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်း
ဒီမိုကရေစီစနစ်တည်ဆောက်ရာတွင် ပြည်သူ များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည့် အတွက် ပြည်သူများ အသိမှန်၊ အမြင်မှန်၊ အတွေးမှန် ရရှိစေရန် မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း။
မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းများကို တာဝန် ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကောင်းသော အမွေ ကောင်းများ ဖန်တီးပေးအပ်ချင်ပါကြောင်း၊ လုပ်နည်း လုပ်ဟန်အဟောင်းများ၊ ခေါက်ရိုးကျိုးနေသည့် လုပ်ငန်းပုံစံများအစား တီထွင်ကြံဆလုပ်ဆောင် ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် အလွှာအသီးသီး ၊ နယ်ပယ်အသီးသီးနှင့် ထိတွေ့ ဆက်ဆံဆောင်ရွက်ရသည့်အတွက် ၎င်းတို့၏ စိတ်ကျေနပ်မှုရစေမည့် ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ပြည်သူလူထု၏ အသိအမှတ်ပြုမှုရရှိအောင် ဆောင် ရွက်ပေးရမည် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ပေးခဲ့သည့်အတွက် နိုင်ငံတော်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ စေတနာကို လေးစားတန်ဖိုးထားသောအားဖြင့် ဝန်ထမ်းများက လုပ်ငန်းများ ပိုမိုတိုးတက်ဆောင် ရွက်ကြပါဟု တိုက်တွန်းလိုပါကြောင်း။
ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်- ၁၉ ရောဂါသည် ပျောက်ကွယ်သွားမည့် အနေအထား မဟုတ်သည့်အတွက် ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင် ရမည်ဖြစ်ပါကြောင်း၊ အသက်ရှင်ရပ်တည်နိုင်ရန် အသက်ဉာဏ်စောင့်ကာ အတတ်နိုင်ဆုံး ကိုဗစ် - ၁၉ ကာကွယ်ရေး စည်းကမ်းများအတိုင်း နေထိုင် လုပ်ကိုင်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဌာနဖွဲ့စည်းပုံပြောင်းလဲမှုနှင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ဌာနဖွဲ့စည်းပုံတိုးချဲ့ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ ဌာနနှင့် ဝန်ထမ်းများအတွက်လည်း ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ရာထူးအဆင့် တိုးတက်လာ သည်နှင့်အညီ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်း တိုးတက်အောင် ကြိုးစားကြရန်၊ ရိုးသား၍ တာဝန် ကျေပွန်သော ခေါင်းဆောင်ကောင်းများဖြစ်ရန်နှင့် မိမိလက်အောက်မှ ဝန်ထမ်းများကို မှန်မှန်ကန်ကန် ခေါင်းဆောင်ပြီး လုပ်ငန်းတိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
ယခုကဲ့သို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဖွဲ့စည်းပုံကို တိုးချဲ့ပြင်ဆင်နိုင်ခြင်း ကြောင့် သတင်းပြန်ကြားရေးကဏ္ဍ၊ ပြည်သူများ အသိပညာမြင့်မားရေး ၊ ပြည်သူ့ဆက်ဆံရေးကဏ္ဍများ နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ယခင်က ထက် ပိုမိုတိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်