
ရန်ကုန် ဒီဇင်ဘာ ၂၅
မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်အတိုင်း တင်ပို့နေပြီး ယခုဘဏ္ဍာနှစ် ရှစ်လကျော်၌ ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှု မှ ကန်ဒေါ်လာသန်း ၄၇၀ ကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများ ကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် ပြည်ပရေထွက်ကုန်တင်ပို့မှုသည် ပုံမှန်အတိုင်း တင်ပို့နေသော်လည်း ကိုဗစ်-၁၉ ကာလ မတိုင်မီအခြေအနေကို ပြန်လည်မရောက်ရှိ သေးသည့်အတွက် တင်ပို့မှုလျော့ကျနေဆဲ ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ် ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါ အဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မြဝတီ၊ မူဆယ်၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများမှလည်း ငါး၊ ပုစွန်၊ ကဏန်း စသည့်ရေထွက်ကုန် များကို ပုံမှန်တင်ပို့နေပြီး ပြည်ပသို့ငါးတင်ပို့မှု တွင် ငါးသလောက်၊ ကကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စသည့်အမျိုးအစား ၂၀ ကျော် တင်ပို့လျက်ရှိကြောင်း သိရသည်။
၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဒီဇင်ဘာ ၁၅ ရက်အထိ ရှစ်လကျော် အတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှကန်ဒေါ်လာ ၄၇၉ ဒသမ ၈၉၈ သန်း ရရှိထား ကြောင်း သိရကာ မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး အသားကဏ္ဍအနေဖြင့် လက်ရှိတွင် တိရစ္ဆာန် အရှင်များကိုသာ အိမ်နီးချင်းနိုင်ငံသို့ နယ်စပ်မှ တစ်ဆင့် အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။
ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ တင်ပို့မှုမှ ဝင်ငွေသည် အလားတူပြီးခဲ့သည့် နှစ်ကာလတူတွင် ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၅၁၇ ဒသမ ၂၇၈ သန်း တင်ပို့ထား ပြီး နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၃၇ သန်းကျော် လျော့ကျနေကြောင်း စာရင်းအချက်အလက် များအရ သိရသည်။
MT