
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မတ်လထိ (၆)လအတွင်း စီမံကိန်းပါ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၂၂
အမျိုးသားစီမံကိန်းကော်မရှင် အစည်း အဝေးအမှတ်စဉ် (၁/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ အမျိုးသား စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ အမျိုးသားစီမံကိန်း ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးချစ်နိုင်၊ ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဒေါက်တာ ဌေးအောင်၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်တို့ တက်ရောက်ကြပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားစီမံကိန်းကော်မရှင် အစည်း အဝေး အမှတ်စဉ် (၁/၂၀၂၁)တွင် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ အမျိုးသား စီမံကိန်းဥပဒေကို ပြဋ္ဌာန်းနိုင်ရေးအတွက် ဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ် များမှ ဝန်ကြီးချုပ်များနှင့် ဆွေးနွေးညှိနှိုင်း အတည်ပြုကြရမည်ဖြစ်ကြောင်း။
ယခင်က ဘဏ္ဍာရေးနှစ်ကို အောက်တို ဘာလမှ စက်တင်ဘာလထိ သတ်မှတ် ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ကို ဧပြီလမှ မတ်လအထိ ပြောင်းလဲသတ်မှတ် ဆောင်ရွက်မည် ဖြစ်သည့်အတွက် ၂၀၂၁ ခုနှစ် အောက်တို ဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ကြားကာလ (၆) လ အမျိုးသားစီမံကိန်း ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ရေးဆွဲဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း။
ကြိုးပမ်းဆောင်ရွက်လျက်ရှိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်၏ တာဝန် အရပ်ရပ်ကို စတင်တာဝန်ယူခဲ့ရခြင်း ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည် ချက် (၉)ရပ်တို့ကို မူဝါဒအဖြစ်ချမှတ်၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကြောင့် ကျဆင်းနေသည့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်ဦးမော့ ပြီး သွက်လက် မြန်ဆန်လာစေရေးအတွက် အတတ်နိုင်ဆုံး အထူးအလေးထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများစွာ ကျန်ရှိသေးသည်ကို ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ များသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) 2015-2030 ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် အတည်ပြုခဲ့ကြ ကြောင်း၊ SDGs ရည်မှန်းချက်များ ပြည့်မီ ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ ကိုလည်း ကဏ္ဍအလိုက်နှင့် ဒေသအလိုက် စီမံကိန်းများတွင် ချိတ်ဆက်၍ အကောင် အထည်ဖော်နိုင်ရေးကို ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် SDGs အကောင်အထည်ဖော် ဆောင်ရွက် မှုနှင့်ပတ်သက်သည့် အစီရင်ခံစာကို ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးဌာနသို့ အချိန်မီပေးပို့ခဲ့သည်ကို သိရကြောင်း၊ ထို့အပြင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ရမယ့် ကိစ္စရပ် များကိုလည်း ဆောင်ရွက်ခဲ့သကဲ့သို့ LDC နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် သတ်မှတ်ထားသည့် စံနှုန်းများ ဆက်လက် ပြည့်မီရေးကိုလည်း စီမံကိန်းများ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်သည်ဟု မှာကြားလိုကြောင်း။
မိမိတို့ အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူအားလုံး၏ စားဝတ်နေမှုဖူလုံရေး၊ ကျေးလက်ဒေသနှင့် မြို့ပြဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းရေးနှင့် ဆင်းရဲမှု လျှော့ချနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာကဏ္ဍအလိုက်၊ ဒေသအလိုက် တာဝန်ယူဆောင်ရွက် နေကြသည့် ပြည်ထောင်စုဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် အချိတ်အဆက် မိမိ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ မိမိတို့ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို ကြည့်မည်ဆိုပါက တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများ ရေးကို ရှေးရှုဆောင်ရွက်ထားသည်ကို လည်း တွေ့ရှိနိုင်မည်ဖြစ်ကြောင်း။
ဖြစ်ပေါ်ခဲ့
မိမိတို့နိုင်ငံ၏ စီးပွားရေးအခြေအနေ ကို ပြန်လည်သုံးသပ်ရမည်ဆိုပါက ၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ခရီးသွား လုပ်ငန်း အပါအဝင် ဝန်ဆောင်မှုလုပ်ငန်း များ၊ အသေးစား၊ အလတ်စားလုပ်ငန်းများ နှင့် အချို့သော ကုန်ထုတ်လုပ်မှုလုပ်ငန်း များရပ်ဆိုင်းခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းခြင်း ဖြစ်ပေါ်ခဲ့သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယ (၃) လပတ်မှစတင်ကာ နိုင်ငံ၏စီးပွားရေး ကျဆင်းမှု ဖြစ်ပေါ်လာခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ (၆) လပတ် အထိ စီးပွားရေးအခြေအနေ ဆက်လက် ကျဆင်းလျက်ရှိသည်ကို သုံးသပ် ပြောကြားလိုကြောင်း၊ ယခု (၆) လ အမျိုးသားစီမံကိန်းသည် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ပြီး ပြည်သူတို့၏ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုရန် ရည်ရွယ်ပါကြောင်း၊ ထို့ကြောင့် ယခု (၆)လ စီမံကိန်းကာလတွင် ကဏ္ဍ အလိုက်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် လျာထားခဲ့သည့် ရည်မှန်းချက် များ ပြည့်မီရေးကို အထူးကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပြီး ထိုသို့ ဆောင်ရွက်မှသာလျှင် ကာလတိုအတွင်း လျင်မြန်ထိရောက်သည့်ရလဒ် (Quick Win)ကို ရရှိမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုး ရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ကျေးလက်နေ ပြည်သူများသည် စိုက်ပျိုး မွေးမြူရေးကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်ကြသူများ ဖြစ်ကြ ကြောင်း၊ ၎င်းတို့ ဝင်ငွေရရှိရေးအတွက် အထောက်အကူဖြစ်စေရန် လိုအပ်သည့် သွင်းအားစုများ လုံလောက်စွာရရှိရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေများရရှိရေးတို့ကို အလေးထား ဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း၊ စိုက်ပျိုးမွေးမြူရေး ကို အခြေခံသည့် နိုင်ငံတစ်ခုသည် စိုက်ပျိုးရေ လုံလောက်မှု၊ ဓာတ်မြေဩဇာ နှင့် အထွက်ကောင်းသည့် မျိုးများရရှိနိုင်မှု၊ တိရစ္ဆာန်အစားအစာရရှိမှု၊ပိုးသတ်ဆေးများ၊ ကာကွယ်ကုသဆေးများ မဖြစ်မနေ လိုအပ်ချက်ရှိသည်ကို နားလည်ပြီး လိုအပ်ချက်များ ပြည့်စုံစေရေးအတွက် စီမံချက်ချ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထို့အပြင် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် ဈေးကွက်ဝင် သီးနှံများ
l စာမျက်နှာ ၄ မှ
စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ခေတ်မီ ကောင်းမွန်သည့် စိုက်ပျိုးရေး နည်းစနစ် များနှင့် နည်းပညာများ၊ စက်ယန္တရားများ၊ သီးနှံပိုးမွှားအန္တရာယ် ကာကွယ်ရေး အစီအစဉ်များ၊ အဆင့်မြင့်လယ်ယာ အကောင်အထည်ဖော် နိုင်ရန်အတွက် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်နိုင်ရေးအတွက်လည်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် အင်ဂျင်နီယာပညာရှင် များ၊ ကျွမ်းကျင်သူများကိုလည်း အဆက် မပြတ် မွေးထုတ် ပေးနိုင်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း စားနပ်ရိက္ခာ ဘေးကင်းမှုအတွက် ပိုးသတ်ဆေး အလွန် အကျွံသုံးစွဲမှုမရှိစေရေးနှင့် အော်ဂဲနစ် စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းစေရေးကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် လိုပါကြောင်း။
ဝင်ငွေတိုးတက်ရရှိနိုင်မည်
မွေးမြူရေးကဏ္ဍတွင်လည်း မွေးမြူ ရေးဇုန်များ ဖော်ထုတ်ပေးခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်များအတွင်း ငါးသားပေါက်များ စိုက်ထည့်ခြင်း၊ တစ်နိုင် တစ်ပိုင် မွေးမြူရေးလုပ်ငန်းများအတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ ခေတ်နှင့်လျော်ညီသည့် မွေးမြူရေးစနစ် များဖြစ်စေရေး ကူညီပေးခြင်းနှင့် တိရစ္ဆာန် ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းစသည်ဖြင့် မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ပြီး ပြည်ပကို ပိုမိုတင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော်ဝင်ငွေ တိုးတက်ရရှိနိုင်မည် ဖြစ်ပါကြောင်း။
စီးပွားရေးတိုးတက်အောင် ဆောင်ရွက် ရာတွင် ဆောင်ရွက်နိုင်သည့်အခြေအနေ တူညီနိုင်မည်မဟုတ်ကြောင်း၊ အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အားသာချက် များရှိနိုင်ပြီး အချို့သည် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် အားသာချက် ရှိနိုင်ပါကြောင်း၊ မိမိတို့ရရှိဆောင်ရွက် နိုင်သည့် အားသာချက် အခြေအနေများ အပေါ် အခွင့်အလမ်းအဖြစ် အသုံးချပြီး မိမိတို့ဒေသ၏ စီးပွားရေးကို တိုးတက် လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း။
ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး
ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် မိမိတို့ဒေသအလိုက် အားသာချက်ရှိသည့် ထုတ်ကုန်များကို ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product-OVOP) ထုတ်လုပ်နိုင်ရန် ကြိုးစားကြရန်လိုအပ်ပြီး မိမိတို့ဒေသရှိ အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် တစ်နိုင်တစ်ပိုင် မိသားစုလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးအောင် အားပေးမြှင့်တင်ခြင်း ဖြင့် ဝင်ငွေများ တိုးတက်ရရှိစေမည် ဖြစ်ပါကြောင်း။
ပြည်ပတွင် သွားရောက်လုပ်ကိုင်ရာမှ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မိမိတို့ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင် ပေးပြီး ဝင်ငွေရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက် ပေးခြင်းကြောင့် တိုင်းပြည်၏ လုပ်သား အရင်းအမြစ်များ ပြည်ပသို့ရောက်ရှိခြင်း လျော့နည်းသွားမည် ဖြစ်သကဲ့သို့ ပြည်တွင်းရှိ လုပ်ငန်းများကိုလည်း အထောက်အကူ ရရှိစေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် စက်ရုံများ စွမ်းအားပြည့် လည်ပတ်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း။
ပြည်ပမှ သွင်းကုန်များ တင်သွင်း ရခြင်းကြောင့် နိုင်ငံခြားငွေများကို အမြောက်အမြား သုံးစွဲနေရသဖြင့် ပြည်ပ သွင်းကုန် အစားထိုးနိုင်ရေးအတွက် ပြည်တွင်းထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ၂၀၁၀ -၂၀၁၁ ခုနှစ်တွင် ဝါစိုက်ပျိုးမှု ဧက ရှစ်သိန်းကျော်အထိရှိခဲ့ကြောင်း၊ ဝါအထွက် နှုန်းမကောင်းခြင်းသည် စီးပွားရေးအရ တွက်ခြေမကိုက်မှုကို ဖြစ်ပေါ်စေပြီး ဝါစိုက်ပျိုးမှုမှတစ်ဆင့် ပြည်တွင်းချည်ထည် ထုတ်လုပ်မှု supply chain ကို လျော့သွား ကြောင်း၊ မြေယာမူဝါဒနှင့်အညီ ဝါစိုက် ဧက ရှစ်သိန်းပြည့်မီအောင် စိုက်ပျိုးပြီး ဝါအထွက်နှုန်း တစ်ဧကလျှင် ပိဿာ ၈၀၀ မှ ပိဿာ ၁၀၀၀ အထိရရှိအောင် ကြိုးစား ဆောင်ရွက်နိုင်မည်ဆိုပါက ဝါကိုအခြေခံ သည့် ပြည်တွင်းချည်ထည်စက်မှုလုပ်ငန်း များစွာကို ဖွံ့ဖြိုးစေမည်ဖြစ်ပြီး ဝါနှင့် ဝါထွက်ပို့ကုန်များကလည်း ဝင်ငွေများစွာ ရရှိစေမည်ဖြစ်ကြောင်း၊ အလားတူ စားသုံးဆီနှင့် လောင်စာဆီ မလုံလောက်မှု များကြောင့် တန်ချိန်များစွာကို ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲတင်သွင်းနေရ သကဲ့သို့ စိုက်ပျိုးရေးအတွက် လိုအပ်သည့် ဓာတ်မြေဩဇာ လိုအပ်ချက်များကိုလည်း ပြည်ပမှ တင်သွင်းနေရပါကြောင်း၊ မိမိ တို့တွင် ရေ၊ မြေသဘာဝ အရင်းအမြစ် ကောင်း များစွာရှိပြီး သဘာဝဓာတ်ငွေ့ ထိုက်သင့်သလောက် ထွက်ရှိကြောင်း၊ ထို့ကြောင့် ဆီအုန်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုပ်၊ ပြောင်း၊ မြေပဲ၊ နှမ်း စသည့် ထုတ်ကုန်များမှ ပြည်တွင်းဆီဖူလုံရေး အပြည့်အဝ ဆောင်ရွက်နိုင်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့ကို များစွာကျခံသုံးစွဲ နေရပြီး ဒီဇယ်ဆီများကို ပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းများတွင် များစွာသုံးစွဲနေရ ပါကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်သည့် ရေအားနှင့် ဆိုလာလျှပ်စစ်မီး လုပ်ငန်းများမှ အဓိကထား ဆောင်ရွက် ခြင်းဖြင့် သဘာဝဓာတ်ငွေ့ကို ဓာတ်မြေ ဩဇာထုတ်လုပ်ရေးနှင့် စက်မှုလုပ်ငန်း များတွင် ပိုမိုအသုံးချနိုင်ပါကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များမှ တိရစ္ဆာန် အစာများ ပြည်တွင်းတွင် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှ သွင်းကုန် များကို လျှော့ချနိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်း၊ ချက်ပြုတ်ရေးတွင် သုံးစွဲ နေသည့် ထင်း၊ မီးသွေး သုံးစွဲမှုကို လျှော့ချ ရမည်ဖြစ်ပြီး လျှပ်စစ်မော်တော်ကား ထုတ်လုပ်သုံးစွဲခြင်း၊ လျှပ်စစ်ရထားလမ်း များ တိုးချဲ့ခြင်းများဖြင့် လောင်စာ ကုန်ကျမှုကို လျှော့ချရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ကျစေပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အထောက်အကူပြုရမည် ဖြစ်ပြီး ထိုသို့လုပ်ငန်းများလုပ်ဆောင်ရေး အတွက် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူ များကိုလည်း ဖိတ်ခေါ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ပြည်ပပို့ကုန်များ တိုးတက်တင်ပို့နိုင်ရေးအတွက် တန်ဖိုးမြှင့် ထုတ်ကုန်များ (Value Added Products) ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် သွားခြင်းဖြင့် ကုန်သွယ်မှုလိုငွေ (Trade Deficit) ကို လျှော့ချနိုင်မည်ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုး မွေးမြူရေးကို အဓိကလုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် ၎င်းအရင်းအမြစ်များ အပေါ်တွင် အခြေခံသည့် စက်မှုလုပ်ငန်း များ မလွဲမသွေလုပ်ဆောင်ရန် လိုအပ်မည် ဖြစ်ပြီး အထက်ပါလုပ်ငန်းနှစ်ခုကို အဓိက မြှင့်တင်ပေးမည်ဆိုပါက တိုင်းပြည်၏ စီးပွားရေး မလွဲမသွေ ဦးမော့လာမည် ဖြစ်ကြောင်း။
b စာမျက်နှာ ၅ မှ
လာမည့်(၆)လတာ စီမံကိန်းကာလ သည် ပွင့်လင်းရာသီဖြစ်သည့်အတွက် စက်မှုကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ လျှပ်စစ် ဓာတ်အားကဏ္ဍများအနေဖြင့် စီမံကိန်း ရည်မှန်းချက်ပါ တည်ဆောက်ဆဲလုပ်ငန်း များ ပြီးပြတ်စေရေးနှင့် လုပ်ငန်းစီမံကိန်း သစ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများကို နိုင်ငံတော်ဘဏ္ဍာ ငွေဖြင့်သာမက ချေးငွေများဖြင့်ပါ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အလေအလွင့်မရှိဘဲ ထိရောက်စွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် ပြောကြား လိုပါကြောင်း၊ ယခု (၆)လ စီမံကိန်းကာလ တွင် တည်ဆောက်ရေးနှင့် ပစ္စည်းဝယ်ယူ ရေးလုပ်ငန်းများကို မဖြစ်မနေ လိုအပ်မှ သာလျှင် ဆောင်ရွက်ကြပြီး ဘဏ္ဍာငွေ ခြိုးခြံချွေတာရေးကို အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု (Public-Private-Partnership) လုပ်ငန်းအစီအစဉ်များကို ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက် မည်ဆိုပါက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှု ကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း။
စွမ်းအင်ဆိုလာ သုံးစွဲနိုင်ရေး
ကျေးလက်နှင့် မြို့ပြကွာခြားမှု လျှော့ချရေးအတွက် ကျေးလက်စီးပွားရေး မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ မြင့်မား တိုးတက်ရေးအတွက် ကျေးရွာများ မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ ကျေးရွာ ကုန်ထုတ်လမ်းများ ဖောက်လုပ်ရေး တို့သည် အရေးကြီးပြီး မီးရရှိရေးအတွက် နေရောင်ခြည်သုံးစွမ်းအင် ဆိုလာသုံးစွဲ နိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားစေလို ကြောင်း၊ ကျေးလက်စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ပြည်သူများ တိုက်ရိုက်ပါဝင်သည့် သမဝါယမစနစ်နှင့် ထိရောက်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
လူမှုရေးကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ တွင်လည်း အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍမှာ ဘာသာရပ်ဆိုင်ရာ အသိပညာရှင်များ၊ အတတ်ပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် ဆရာ ဆရာမ များ အရည်အသွေးပြည့်ဝစေရေးနှင့် အရည်အသွေး ပြည့်ဝသည့် ပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်း ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အတွက် ကာကွယ်ကုသရေးနှင့် ဆေးဝါး ထုတ်လုပ်နိုင်ရေးအတွက် သုတေသန လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန နှင့် ဆက်စပ်နှီးနွှယ်ရာဌာနများ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကျန်းမာသန်စွမ်းမှ အလုပ်လုပ်နိုင်မည် ဖြစ်သည့်အတွက် ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ရေးအတွက် မြန်မာ့အားကစား အပါအဝင် အားကစားကို စိတ်ဝင်စားသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်ရေး ကို အားပေးမြှင့်တင်ပေးကြရန် မှာကြား လိုပါကြောင်း။
မြန်မာနိုင်ငံသည် အခြားနိုင်ငံများ နည်းတူ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများ ဖြစ်သည့် ရေကြီးရေလျှံမှု၊ မိုးခေါင်မှု ဒဏ်ကို ခံစားရသောကြောင့် ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်း၊ အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို အစီအမံချမှတ်ဆောင်ရွက်ရန် လိုပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရန်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဥပမာအားဖြင့်- ကြိုးဝိုင်းသစ်တောများ၊ သဘာဝသစ်တော များ ထိန်းသိမ်းခြင်းကို အလေးပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ တက်ညီလက်ညီနှင့် ကြိုးစားအားထုတ်လုပ်ဆောင်မည်ဆိုပါက အာဆီယံတွင် အလယ်အလတ်အဆင့်ရှိ နိုင်ငံအဖြစ် ငါးနှစ် အတွင်း ရောက်နိုင်မည်ဖြစ်ပြီး ၁၀ နှစ် အတွင်းတွင် အာဆီယံထိပ်တန်းနိုင်ငံ အဖြစ် ရောက်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း၊ တိုင်းပြည်၏အား သည် ပြည်တွင်းမှာသာရှိပြီး လူသား အရင်းအမြစ်များ၊ စုစည်းညီညွတ်သည့် စိတ်ဓာတ်များ၊ မြေပေါ်၊ မြေအောက် သယံဇာတများကို ပေါင်းစည်းအသုံးပြု နိုင်မည်ဆိုပါက မဖြစ်နိုင်စရာအကြောင်း မရှိကြောင်း။
အထူးဂရုပြုဆောင်ရွက်
ယခု (၆) လ စီမံကိန်းကာလတွင် ကဏ္ဍအလိုက်နှင့် ဒေသအလိုက် ချမှတ် ထားသည့် စီမံကိန်း၏ မူလရည်မှန်းချက် များကို အနီးစပ်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက် စီးဝင်စေရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပို့ကုန် တိုးတက်တင်ပို့နိုင်ရေးနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရေးတို့ကိုလည်း အထူး ဂရုပြု၍ ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ ရည်မှန်းချက်နှင့် အကောင် အထည်ဖော်ဆောင်ရွက်မှုများ ကွာဟချက် ကြီးမားမှု မရှိစေရေးအတွက် အားလုံးက အလေးထား ဆောင်ရွက်ကြရန်လိုပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့် အညီ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တို ဘာလမှ မတ်လထိ (၆) လအတွင်း စီမံကိန်းပါ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြား လိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားစီမံကိန်း ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က စီမံကိန်းကာလသည် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်မှုများရှိခဲ့သည့် ကာလဖြစ်သည့်အတွက် ဝန်ကြီးဌာန အလိုက်၊ ဒေသအလိုက် အကောင်အထည် ဖော်ရန် ရေးဆွဲထားသည့် စီမံကိန်းလုပ်ငန်း များ အောင်မြင်မှုရရှိရန် ဆောင်ရွက်မည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ချက်တို့နှင့်အညီ စီမံကိန်းလုပ်ငန်းများနှင့် ရည်မှန်းချက်များ ရေးဆွဲဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စီမံကိန်းကာလ (၆)လ အတွင်း နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုရရှိရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်း ရေးဆွဲထားရှိမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည့် အခြေအနေများ၊ နိုင်ငံတော်ဘဏ္ဍာငွေ၊ ချေးငွေ၊ ထောက်ပံ့ငွေဖြင့် ဆောင်ရွက် ရသည့်အတွက် အလေအလွင့်မရှိစေရေး ဆောင်ရွက်ရမည့် အခြေအနေများ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုကို မှတ်တမ်းထားရှိရေးနှင့် လုပ်ငန်းပြီးစီးပါက အကျိုးပြုမှု လေ့လာမှတ်တမ်းထားရှိရေး၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တွေ့ကြုံရသည့် အခက်အခဲများကို ဖော်ထုတ်သင်ခန်းစာရယူရေး၊ စီမံကိန်း များ၊ ရည်မှန်းချက်များ အောင်မြင်ရေး အတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အမျိုးသားစီမံကိန်း ကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လ အမျိုးသားစီမံကိန်း (အဆိုပြုမူကြမ်း) ရေးဆွဲဆောင်ရွက်ထားရှိ မှုနှင့် နိုင်ငံတော်၏ ပြည်ပချေးငွေဆိုင်ရာ သုံးသပ်ချက်နှင့် အခွန်ကောက်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့က သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များအနေဖြင့် ကဏ္ဍအလိုက် စီမံကိန်းများ ရေးဆွဲဆောင်ရွက်ထားရှိမှုနှင့် အကောင် အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ သဘာပတ်ဝန်းကျင်၊ သယံဇာတများ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ မသမာမှု များကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းသုံး သစ်ထုတ်လုပ်မှုအတွက် သတ်မှတ်ချက် နှင့် ကိုက်ညီသည့် သက်တမ်းရှိသစ်များကို စည်းမျဉ်းစည်းကမ်းများနှင့် ထုတ်လုပ်ရန် လိုကြောင်း၊ သစ်ခိုးမှုနှင့် တရားမဝင် သစ်စက်များ ပပျောက်စေရေးကို သက်ဆိုင် ရာ ဝန်ကြီးဌာနများက အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။
အခွန်ကိစ္စနှင့်စပ်လျဉ်း၍ အစိုးရ တစ်ရပ်သည် အခွန်ပေါ်တွင် ရပ်တည် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် အခွန်တိုးမြှင့် ကောက်ခံခြင်းထက် အခွန်ထမ်းပြည်သူများ တိုးတက်လာရေး အတွက် ကြိုးစားဆောင်ရွက်သွားရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလ ဖြစ်သည့်အတွက် အခွန်ငွေရရှိမှု လျော့နည်းပြီး အခွန်လျှော့ချပေးရမှုများလည်းရှိကြောင်း၊ အခွန်ကောက်ခံမှု မရရှိစေရန်နှင့် အခွန်ပေးဆောင်မှု မပြုလုပ် စေရန် CDM ပြုလုပ်သည့် ဝန်ထမ်းများက နိုင်ငံရေးအရ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ယင်းကို ဖော်ထုတ်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းသည် ပါတီ နိုင်ငံရေးကင်းရှင်းရန်လိုပြီး အစိုးရ၏ လုပ်ငန်းများ အောင်မြင်အောင် ထမ်းဆောင်ရန်လိုကြောင်း၊ ထို့ပြင် စာရင်း ဇယားများ လိမ်လည်ပြီး အခွန်ပေးဆောင် ရန် ရှောင်ရှားမှုများ ပြုလုပ်သည်ကိုလည်း တွေ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် အခွန် ပေးဆောင်မှုမရှိသူများ များပြားလျက် ရှိကြောင်း၊ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်း၍ နည်းပညာတိုးတက်အောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အခွန် အပြည့်အဝရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန်လိုကြောင်း။
ချေးငွေနှင့်စပ်လျဉ်း၍ နိုင်ငံတော်တွင် ဝင်ငွေမရရှိဘဲ ဆောင်ရွက်ရသည့် လုပ်ငန်း များကြောင့် ချေးငွေများပြားလာကြောင်း၊ စီးပွားရေးလုပ်ငန်းများ မအောင်မြင် ရခြင်း၏ နောက်ဆက်တွဲသည် ကြွေးမြီ များပြားလာခြင်းဖြစ်ကြောင်း၊ အချို့နိုင်ငံ များတွင်လည်း ကြွေးမြီများရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပကြွေးမြီရယူမှု ကို လျှော့ချ နိုင်စေရန် ပြည်တွင်းထုတ်ကုန် တိုးတက်အောင်ဆောင်ရွက်ပြီး တိုင်းပြည် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ချေးငွေ ဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများကို စီးပွားရေးအရ တွက်ခြေကိုက်စေရန်၊ အကျိုးရှိရှိ အသုံးချသွားရန်လိုကြောင်း။
ပြည်ပချေးငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ရပ်ဆိုင်းထားသည့်အတွက် တိုင်းပြည်အတွက် များစွာနစ်နာမှုများ ရှိကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ဆက်လက်လည်ပတ်နိုင်စေရန် ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနများ အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံ များကို ကုန်ထုတ်စွမ်းအား မြင့်မားလာ စေရန်အတွက် နည်းပညာမြှင့်တင် ပေးသွားရမည်ဖြစ်ကြောင်း၊ ချေးငွေဖြင့် ဆောင်ရွက်ရသည့် တိုင်းပြည်၏ အခြေခံ ကုန်ထုတ်လုပ်မှု မြှင့်တင်သည့်လုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်သွားရန် လိုကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာတာဝန် ရှိသူများအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် စနစ်တကျ စိစစ်ဆောင်ရွက်သွားရန် လိုကြောင်း။
လျှော့ချသွားရမည်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် မြေပေါ်မြေအောက်သယံဇာတ ထုတ်ကုန်အပေါ် မှီခိုသည့် စီးပွားရေး လုပ်ငန်းများကို လျှော့ချသွားရမည် ဖြစ်ကြောင်း၊ အဓိကအနေဖြင့် သစ်ထုတ် လုပ်မှုနှင့် ကျောက်မျက်ရတနာ ထုတ်လုပ် မှုကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများအတွက် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကို ထုတ်လုပ်သင့်သည့် ပမာဏ ကိုသာ ထုတ်လုပ်သွားရန်လိုကြောင်း၊ စွမ်းအင်ရရှိရေးအတွက် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကိုသာ အဓိကထား ထုတ်လုပ်သွားရမည် ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာ ဝပြောရေးအတွက် ဆောင်ရွက်ရာတွင် ရှိရင်းစွဲ အခြေခံများကို အသုံးချဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ စီမံကိန်းများ ရေးဆွဲရာတွင် ဖြစ်နိုင်သည့် အခြေအနေ များ အပေါ်မူတည်၍ မျှော်မှန်းချက်များကို ရည်ရွယ်ရေးဆွဲခြင်းဖြစ်ကြောင်း၊ ထိုသို့ ရေးဆွဲရာတွင် နိုင်ငံနှင့်လူမျိုးတို့၏ National Characterisitcs နှင့် ပကတိ အခြေအနေများ ကိုက်ညီရန် လိုအပ် ကြောင်း၊ အကောင်အထည်ဖော်ရာတွင် လည်း သတ်မှတ်သည့် ပန်းတိုင်ရောက်ရှိ အောင် ရှိရင်းစွဲအရင်းအမြစ်များကို အပြည့်အဝ အသုံးချ၍ ပြည်သူကိုနေရာ ပေးကာ ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း ပြန်လည်ဆွေးနွေး ပြောကြား သည်။
အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုရေးဆွဲထားသည့် (၆)လ အမျိုးသားစီမံကိန်းသည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို အခြေခံပြီး ချိတ်ဆက်
ရေးဆွဲထားသည်ကို တွေ့ရကြောင်း၊ နောင်လာမည့် ဘဏ္ဍာနှစ်သစ်ကာလ မတိုင်မီ ပေါင်းကူးသဖွယ် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် လုပ်ငန်းစီမံကိန်း များ လျာထားကြောင်းကိုလည်း တွေ့ရ ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ယိုင်နဲ့
နေသည့် စီးပွားရေးကို လက်တွေ့ကျကျ ပြန်လည်ဦးမော့လာစေရန် လမ်းကြောင်း မှန်ပေါ်တင်ပေးသည့် စီမံကိန်းများ ဖြစ်ကြောင်း၊ ရေးဆွဲပြီးဖြစ်သည့် စီမံကိန်း များကိုလည်း အတည်ပြုပြဋ္ဌာန်းပြီး သည်နှင့် ပြည့်မီအောင် အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် အမျိုးသား စီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများ အကောင်အထည်ဖော်စဉ် ဝန်ကြီးဌာနများ နှင့် ဒေသန္တရအစိုးရအဖွဲ့များက အချိတ် အဆက်မိမိ ဟန်ချက်ညီညီ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းဆောင်ရွက် နိုင်မှုကို ထိခိုက်ပြီး အချိန်ကြန့်ကြာစေ နိုင်သည့် မြေပြင်အခြေအနေနှင့် အကြောင်း ရင်းများ တွေ့ကြုံလာပါကလည်း အချိန်မီ ပြင်ဆင်ဆောင်ရွက်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
ထိရောက်အကျိုးရှိစွာသုံးစွဲ
စီမံကိန်း အကောင်အထည်ဖော်ရာ တွင် ငွေကြေးသုံးစွဲမှုများကို နိုင်ငံတော်၏ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စနစ်တကျသုံးစွဲရန်၊ လုပ်ဆောင်မှု တိုင်းကို စနစ်တကျမှတ်တမ်းထားရှိရန် လိုအပ်သကဲ့သို့ စာရင်းစစ်ဆေးခံနိုင်ရေး အတွက်လည်း ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ထို့ပြင် သွင်းအားစု များကိုလည်း အလေအလွင့် နည်းပါး စွာဖြင့် ထိရောက်အကျိုးရှိစွာ သုံးစွဲ သွားရမည်ဖြစ်ကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့် သုံးသပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
တက်ညီလက်ညီ ဆောင်ရွက်
စီမံကိန်းတွင် လျာထားသည့်အတိုင်း ကဏ္ဍနှင့်ဒေသအလိုက် လျာထားချက် များနှင့် ပို့ကုန်လျာထားချက်ပြည့်မီရေး၊ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်စေရေးအတွက် အစွမ်းကုန် တက်ညီလက်ညီ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့် အလမ်းသစ်များ ဖန်တီးနိုင်မည့် လုပ်ငန်း များကိုလည်း အားပေးမြှင့်တင်သွားရန် လိုကြောင်း၊ အဓိကအနေဖြင့် စိစိစစ်စစ် ခြိုးခြံချွေတာသုံးစွဲသွားရန် လိုအပ်မည် ဖြစ်ပြီး ရငွေနှင့် အသုံးစရိတ်ကို စိစိစစ်စစ် သုံးစွဲပါက စီမံကိန်းလုပ်ငန်းများ အောင် မြင်ရန် အခွင့်အလမ်းရရှိမည် ဖြစ်ကြောင်း။
ပြည်သူများ၏ အခြေခံလိုအပ်ချက် များကို ဖြည့်တင်းပေးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင် သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့် အကြောင်းအမျိုးမျိုးကြောင့် ကျဆင်း နေသည့် စီးပွားရေး၊ လူမှုရေး အခြေ အနေများ ပြန်လည် နာလန်ထူနိုင်ရေး အတွက် ဝိုင်းဝန်းသုံးသပ်ပြီး အားသွန် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် တွင် နိုင်ငံတော်က ပံ့ပိုးရမည့်ကိစ္စရပ်များ လိုအပ်ချက်များရှိပါက အချိန်နှင့် တစ်ပြေးညီတင်ပြကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
သတင်းစဉ်