
မန္တလေး အောက်တိုဘာ ၁၆
မြန်မာပြည်၏ အချက်အချာကျပြီး ပြည်တွင်းထွက်ရတနာများ ရောင်းဝယ် ဖောက်ကားရာ နေရာဖြစ်သည့် မန္တလေး မြို့ ၈၇ လမ်းနှင့် ၈၈ လမ်းကြား၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားရှိ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းကို အောက်တိုဘာ ၁၂ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ထားရာ အရောင်း အဝယ်များ ပြုလုပ်နေကြပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
“ယာယီပိတ်ခဲ့တဲ့ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းထဲက ဆိုင်တွေ၊ ဆိုင်ခန်းတွေမှာ ကျောက်ကိုပြပြီး ဝီချက်နဲ့ရောင်းတာ တွေ၊ ကျောက်သွေးခုံဆိုင်ခန်းတွေ၊ စခန်းအပြင်ဘက်မှာ ခင်းကျင်းရောင်းချ တဲ့ ပျံကျဆိုင်တွေ စတဲ့ဆိုင်ခန်းအားလုံး တစ်ပြိုင်တည်းဖွင့်တာပါ။ ကျောက် ရောင်းဝယ်လုပ်ကိုင်နေသူ တချို့က အနီးဝန်းကျင်လမ်းပေါ်မှာ အစုအဖွဲ့နဲ့ ရောင်းဝယ်နေကြတာ။ ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နဲ့အညီ ကျောက်မျက်ရတနာရောင်းဝယ်ရေး စခန်းကို ပြန်ဖွင့်လိုက်တော့ ရောင်းဝယ် သူတွေအတွက် အဆင်ပြေသွားတယ်။လုံခြုံရေးကင်မရာတွေလည်း ရှိပြီးသား၊ အတွင်းထဲဝင်ရင် Mask တပ်ပြီးမှ ဝင်ရ မယ်၊ အဝင်ဝမှာ လက်ဆေးဖို့ ဘေစင် တွေလည်း လုပ်ပေးထားတယ်၊ မိမိကစ ကာကွယ်တဲ့အနေနဲ့ တတ်နိုင်သမျှ ခပ်ခွာခွာနေပြီး အရောင်းအဝယ်လုပ် ကြဖို့၊ အထဲဝင်သည်ဖြစ်စေ မဝင်သည် ဖြစ်စေ ကိုဗစ်နဲ့ပတ်သက်ပြီး သိရှိအောင် အသံချဲ့စက်နဲ့ အသိပေးနှိုးဆော်တာကို မကြာခဏ ဆောင်ရွက်ပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အခွန်ဌာနခွဲမှူး ဦးအေးလွင် က ပြောသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှု များ နေချိန်က ရောဂါထိန်းချုပ်၊ ကာကွယ် နိုင်ရန်အတွက် ယခုနှစ် ဇူလိုင် ၁၆ ရက်မှ စ၍ ယာယီပိတ်ထားခဲ့ရပြီး ယခုအခါ မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်သေဆုံးမှု သိသာစွာကျဆင်းလာ သည့်အတွက် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်သည်။
“အရင်တုန်းက နေ့စဉ်လာရောက် ရောင်းဝယ်တဲ့လူဦးရေ အဝင်အထွက် ငါးသောင်းလောက်ရှိတယ်။ ပြည်တွင်း သာမက နိုင်ငံခြားသားတွေလည်း လာဝယ်ကြတယ်။ အခုအနေအထားမှာ တော့ ပြည်တွင်းအရောင်းအဝယ်လုပ် တဲ့သူ ထောင်ဂဏန်းလောက်ရှိတယ်။ ဝီချက်နဲ့ ရောင်းကြတာဆိုတော့ နည်း သေးတယ်။ အများဆုံး မန္တလေးမြို့ပေါ်က လာကြသလို အနီးဝန်းကျင်ဒေသတွေ ကလည်း လာပြီး အရောင်းအဝယ်လုပ်ကြ တယ်။ မနက် ၆ နာရီကနေ မွန်းလွဲ ၂ နာရီအထိ ဖွင့်ထားတယ်။ ပျံကျအခင်း ဝိုင်းတွေမှာဆိုရင် မနက် ၆ နာရီလောက် က လာရောင်းရင် ၁၀ နာရီလောက်ဆိုရင် လူပါးသွားပြီ။ ရောင်းတဲ့သူ သုံးပုံတစ်ပုံ လောက်ရှိတယ်။ ကိုဗစ်စည်းကမ်းချက်နဲ့ အညီ ကျောက်မျက်ရတနာ ရောင်းဝယ် ရေးစခန်း ပြန်ဖွင့်ထားပြီဆိုတော့ လာပြီး ရောင်းဝယ်နိုင်ကြောင်း ပြောကြားလိုပါ တယ်”ဟု ဆက်လက်ပြောသည်။
အဆိုပါ ကျောက်မျက်ရတနာရောင်း ဝယ်ရေးစခန်းကို ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး မဖွင့်လှစ်မီက လမ်းဘေးကျောက်ဝိုင်း များအဖြစ် ၃၄ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် လက်ကောက်ဝိုင်းနှင့် အပွင့်ဝိုင်း၊ ၈၆ လမ်း၊ ၃၈ လမ်းနှင့် ၄၈ လမ်းကြားတွင် ပါကေးခေါ် အချပ်ဝိုင်းနှင့် ဂွင်းဝိုင်း၊ ၄၂ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားတွင် မီးထိုးဝိုင်း၊ ၃၉ လမ်း၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြားတွင် ပျံကျဝိုင်း များဖြင့် တစ်နိုင်တစ်ပိုင် ရောင်းဝယ်မှု များဖြင့် ပြန့်ကျဲစွာရှိခဲ့ရာ လမ်းများ ပိတ်ဆို့ခြင်း၊ ယာဉ်များ သွားလာရန် ခက်ခဲခြင်းများကြောင့် တစ်နေရာတည်း တွင် စနစ်တကျ စုစည်းရောင်းဝယ် ဖောက်ကားနိုင်ရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
မဟာအောင်မြေ ကျောက်မျက် ရတနာရောင်းဝယ်ရေး စခန်းတွင် လက်ကောက်ဝိုင်း၊ အပွင့်ဝိုင်း၊ ဖြတ်သား နှင့် လွှာချပ်ဝိုင်း၊ စပ်ပုံဝိုင်း၊ ကျောက်စိမ်း ပန်းပုနှင့် ရတနာအချောထည်များ၊ ကျောက်သွေး ကျောက်ဖြတ်အလုပ်ရုံ များ ပါဝင်သည့် ဆိုင်ခန်း ၁၁၁၇ ခန်းရှိ ကြောင်း၊ ကျောက်မျက်ရတနာစခန်း အပြင်ဘက်တွင် အမိုးပါ Steel Structure တစ်ထပ်အဆောင် ပျံကျခင်း ဝိုင်းများဖြစ်သည့် လေးပေပတ်လည် အကျယ် ၆၁၆ နေရာကို ၂၀၁၈ ခုနှစ်က တည်ဆောက်ပေးခဲ့ကြောင်း၊ ပြည်တွင်း မှ ရတနာကုန်သည်များ၊ လုပ်ငန်းရှင် များ၊ ပွဲစားများအပြင် နိုင်ငံခြားသားများ ပါ နေ့စဉ် ဝင်ထွက်လေ့လာ ရောင်းဝယ် လျက်ရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာကျသော ကျောက်မျက် ရောင်းဝယ်ဖောက်ကားသည့် နေရာ လည်းဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)