
တာမွေ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့တွင်း ခရီးစဉ်ပြေးဆွဲ ပေးလျက်ရှိသော YBS ခရီးသည် တင် ယာဉ်လိုင်းများအနက် ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲ ပေးသည့် ကုမ္ပဏီမတူသည့် YBS ခရီးသည်တင်ယာဉ်လိုင်းများကိုအောက်တိုဘာ ၁ရက်မှ စတင်ကာ ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် စတင် ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ကြီးကြပ်မှုအောက်မှာ အခုလက်ရှိ YBS ခရီးသည်တင် ယာဉ်လိုင်း ကုမ္ပဏီ ၂၁ ခုနဲ့ ယာဉ်လိုင်းပေါင်း ၁၃၀ ရှိပါတယ်။ အဲဒီအထဲမှာမှ ကုမ္ပဏီမတူဘဲ ယာဉ်လိုင်းနံပါတ်တူတဲ့ ယာဉ်လိုင်း နံပါတ် ၁၃ ခု ရှိပါတယ်။ အဲဒီ ယာဉ်လိုင်းတွေ နံပါတ်တူပြီး ကုမ္ပဏီမတူတဲ့ အခါကျတော့ ခရီးသွားလုပ်သားပြည်သူတွေ အနေနဲ့ ယာဉ်လိုင်းနံပါတ်သိပြီး တော့ တစ်ခုခုဖြစ်တယ်ဆိုရင် တိုင်ကြားချင်လို့ပဲ ဖြစ်ဖြစ်၊ ဝေဖန်အကြံပြုချင်တာပဲ ဖြစ်ဖြစ် ယာဉ်လိုင်းနံပါတ်တူပြီး ကုမ္ပဏီ မတူတဲ့အခါကျတော့ ဘယ် ကုမ္ပဏီဖြစ်တယ်ဆိုတာ အလွယ် တကူ မသိရှိရပါဘူး။ အဲဒါကြောင့် ကုမ္ပဏီအနေနဲ့သော်လည်းကောင်း၊ ကျွန်တော်တို့ YRTC အနေနဲ့သော် လည်းကောင်း၊ ခရီးသွားလုပ်သားပြည်သူတွေအနေနဲ့ ဘယ်ကုမ္ပဏီ က စည်းကမ်းချိုးဖောက်လည်း ဆိုတာ အလွယ်တကူ ခွဲခြားသိနိုင် အောင်၊ နံပါတ်အသစ်ပေးလိုက် တာဖြစ်ပြီး ယာဉ်လိုင်းတွေအနေ နဲ့လည်း မူလလမ်းကြောင်း အတိုင်းပဲ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
အဆိုပါ နံပါတ်အသစ်များဖြင့် ပြောင်းလဲ ပြေးဆွဲပေးသွားမည့် YBS ခရီးသည်တင်ယာဉ်လိုင်း ကုမ္ပဏီများနှင့် ယာဉ်လိုင်းနံပါတ် များမှာ Power Eleven ကုမ္ပဏီမှ YBS-၂၁ ဖြင့် အနောက်ပိုင်း တက္ကသိုလ်မှ အနော်ရထာလမ်း (လသာ)အထိ လည်းကောင်း၊ ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီမှ YBS-၂၁ အစား YBS-၁၃၁ ဖြင့် အနောက်ပိုင်း တက္ကသိုလ်မှ ကမ်းနားလမ်း (ကျုံးကြီး)အထိ လည်းကောင်း၊ RCBT ကုမ္ပဏီမှ YBS-၇၉ ဖြင့် အနောက်ပိုင်း တက္ကသိုလ်မှ လင်းစဒေါင်း (သန်လျက်စွန်း)အထိ လည်း ကောင်း၊ Trans Link ကုမ္ပဏီမှ YBS-၇၉ အစား YBS-၁၃၂ ဖြင့် အနောက်ပိုင်း တက္ကသိုလ်မှ ကမ်းနားလမ်း (ဗဟိုရုံး)အထိ လည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၄ ဖြင့် ယုဇနဥယျာဉ် မြို့တော်မှ ဆူးလေ (မြို့တော် ခန်းမ) အထိ လည်းကောင်း၊ ပြည်စံသူကုမ္ပဏီမှ YBS-၄ အစား YBS-၁၃၃ ဖြင့် ယုဇနဥယျာဉ် မြို့တော်မှ ဆူးလေ (မြို့တော် ခန်းမ)အထိလည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၈ ဖြင့် ရိုးမရိပ်သာ လမ်းမှ လသာအထိလည်းကောင်း၊ ပြည်စံသူကုမ္ပဏီမှ YBS-၈အစား YBS-၁၃၄ ဖြင့် ဦးတရုတ်ကြီး လမ်းထိပ်မှ လသာအထိ လည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၁၀ ဖြင့် ကံကြီးထောင့်မှ ဒဂုံ တက္ကသိုလ်အထိ လည်းကောင်း၊ ပြည်စံသူကုမ္ပဏီမှ YBS-၁၀အစား YBS-၁၃၅ ဖြင့် တောင်ဒဂုံ (ဆောက်လုပ်ရေး)မှ ဒဂုံ တက္ကသိုလ်အထိ လည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၁၁ ဖြင့် အောင်မင်္ဂလာအဝေးပြေးမှ လသာ အထိလည်းကောင်း၊ ပြည်စံသူ ကုမ္ပဏီမှ YBS-၁၁အစား YBS-၁၃၆ ဖြင့် အောင်မင်္ဂလာအဝေး ပြေးမှ လသာအထိလည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၁၅ ဖြင့် ဒဂုံတက္ကသိုလ်မှ လှော်ကား (ရဲအကြပ် သင်တန်းကျောင်း)အထိလည်းကောင်း၊ ခေတ်သစ် ဘုရင့်နောင်ကုမ္ပဏီမှ YBS-၁၅ အစား YBS-၁၃၇ ဖြင့် ဒဂုံ တက္ကသိုလ်မှ YTU (ကြို့ကုန်း)အထိလည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၁၇ ဖြင့် ရွှေပေါက္ကံ (တံတားထိပ်)မှဒဂုံဧရာ အဝေးပြေး အထိလည်းကောင်း၊ ပြည်စံသူ ကုမ္ပဏီမှ YBS- ၁၇ အစား YBS-၁၃၈ ဖြင့် ဒဂုံဧရာအဝေးပြေးမှ ရွှေပေါက္ကံ (ဆင်ဖုန်) အထိ လည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၂၉ ဖြင့် ရွှေပေါက္ကံ (တံတားထိပ်)မှ ဆူးလေအထိ လည်းကောင်း၊ ပြည်စံသူကုမ္ပဏီမှ YBS-၂၉ အစား YBS-၁၃၉ ဖြင့် ဒဂုံတက္ကသိုလ်မှ ဆူးလေအထိ လည်းကောင်း၊ Power Eleven ကုမ္ပဏီမှ YBS-၃၉ ဖြင့် ရွှေပြည်သာ (လိန်ကုန်း)မှ အနော်ရထာလမ်း (လသာ)အထိ လည်းကောင်း၊ GYCT ကုမ္ပဏီမှ YBS-၃၉ အစား YBS-၁၄၀ ဖြင့် ရွှေပြည်သာစျေး (သံလမ်း)မှ မင်းရဲကျော်စွာလမ်း(ဝါးတန်းလမ်း)အထိလည်းကောင်း၊ ရွှေလမ်းခင်း ကုမ္ပဏီမှYBS-၄၀ဖြင့် ရွှေပြည်သာ (ဒေါ်ဖွားရှင်)မှ သခင်မြပန်းခြံအထိ လည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၄၀ အစား YBS-၁၄၁ ဖြင့် ရွှေပြည်သာ(လိန်ကုန်း)မှ သခင်မြ ပန်းခြံအထိ လည်းကောင်း၊ ပြည်စံသူကုမ္ပဏီမှ YBS-၄၀ အစား YBS-၁၄၂ ဖြင့် ရွှေပြည်သာ (လိန်ကုန်း)မှ သခင်မြပန်းခြံအထိ လည်းကောင်း၊ ရွှေလမ်းခင်း ကုမ္ပဏီမှ YBS-၄၀ အစား YBS-၁၄၃ ဖြင့် ရွှေပြည်သာ (ဝါးတရာမှ သခင်မြပန်းခြံအထိ လည်း ကောင်း၊ YUPT ကုမ္ပဏီမှ YBS-၅၉ ဖြင့် အမှတ်(၂)လမ်းမကြီး (ဧရာဝဏ် လမ်းထိပ်)မှ နှင်းဆီကုန်းလမ်း (ဗဟိုအမျိုးသမီးဆေးရုံ) အထိ လည်းကောင်း၊ ပြည်စံသူကုမ္ပဏီ မှ YBS-၅၉ အစား YBS-၁၄၄ ဖြင့် ယုဇနဥယျာဉ်မြို့တော်မှ နှင်းဆီကုန်းလမ်း (ဗဟိုအမျိုး သမီးဆေးရုံ)အထိလည်းကောင်း၊ ရွှေပြည်သာသားကုမ္ပဏီမှ YBS-၆၅ ဖြင့် သာဓုကန်မှ ဗိုလ်တထောင် ဘုရားအထိလည်းကောင်း၊ YUPT ကုမ္ပဏီ မှ YBS-၆၅ အစား YBS-၁၄၅ ဖြင့် ရွှေပြည်သာ(ရဲအကြပ်သင်တန်းကျောင်း)မှ ဗိုလ်တထောင် ဘုရားအထိ လည်းကောင်း ပြောင်းလဲ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ YRTC အနေဖြင့် မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာ နိုင်စေရေးအတွက် YBS ခရီးသည် တင်ယာဉ်လိုင်း (၁၁၉) လိုင်းမှ ယာဉ်အစီးရေ ၃၅၀၀ဖြင့် နေ့စဉ် ခရီးသွားပြည်သူ ၁၃ သိန်း ၇ သောင်းကျော်ကို ပြေးဆွဲပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)