ဝါထုတ်လုပ်တင်ပို့မှုကို ပြည်ပဝယ်လိုအား ရှိနေချိန် ဆောင်ရွက်နိုင်မှသာ လုပ်ငန်းရှင်များအတွက် အကျိုးရှိနိုင်မည်

နေပြည်တော်    ဇန်နဝါရီ    ၁၃


ဝါစိုက်ပျိုးထွက်ရှိမှု၊     ပြည်တွင်းသုံးစွဲမှုနှင့် ပြည်တွင်းထုတ်လုပ်အသုံးပြုမှုမှ ပိုလျှံသည့် ဝါဂွမ်း များကို ပြည်ပသို့ တင်ပို့မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။


အစည်းအဝေးတွင်      ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဝါသီးနှံကဏ္ဍဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးသည့်တောင်သူ၊ ဝယ်ယူသိုလှောင်ကြိတ်ခွဲ သည့်စက်ပိုင်၊ ကုန်ချောအသုံးပြု ထုတ်လုပ်ရောင်းချ သည့် ချည်မျှင်စက်နှင့် ပြည်ပတင်ပို့သည့် လုပ်ငန်းရှင် များပါဝင်သည့် အပိုင်း(၃)ပိုင်းရှိရာ Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူအားလုံး ဖြစ်သင့် ဖြစ်ထိုက်သည့် အကျိုးအမြတ်ရရှိရေး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊   ဝါထုတ်လုပ်တင်ပို့မှုကို ပြည်ပဝယ်လိုအား ရှိနေချိန်၊ ဈေးကောင်းရရှိချိန်တွင် ဆောင်ရွက်နိုင်မှသာ ပြည်တွင်း စိုက်ပျိုးထုတ်လုပ် သည့်  လုပ်ငန်းရှင်များအတွက်  အကျိုးရှိနိုင်မည် ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်တွင်းအထွက်နှုန်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်၊ ဒေသအလိုက် ဈေးကွက် ပေါက်ဈေးတို့အပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းရှင်များ အတွက် အကျိုးရှိနိုင်မှုကိုလည်း ထည့်သွင်းစဉ်းစား ပေးရမည်ဖြစ်ကြောင်း၊    ပြည်တွင်းထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့်    ဝါကုန်ကြမ်းဝယ်ယူရရှိမှု အခြေအနေ၊ ကုန်ကြမ်းဝယ်ယူရာတွင် တွေ့ကြုံနေရ သည့် အခက်အခဲများကို ပွင့်လင်းစွာ ဆွေးနွေးပေး စေလိုပါကြောင်း၊ ဝါကဏ္ဍ ကျယ်ပြန့်သည့်အတွက် အသေးစိတ်ဆွေးနွေးမှုများ ထပ်မံဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။ 


ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြ သည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးကြသည်။
အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန            ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့်  ကုန်စည်စီးဆင်းမှုများ  မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့မှ စီးပွားရေးရာဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ  တာဝန်ရှိသူများ၊  ဌာနဆိုင်ရာအကြီးအကဲ များ၊ ဝါနှင့် ဝါထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ဝါသီးနှံ    စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း၊       ချည်စက်လုပ်ငန်းရှင်များအသင်းနှင့် ပြည်ပသို့ တင်ပို့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်