
စစ်လွမ်းနောင်(မန်းမြေသား)
လူသားတို့ အသက်ရှင်နေထိုင်ရပ်တည်မှုတွင် စားရေး၊ ဝတ်ရေး၊ နေရေးဟူသည့် အရေးသုံးပါးရှိသည့်အနက် ဝတ်ရေးအတွက် “ဝါ” သည် အစဉ်အမြဲလိုအပ်သော ကုန်ပစ္စည်းဖြစ်သည့် အားလျော်စွာ ဝါသီးနှံကို စိုက်ပျိုး၍ ချည်ထည်ကုန်ချောများ ထုတ်လုပ်သည့်လုပ်ငန်းကို နိုင်ငံတိုင်းက ဦးစားပေးလုပ်ကိုင်ဆောင်ရွက်လျက် ရှိကြသည်။ ကမ္ဘာ့လူဦးရေ၏ လေးပုံသုံးပုံခန့်သည် ဝါဂွမ်းမှ ထုတ်လုပ်သော ဝါချည်မျှင်ဖြင့် ရက်လုပ်သည့် ချည်ထည်အဝတ်အစားတို့ကို ဝတ်ဆင်ကြကြောင်း ကမ္ဘာ့မှတ်တမ်းများအရ လေ့လာတွေ့ရှိရပါသည်။ ချည်ထည်များသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ငွေကြေးအနည်းငယ်မျှနှင့် ဝယ်ယူနိုင်၍ လူအများစု လက်လှမ်းမီသော အထည်အလိပ်မျိုးဖြစ်ခြင်းတို့ကြောင့် ယခုတိုင် လူသုံးများလျက်ရှိပေသည်။
မြန်မာနိုင်ငံတွင် ဝါသီးနှံကို အဓိက ဦးစားပေး သီးနှံအဖြစ် အစဉ်အဆက် စိုက်ပျိုးခဲ့ကြသည်။ အများဆုံးစိုက်ပျိုးသည့် ဝါသီးနှံအမျိုးအစားများမှာ ဝါကြီး၊ ဝါကလေးနှင့် ချည်မျှင်ရှည်ဝါများ ဖြစ်ကြ သည်။ ဝါကြီးမျိုးကို မိုးအတော်အတန်များသည့် ပြည်နှင့် သရက်ခရိုင်များတွင် လည်းကောင်း၊ ဝါကလေးမျိုးကို မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေး၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပခုက္ကူ၊ မင်းဘူး အစရှိသည့် မြန်မာနိုင်ငံ မိုးပါးရေရှားဒေသများတွင် လည်း ကောင်း စိုက်ပျိုးကြပါသည်။ ချည်မျှင်ရှည်ဝါမျိုးကို ၁၉၅၈ ခုနှစ်မှစ၍ ရုရှားနှင့် အမေရိကန်နိုင်ငံများမှ ဝါမျိုးများ မှာယူ၍ စမ်းသပ်စိုက်ပျိုးခဲ့သည့်အနက်မှ အကောင်းဆုံးကို ရွေးချယ်ပြီး ရေသွင်းစိုက်ပျိုးနိုင် သော ရွှေဘို၊ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်းနှင့် မင်းဘူးခရိုင်တို့တွင် စိုက်ပျိုးခဲ့ကြပြီး ကောင်းစွာ အောင်မြင်ကြောင်း လေ့လာသိရှိရ ပါသည်။
ဝါသီးနှံ၏ နောက်ခံသမိုင်းအကျဉ်း
ဝါပင်၏ ဝါသီးမှရရှိသော နုနုဖပ်ဖပ် အမွေး အမှင်ထွေးကို အစေ့မထုတ်မီ ဝါ သို့မဟုတ် ဝါပေါက် ဟုခေါ်ပြီး အစေ့ထုတ်ပြီးလျှင် ဂွမ်း သို့မဟုတ် ဝါဂွမ်း ဟုခေါ်သည်။ ၁၉၂၀ ပြည့်နှစ်ခန့်က ရှေးဟောင်းမြို့ ကြီးများမှ တူးဖော်တွေ့ရှိချက်များအရ အိန္ဒိယနိုင်ငံ တွင် ဘီစီ ၃၀၀၀ ခန့်ကပင် ချည်မျှင်ကို အထည် အလိပ်နှင့် ကြိုးအမျိုးမျိုးပြုလုပ်ရာတွင် အသုံးပြုခဲ့ ကြောင်း၊ ဘီစီ ၁၅၀၀ ခန့်တွင် အိန္ဒိယနိုင်ငံသည် ချည်ထည်လုပ်ငန်း၏အချက်အချာနိုင်ငံ တစ်နိုင်ငံ ဖြစ်နေပြီဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှတစ်ဆင့် ဝါပင်စိုက်ပျိုးခြင်း၊ ဝါချည်မျှင်ဖြင့် အထည်အလိပ် များ ရက်လုပ်ခြင်းအတတ်ပညာသည် ပါရှား(ယခု အီရန်)၊ တရုတ်နှင့် ဂျပန်နိုင်ငံများသို့ ရောက်ရှိသွားခဲ့ ကြောင်း၊ ခရစ်နှစ် ၇၁၂ ခုနှစ်တွင် ဆာရဆင်နှင့် မူးဝါးလူမျိုးတို့သည် အာဖရိကမြောက်ပိုင်းမှ ဥရောပတိုက်သို့ ဝါဂွမ်းကို ယူဆောင်လာခဲ့ရာမှ ဥရောပနိုင်ငံများတွင် ပျံ့နှံ့ခဲ့ကြောင်း၊ အင်္ဂလန်နိုင်ငံ တွင် ခရစ်နှစ် ၁၂၉၈ ခုနှစ်ခန့်ကပင် တတိယအက်ဒွပ် ဘုရင်သည် မန်ချက်စတာမြို့၌ ရက်ကန်းအလုပ် သမားများကို အခြေချနေထိုင်စေခဲ့ပြီး ရက်ကန်း လုပ်ငန်းအား အင်္ဂလန်နိုင်ငံ၏ အဓိက လုပ်ငန်းကြီး ဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ရက်ကန်းရက်လုပ် သော စက်ကိရိယာများကိုလည်း အမျိုးမျိုးတီထွင် လုပ်ကိုင်လာခဲ့ကြရာ ၁၈ ရာစုနောက်ပိုင်းတွင် အထည်အလိပ် ရက်လုပ်သောလုပ်ငန်းမှာ လုပ်ငန်း တွင်ကျယ်လာပြီး စက်ရုံ၊ အလုပ်ရုံများ၌ ဝါဂွမ်း လိုအပ်ချက်များ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ဝါဂွမ်းသည် ကုန်သွယ်စီးပွားရေးလောက၌ အရေးပါလှသော ကုန်ပစ္စည်းတစ်မျိုး ဖြစ်လာကြောင်း၊ ကမ္ဘာအရပ်ရပ် ၌ လူတို့သည် ဝါဂွမ်းရရှိရန်အလို့ငှာ ဝါပင်ကို စိုက်ပျိုး ခဲ့ကြကြောင်း၊ ဝါပင်သည် မော်လဗေစီအီးမျိုးရင်း၊ ဂေါ့ဆီပီယမ်မျိုးခွဲ၌ ပါဝင်ပြီး ချဉ်ပေါင်၊ ရုံးပတီတို့နှင့် မျိုးရင်းတူကြောင်း၊ မျိုးစိတ်အများအပြားရှိရာ မျိုးစိတ်ကိုလိုက်၍ အပင်အနေအထား၊ အနိမ့်အမြင့်၊ အကိုင်းအခက်၊ အရွက်အပွင့်၊ အသီးအရွယ်အစား၊ ပုံသဏ္ဌာန်၊ ဝါပေါက်ချိန်၊ ဂွမ်းအဆင့်အတန်း စသည် တို့၌ ကွာခြားကြကြောင်း၊ ဝါပင်သည် ရက်ပေါင်း ကြာရှည်စွာ စိုက်ပျိုးရသည့် သီးနှံမျိုးဖြစ်သည့် အတွက် မြောက်လတ္တီတွဒ် ၄၀ ဒီဂရီနှင့် တောင်လတ္တီ တွဒ် ၃၀ ဒီဂရီအကြားရှိ ကမ္ဘာ့ဒေသများတွင် စိုက်ပျိုးကြကြောင်း သုတေသီပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်။
မြန်မာနိုင်ငံ၏ ဝါသီးနှံ စိုက်ပျိုးရေးစီမံကိန်း
မြန်မာနိုင်ငံတွင် ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကာလကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ် အထိ သတ်မှတ်ထားပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ်နှင့် နေပြည် တော်ကောင်စီနယ်မြေဒေသများကို စီမံကိန်းဒေသ များအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည်။ ယခု ၂၀၂၄-၂၀၂၅ ခုနှစ် မိုးကြို ကာလ၊ မိုးကာလနှင့် မိုးနှောင်းကာလ ဝါစိုက်ပျိုး ရာသီများတွင် စီမံကိန်းဒေသများဖြစ်သည့် နေပြည် တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခုရှိ ဝါသီးနှံစိုက်ပျိုးရေးဇုန် ၁၉ ခုတွင် ဝါစိုက် ဧက ၆၁၂၇၁၂ ဧက စိုက်ပျိုးထုတ်လုပ်ရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါသီးနှံကို နှစ်စဉ် တိုးမြှင့်စိုက်ပျိုးလျက်ရှိပြီး စီမံကိန်းကာလ ပြည့်မြောက်ပြီးနောက် ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါ သီးနှံစိုက်ပျိုးဧရိယာကို ဧက ၇၄၇၀၀၀ အထိ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တစ်ဧက ဝါအထွက်နှုန်း ပိဿာချိန် ၇၀၀ ထွက်ရှိရေးအတွက် ဝါသီးနှံစိုက်ပျိုး ရေးဇုန်အလိုက် တာဝန်ခံများ ခန့်ထားတာဝန် ပေးအပ်ပြီး အထွက်တိုးရေး ဆောင်ရွက်လျက်ရှိ ကြောင်း လေ့လာသိရှိရပါသည်။
ဝါအထွက်နှုန်းတိုးတက်ရေးနှင့် အဆင့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရေး လမ်းညွှန်ချက်
မြန်မာနိုင်ငံတွင် လက်ရှိဝါစိုက်ပျိုးမှုမှာ စုစု ပေါင်းဧက ငါးသိန်းဖြစ်ရာ နှစ်အလိုက် တိုးမြှင့် စိုက်ပျိုးနိုင်ရေးအတွက် ဝါစိုက်တောင်သူများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါ သည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ပြီး ပြည်ပပို့ကုန် ပိုမိုတင်ပို့နိုင်ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ် နိုင်ရေးတို့ကိုလည်း နိုင်ငံတော်က အားပေးဆောင် ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက် နေ့က နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ဝါအထွက်နှုန်းများ တိုးတက် စေရေးနှင့် ဝါကုန်ကြမ်းများမှ အဆင့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေး ပြောကြားရာတွင် “မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့ပြင် “ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်ချုပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာ အရည်အသွေးကောင်းသော (A)အဆင့်ရှိဝါများ ပြောင်းလဲစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ ထိုမှတစ်ဆင့် ထွက်ရှိလာသည့် ဝါကုန်ကြမ်းများကို ချည်မျှင် ထုတ်လုပ်နိုင်ရေးနှင့် ပိတ်အဖြစ် ပြောင်းလဲထုတ်လုပ် နိုင်ရေး စက်ကိရိယာများ လိုအပ်ကြောင်း၊ ချည်ချော များ ထုတ်လုပ်နိုင်ရေး၊ ပိတ်အဖြစ်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများအလိုက် ဦးတည် ချက်များချမှတ်၍ တစ်ဆင့်ချင်းအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း” တို့ကို လည်း ဖြည့်စွက်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့ ပါသည်။
စီမံကိန်းအောင်မြင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ
ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ ဝါသီးနှံအထွက်တိုးရေးကို ဦးစားပေး လုပ်ကိုင်ကြပြီး အရည်အသွေးမြင့်မား၍ အဆင့်မီ သည့် ချည်ထည်များကို ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝယ်လိုအားရှိသည့် ချည်မျှင်ရှည်ဝါ များ တိုးတက်ထုတ်လုပ်စိုက်ပျိုးနိုင်ရန်၊ ပြည်တွင်းရှိ ချည်မျှင်နှင့် အထည်စက်ရုံများအတွက် လိုအပ်သည့် အရည်အသွေးကောင်းမွန်သော ဝါ၊ ဝါဂွမ်းများ ထုတ်လုပ်ပြီး ပြည်ပမှ ဝါနှင့်ချည်များ တင်သွင်းမှုကို လျှော့ချနိုင်ရန်၊ ဝါသီးနှံတန်ဖိုးနှင့် ဝါသီးနှံတန်ဖိုး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်ပြီး ဝါစိုက်တောင်သူများ နှင့် ဝါလုပ်ငန်းရှင်များ ကုန်ထုတ်လုပ်မှု မြင့်မားလာ စေရန်၊ ချည်မျှင်ကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးပါဆုံး စက်မှုကုန်ကြမ်းဖြစ် သည့် ဝါသီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ရန်နှင့် ပြည်တွင်းသုံးစွဲမှု ဖူလုံရုံသာမက ပြည်ပသို့ တင်ပို့နိုင်သည်အထိ ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
ဝါသီးနှံ အထွက်တိုးရေး သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ
ဝါသီးနှံစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးအတွက် အဓိကကျသည့် မျိုး၊ မြေ၊ ရေ၊ နည်းတို့နှင့် ပတ်သက်ပြီး တွေ့ကြုံရနိုင်သည့် အခက် အခဲများ၊ အဟန့်အတားများအတွက် သမဝါယမ စနစ်ကို အခြေခံ၍ သက်ဆိုင်ရာဌာနများ၊ လုပ်ငန်း ရှင်များ၊ ဝါစိုက်တောင်သူများ အတူတကွပူးပေါင်း ဆောင်ရွက်မှုစွမ်းအားဖြင့် အောင်မြင်စွာ ကျော်လွှား နိုင်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ သမဝါယမဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိပါသည်။ နိုင်ငံတော်မှ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ ခုနှစ် ဝါစိုက်ပျိုးရေးစီမံကိန်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ပဲခူး၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ သမဝါယမအသင်း ၂၀၉ သင်းမှ ဝါစိုက်အသင်းသား တောင်သူ ၁၁၅၉၂ ဦးတို့က မိုးကြိုကာလတွင် ဝါစိုက်ပျိုးဧရိယာ ၁၇၉၆ ဧက၊ မိုးကာလတွင် ဝါစိုက်ပျိုးဧရိယာ ၁၂၆၄၂ ဧက၊ မိုးနှောင်းကာလတွင် ဝါစိုက်ပျိုးဧရိယာ ၈၁၅၆၂ ဧက စုစုပေါင်း ဝါစိုက်ပျိုး ဧရိယာ ဧက ၉၆၀၀၀ ကို စိုက်ပျိုးရန်လျာထားပြီး နိုင်ငံတော်၏ ဝါစိုက်ပျိုးရေးစီမံကိန်း အောင်မြင်ရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ သမဝါယမအသင်းသား ဝါစိုက်တောင်သူများ စိုက်ပျိုးရန်လျာထားသည့် ဝါစိုက်ပျိုး ဧရိယာ ဧက ၉၆၀၀၀ အနက် မိုးကြိုကာလတွင် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ မြစ်သား၊ မလှိုင်၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်များမှ သမဝါယမအသင်းသား ဝါစိုက်တောင်သူများက စိုက်ပျိုးရန် လျာထားချက်ထက် ပိုမိုပြီး ဝါစိုက်ပျိုး ဧရိယာ ၁၇၉၉ ဧကကို သမဝါယမအသင်း အချင်းချင်း ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော် စိုက်ပျိုးထားပြီးဖြစ်ပါသည်။
ဆက်လက်၍ မိုးကာလနှင့် မိုးနှောင်းကာလများ တွင် စိုက်ပျိုးရန်လျာထားသည့် ဝါစိုက်ပျိုး ဧရိယာ ၉၄၂၀၄ ဧကကိုလည်း နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ၊ သမဝါယမအသင်းအချင်းချင်း ပံ့ပိုး ချေးငွေတို့ဖြင့်လည်းကောင်း၊ သမဝါယမကန်ထရိုက် လယ်ယာစနစ်ဖြင့်လည်းကောင်း အကောင်အထည် ဖော် စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက် လျက်ရှိပါသည်။ သမဝါယမအသင်းသား ဝါစိုက် တောင်သူများ စိုက်ပျိုးပြီး မိုးကြိုဝါများ အောင်မြင် ဖြစ်ထွန်းကာ အထွက်နှုန်း တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးရန်လျာထားသည့် မိုးဝါ၊ မိုးနှောင်းဝါ စိုက်ပျိုး ဧကများ အကောင်အထည်ဖော် စိုက်ပျိုးနိုင်ရေး၊ အရည်အသွေးကောင်းမွန်သည့် ဝါမျိုးများကို မျိုးစေ့ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပြီး အသုံးပြုနိုင် ရေး၊ အရည်အသွေးပြည့်မီသော သွင်းအားစုများဖြစ် သည့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ၊ ပိုးသတ် ဆေး၊ ပေါင်းသတ်ဆေး အစရှိသည်တို့ကို အချိုး အစားမျှတစွာ အပြည့်အဝအသုံးပြုနိုင်ရေး၊ ဝါ စိုက်ပျိုးရန်လိုအပ်သည့် ရေပမာဏကို လိုအပ်ချိန် တွင် လိုအပ်သလို အသုံးပြုနိုင်ရေး၊ ဝါသီးနှံများ အရည်အသွေး ကောင်းမွန်ပြီး အထွက်နှုန်းမြင့်မား စေမည့် နည်းပညာများ အသုံးချဆောင်ရွက်နိုင်ရေး၊ သမဝါယမအသင်းသား ဝါစိုက်တောင်သူများ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် သွင်းအားစုကုမ္ပဏီများ၊ ဝါစက်လုပ်ငန်းရှင်များ၊ ဝါအဝယ်ဒိုင်များနှင့် ချိတ်ဆက်၍ သမဝါယမ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အတူတကွ ပူးပေါင်း လုပ်ကိုင်နိုင်ရေး၊ လိုအပ်သည့် မျိုး၊ သွင်းအားစုပစ္စည်း များနှင့် ဈေးကွက်ရရှိရေးတို့အတွက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် သမဝါယမအသင်းသား ဝါစိုက်တောင်သူများ အတွက် ဝါစိုက်ပျိုးနည်းပညာနှင့် အခြားလိုအပ်ချက် များကို ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ဝါစိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆက်စပ်သည့်ဌာန များနှင့်လည်း ချိတ်ဆက်ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်မှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဝါစိုက်ပျိုးရေး စီမံကိန်းတွင် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြု အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် သမဝါယမအသင်းသား ဝါစိုက်တောင်သူ များကို ဝါသီးနှံအထွက်နှုန်းတိုးအောင် သမဝါယမ စနစ်ဖြင့် ပံ့ပိုးကူညီပေးခြင်းအားဖြင့် ပန်းတိုင် အထွက်နှုန်း ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက် ရာရောက်သည့်အပြင် ပြည်တွင်းသုံးစွဲမှု ဖူလုံရုံ မျှမက ပြည်ပသို့ပါ တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ပါ သည်။ ထို့ပြင် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းကွင်းဆက်တစ်လျှောက် အလုပ်အကိုင် အခွင့်အလမ်းများရှိနေပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ သို့အတွက်ကြောင့် ဝါစိုက်ပျိုး ထုတ်လုပ်သူတောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ် များအားလုံးက ဝါသီးနှံ အထွက်တိုးရေးအတွက် သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီပြီး တက်ညီ လက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားကြပါရန် တိုက်တွန်းရေးသား တင်ပြလိုက်ရ ပေသည်။ ။
- Log in to post comments