
တိုကျို ဇူလိုင် ၉
ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ၏ ရုပ်အလောင်း တိုကျိုရှိ ၎င်း၏ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက် အရ သိရသည်။ ရှင်ဇိုအာဘေး သည် နာရာမြို့တွင် မဲဆွယ် စည်းရုံးရေး ဟောပြောနေစဉ် အတွင်း ဇူလိုင် ၈ ရက်က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး၏ ရုပ်အလောင်းကို သယ်ဆောင် လာသောယာဉ်သည် ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့် တွင် ရှီဘူယာခရိုင်ရှိ ၎င်း၏ နေအိမ်သို့ ပြန်လည်ရောက်ရှိ လာခြင်း ဖြစ်သည်။ လုပ်ကြံခံရပြီး နောက် ရှင်ဇိုအာဘေးကို နာရာမြို့ ရှိ ဆေးရုံတစ်ရုံ၌ ဆေးကုသမှု ပြုလုပ်ခဲ့သော်လည်း ဇူလိုင် ၈ ရက် ညနေ ၅ နာရီကျော်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်း၏ဇနီး အကီနှင့် ဝန်ကြီးချုပ်ဟောင်း ဆူဂါယိုရှီဟီဒဲ နှင့် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟီရိုကာဇူ မာဆူနိုတို့ ဆေးရုံတွင် ရှိခဲ့ကြကြောင်း သိရသည်။
အလောင်းအား ရဲတပ်ဖွဲ့က စစ်ဆေးမှုပြုလုပ်ပြီးနောက် ရှင်ဇို အာဘေး၏ ရုပ်အလောင်းကို သယ်ဆောင်သောယာဉ်သည် ၎င်း ၏ဇနီးနှင့်အတူ ဇူလိုင် ၉ ရက် နံနက် ၆ နာရီ မထိုးမီတွင် ဆေးရုံမှ ထွက်ခွာခဲ့ကြကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ