ဝါးခယ်မမြို့နယ်၌ ကျောင်း ၁၅၀ မှ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမည်

 

ဝါးခယ်မမြို့နယ်အတွင်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်အား တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။

 

မေး။    ။    ကျောင်းသား  ကျောင်းသူတွေကို  ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့နယ်အနေနဲ့ စီမံဆောင်ရွက်ထားမှု 
အခြေအနေကို ပြောပြပေးပါ။ 
ဖြေ။     ။    မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနဲ့ အထက်တန်း ကျောင်း ၁၅၀  မှာရှိတဲ့ အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသား 
ကျောင်းသူတွေကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံတဲ့ ကျောင်းသား ကျောင်းသူတွေ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ ပေါင်းစပ်ညှိနှိုင်းပြီး ကာကွယ်ဆေးထိုးစုရပ်တွေ သတ်မှတ်ထားပါတယ်။   လုံခြုံရေးကိုတော့   မြန်မာနိုင်ငံရဲတပ်ဖွဲ့က စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 


မေး။    ။    စုရပ်များသတ်မှတ်မှုနဲ့   ဆေးထိုးနှံမယ့်အဖွဲ့များ   ဖွဲ့စည်းမှု အခြေအနေကို ပြောပြပေးပါဦးရှင့်။
ဖြေ။    ။    ဆေးထိုးစုရပ် ၁၀ နေရာ သတ်မှတ်ထားပါတယ်။ နေရာ အသီးသီးမှာတော့ ဒုတိယမြို့နယ်ပညာရေးမှူးများ၊ လ/ထ 
မြို့နယ်ပညာရေးမှူးများ၊   ပညာရေးဝန်ထမ်းများက   ကြီးကြပ်ပြီး ကျန်းမာရေးစစ်ဆေးမှုနဲ့ ဆေးထိုးနှံမှုအတွက် ကျန်းမာရေးဝန်ထမ်း ငါးဦး၊ လိုအပ်သည်များ ကူညီဆောင်ရွက်ရန် Volunteer/ ကြက်ခြေနီ ငါးဦး၊   ကာကွယ်ဆေးထိုးစာရင်းရေးသွင်းရန်   ရပ်/ကျေးစာရေးနဲ့ ပညာရေးဝန်ထမ်းငါးဦး၊  သက်ဆိုင်ရာ   ရပ်/ကျေးအုပ်ချုပ်ရေးမှူး/ ရာအိမ်မှူး/ ဆယ်အိမ်မှူး/ အရန်မီးသတ်တပ်ဖွဲ့များ စုစုပေါင်းအင်အား ၂၀ ပါဝင်တဲ့ ဆေးထိုးအဖွဲ့တွေက ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

 

မေး။    ။    ကာကွယ်ဆေး ရရှိမှုအခြေအနေနဲ့  စတင်ထိုးနှံပေးမယ့်ရက်၊ ထိုးနှံမယ့်ကာလတွေကိုလည်း ပြောပြပေးပါ။ 
ဖြေ။     ။    ဆေးထိုးစုရပ် ၁၀ နေရာမှာ အောက်တိုဘာ ၁၆ ရက်ကစပြီး ညွှန်ကြားချက်တွေအတိုင်း             သတ်မှတ်ကာလအတွင်း 
အပြီးသတ် ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

 

မေး။    ။    ဝါးခယ်မမြို့နယ်မှာ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပြီးစီးသူ အရေအတွက်နဲ့  ယခုကျောင်းသား ကျောင်းသူတွေကို 
ထိုးနှံပေးမယ့် ကာကွယ်ဆေးအမျိုးအစားကို ပြောပြပေးပါဦး။ 
ဖြေ။    ။    မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုမှာ ပထမအသုတ်အဖြစ်   အသက် ၆၅ နှစ်နဲ့အထက်   ပြည်သူ 
၉၄၁၇ ဦးကို နှစ်ကြိမ်လုံး ထိုးနှံပြီးစီးပါပြီ။ ဒုတိယအသုတ်မှာတော့ အသက် ၅၅ နှစ်နဲ့အထက် ပြည်သူ  ၂၂၀၀၀ ကို ပထမအကြိမ် ထိုးနှံ ပြီးစီးခဲ့ပြီး  အောက်တိုဘာ  ၁၅ ရက်မှာ  ဒုတိယအကြိမ် ဆက်လက် ထိုးနှံနေပြီ ဖြစ်ပါတယ်။  တတိယအသုတ်ကိုတော့ အောက်တိုဘာ ၁၃ ရက်ကစပြီး အသက် ၄၅ နှစ်နဲ့ ၅၄ နှစ်ကြား ပြည်သူတွေကို  ထိုးနှံ လျက်ရှိရာ လက်ရှိ ၃၀၀၀ ထိုးနှံပြီးစီးနေပါပြီ။  အသက် ၁၂ နှစ်နဲ့အထက်  ကျောင်းသား ကျောင်းသူတွေကိုတော့   ဆီနိုဗက်အမျိုးအစားကို  ထိုးနှံ ပေးမယ်လို့ သိရပါတယ်။

 

မေး။    ။    ကာကွယ်ဆေးထိုးနှံမှုနဲ့ပတ်သက်ပြီး ကျောင်းသားမိဘတွေနဲ့ ကျောင်းသား ကျောင်းသူတွေအတွက်  တိုက်တွန်းပြောကြား 
ပေးပါဦး။
ဖြေ။    ။    ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဟာ မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာ   ကူးစက်ခံနေရပါတယ်။   သေဆုံးမှုလည်း
များပြားပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့် စာသင်ကျောင်းတွေ အမြန်ဖွင့်လှစ်နိုင်ပြီး  မိမိတို့ရင်သွေးတွေရဲ့ ပညာရေးအခွင့်အလမ်းတွေ ပြန်လည်ရရှိကာ တစ်နှစ် တစ်တန်း  ပုံမှန်တက်ရောက်နိုင်မှာ ဖြစ်ပါ တယ်၊   ဒါကြောင့်   ကာကွယ်ဆေးကို     မပျက်မကွက်ထိုးနှံကြဖို့ ကျောင်းသားမိဘတွေကို    တိုက်တွန်းလိုပါတယ်။     ကျောင်းသား  ကျောင်းသူတွေအနေနဲ့လည်း   အတန်းပညာတွေကို   ရောဂါကင်းစင်စွာနဲ့    ပျော်ပျော်ရွှင်ရွှင်   သင်ကြားနိုင်ဖို့အတွက်   ကာကွယ်ဆေးထိုးနှံကြပါလို့   တိုက်တွန်းပြောကြား လိုပါတယ်။      ။

 

တွေ့ဆုံမေးမြန်းသူ- ခိုင်ဦးမွန်
ဓာတ်ပုံ- ဖြိုးပြည့်စုံ