ဝါခေါင်လ စာအလင်္ကာများ

Type

 

မောင်လူမွှေး(မြန်မာမှု)

ဝါခေါင်လကိုအကြောင်းပြု၍   ရှေးစာပေပညာရှင်စာဆိုကြီးများ ရေးဖွဲ့မှတ်တမ်းပြုကြသည့် စာအလင်္ကာများထဲတွင် “စာရေးတံမဲ” ပွဲမှအပ အခြား ကဆုန်၊ ဝါဆို၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ တပို့တွဲ၊  တပေါင်းလများကဲ့သို့  ဗုဒ္ဓဝင်ဆိုင်ရာနှင့်ဆက်စပ်၍ ဝေဝေဆာဆာ မရှိလှပေ။
တောင်ပြုန်းညီနောင်နတ်ပွဲမှာမူ ဝါခေါင်လရာသီပွဲဖြစ်ပေသည်။ ပုဂံခေတ်မှပင် တောင်ပြုန်းပွဲကို စတင်ခဲ့ရာ အင်းဝခေတ်၌ စာတမ်း မှတ်ရာပြုခဲ့သော အင်ရုံစာတမ်းတွင် နတ်ပူဇော်ပသကြရမည့်အစီအစဉ် နှင့်  ပွဲတော်ကျင်းပစဉ် ဝါခေါင်လဥပုသ်နေ့များ၌  သံဃာတော်များကို ပင့်ဖိတ်၍ ကုသိုလ်ပြုရမည်ဟု နတ်ပွဲသက်သက်မဖြစ်စေရန် ဘာသာ ရေးနှင့် ထိန်းကွပ်၍ ပြုလုပ်ရမည့်အကြောင်းကို တွေ့ရပေသည်။ 
လောကဗျူဟာ  အင်ရုံစာတမ်းပါ  နတ်ပွဲနှင့်ဆက်စပ်၍  မင်းမိန့် ထုတ်ပြန်ချက်များကို သုံးသပ်ပါက တောင်ပြုန်းမင်းညီနောင်သာမက အရပ်ရပ်ဒေသများတွင် နတ်ပွဲများကို ကျင်းပခဲ့ကြဟန်တူပေသည်။
ထို့ကြောင့်   အင်းဝခေတ်  ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသတို့ ကလည်း    နတ်ပွဲပြုပြင်ရေး၊   ပပျောက်ရေးအကြောင်းအရာများကို  အရှင်တို့၏ ပျို့လင်္ကာစာပေများ၌ တစ်စိတ်တစ်ဒေသ ဖော်ပြခဲ့ကြ ပေသည်။ 
ထိုတောင်ပြုန်းနတ်ပွဲတော်ကာလဖြစ်သော ဝါခေါင်လ၏ သဘာဝ ပတ်ဝန်းကျင်အနေအထားများကို   စာဆိုအသီးသီးက  ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ရေးဖွဲ့ခဲ့ကြသည်။  ရတု၊  လေးချိုး၊  လေးချိုးကြီး၊ လူတား၊ အဲချင်း၊ လွမ်းချင်း စသဖြင့် ရေးဖွဲ့ခဲ့ကြပေသည်။ ကုန်းဘောင်ခေတ် နှောင်း ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးမရမီစပ်ကြားတွင် အရပ်သား ဇာတ်သဘင်များ ပေါ်ပေါက်ခဲ့ရာ သဘင်သည် သုံးဆယ့်နှစ်လရာသီဖွဲ့ များ ပေါ်ပေါက်လာလေသည်။
ဆယ့်နှစ်လရာသီပွဲများကို ရေးဖွဲ့ကြရာ ရာသီ၊ တာရာ၊  နက္ခတ်၊   စန်းယှဉ်၊ ရာသီပန်း စသည့် သဘာဝပတ်ဝန်းကျင်တို့သည် အဓိက အချက်များဖြစ်ပေသည်။ ဤသည်ကို ရှေးစာဆိုကြီးများ မည်သို့ရေးဖွဲ့ ခဲ့ကြသည်ကို စာအလင်္ကာအမျိုးအစားအလိုက် တင်ပြပါမည်။
ဖိုးသူတော်ဦးမင်း၏ ဝါခေါင်လဖွဲ့လေးချိုးသဖြန်
“ထက်အာကာဘုံစွန်းက၊  တောက်ထွန်းလို့ ထိန်ဝါ၊ 
သရဝဏ်ရွှေကြယ်မင်း၊ လင်းတဲ့ချိန်ခါ။
လေညင်းငယ်လာ၊  သိဟ်ရာသီမို့၊   
ရှုတိုင်းငယ် ဘယ်ညာက၊ ပန်းခတ္တာ ဝတ်မှုန်ကျင်းတယ်၊
သင်းပျံ့လှိုင်လို့။”
မဟာအတုလမင်းကြီး၏ ဝါခေါင်လ လွမ်းချင်းဖွဲ့ 
“မျှော်ယောင်သာ ပန်းတော့တယ်၊ သောင်ကမ်းငယ် ပြည့်လျှံ၊  
နဒီငယ်ခြံသည်၊  ပြည်မင်းစံ ရွှေဘုံက၊ 
အကုန်ထူးတဲ့ လကိုလေး၊ ရာသီသိဟ်ငယ်၊ နေမိန္ဒရ၊ 
ဝါခေါင်လမို့၊ တောင်များထွက်စွန်၊ သရဝဏ်လည်း၊ 
ရောင်ဝှန်တေဇာ၊ ပန်းခတ္တာနှင့်၊ 
ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့၊ 
လှူစာရေးတံ၊ သတင်းစုံ ခံဆဲမို့၊ လွမ်းရန်ဖွဲ့သည်ချိန်ကို၊ 
ဒေဝရိန် ပဇ္ဇုန်မှူးက၊ မြူးလှတယ်လေး။”
တိုင်းတာမြို့သူကြီး ဦးဖက်၏ ဝါခေါင်လဖွဲ့ 
“သိဟ်သဘင် သံလကို၊  ဂန္ဓာရ  နတ်စည်၊ 
ကိုးနယ်ပြန့် ပတ်လည်မှာ၊ နဝရတ်ရည် လျှံဆိုင်း။ 
(ဆင်တန္တု မဆင်တယ်)၊ ဆယ်ရပ်ခွင် ဖြိုးတော့မယ့်တိုင်း၊ 
သတ္တရဘန့် ဗွေစွန်မှာ၊ ရွှေသရဝဏ် တင့်နှိုင်း၊ 
ကြယ်ဇာနည်ရောင်လှိုင်းလို့၊ ကသိုဏ်းရုံစက်ဝယ်၊ 
တည့်မွန်းညီ မှန်မရွေ့၊ သာချမ်းမြေ့တူကွ စံပယ်။
စာရေးတံ့ ချိန်ဝါလယ်ကို၊  သိင်္ဂါသွယ် ရွှေနှုန်းသို့၊   
ဂမုန်းခိုင့် ဇလတ္တာ၊ နန်းသုံး ဝင်ခါ။ 
မြတ်သိန္ဓုအဏ္ဏဝါမှာ၊ ဝေဝေဖြာဖြာ  မှုန်လှိုင်းလှလေး။ 
ကမ်းခြေမြင့် ရေမိုတွင်၊ စိမ်းစိုစို စုံတိုင်းပါ့လေး။”
 ဝါခေါင်လဘွဲ့ ရှစ်ဆယ်ပေါ် တေးထပ်
“မိုးလုံးပတ်လည် ဓာတ်ရည်ဝိုင့်လို့ လျှပ်ခြည်ဆိုင်ဆိုင့်  တောက်ခါခါ။   
နတ်စည်အိုင်အိုင့် ချောက်ငြာ ငြာတယ် ကြောက်စရာသာ 
ဖန်လာထင့်။   
နေရထားက   ရွှေနွားတွန်ပြီ   ငွေသား ယုန်မွန် နတ်မြှားလာလိုသင့်။ 
မြထန်းညှာတံ့ မခန့်သာပြီ ဝသန့်နဲ့ကာ တိုင်သဖြင့်၊ 
မရမ့်သန္တာ ခိုင်အဆင့်နှင့် ဂနိုင်သခင့် ပွင့်ခတ္တာ။
တောင်လေဟုန်ဟုန် သုန်သုန်ဆော့လို့ ထုံထုံကြူတော့ 
မြူချော့ရနံ့ဖြာ။ 
ရေရှိန်ကြမ်းတဲ့ သိဟ်ခန်းခါကို စိန်နန်းသီဟာ    ချက်ချာမ,မှာ    စကြာပိုင်သ သစ်လောင်းနေမိတံ။ ရှစ်သင်.ရွေရှိရံ။ 
နုမော်နတ်ဝေး ခတ်ကြွေးညံအောင် မြတ်စာရေးတန် 
လှူပွဲချိန်မို့လေး။”
ဝါခေါင်လဘွဲ့ တေးထပ်
“သရဝဏ် ရောင်လင်း ဆောင်တွင်းငယ်သာစွာ။ 
နောင်မယွင်း ဒွါဒရာမှာ။ ပင်ခတ္တာ သည်ပန်း။ 
သိမ်စက်ဝန်း     စခန်းပုံငယ်၊     လမ်းမဇ္ဈူ - ပြင်ဘက်သို့မြန်။ ရွှေခြင်္သေ့ - စံရွှင်သည်  ဖလ်ဂူတွင်-နတ်နန်း၊ စာရေးတံ - ခါဆန်းဖို့၊ သာလွမ်းဖို့ ဝေဖြာ၊ နေစက်ရောင် - တစ်ဖဝါးပ၊ 
ချထားဖို့ ကိန်းမြတ်သေချာ။ တဆယ့်ခုနစ် ငွေမောင်းဖြာတယ်၊ 
ရွေ, ညောင်းခါ စံမမွေ့နိုင်ဘု ပန်သရွေ့ ဝသန်နယ်။ 
လွမ်းမက,ကြယ်… ညွှန်းပြန်ကြ ငှက်မောင်မယ်၊ ထက်သောင်စွယ် မြစ်ကမ်းကလေ…။”
ဝါခေါင်လဘွဲ့ လေပြေ
“မိလ္လာရီ အပြာရောင်ခတာက စိန်တရာရတီ ပနာထောင်၍ပြသလို၊ 
သိဟ်ရာသီ ဝါခေါင်လကို လှ၊  မဟာအခေါင်သမတ  နန်းစမုတ် ဘမရာ  ပလ္လင်ဝယ်၊  ကွမ်းထုပ်ပဝါပြင်၍  နဘေးတဖန်ဆွဲပြီး၊  စာရေးတံပွဲ မှတ်စရာစာတမ်းငယ်နှင့်၊ ရှေးအမှန်မလွဲ အမြတ်တခါ မနွမ်းဖို့၊ ခတ္တာပန်း အမွန်အထက် အမြတ်ပါဘဲ၊ သရဝဏ်နက္ခတ် အရောင်လူ၍    မပြိုင်ဝံ့ပါဘု၊   နောင်မတူနိုင် ပန်းမွှေသင်းတယ် နှင့်၊  တောင်ဇမ္ဗူပိုင်   အဆန်းတေးနှင့်သွင်းပြီး...  မန္တလေးဘွဲ့ သီချင်းတီး။”
ဝါခေါင်လဘွဲ့ ခွန်းထောက်
“သိဟ်ဝါခေါင် ရာသီစက်မှာတော့ မိလ္လာရောင် ပြာရီဖက်ပါလို့   ဣန္ဒာမောင်ဝါနီ   ယှက်တယ်   မိုးတက်လို့  မှောင်ထက်မှောင်၊      ရုပ်ပုံမှာ    ရွှေခြင်္သေ့ငယ်နှင့်    သိမ်မွေ့ခါ    ပျော်လွန်လို့    သရဝဏ် ရွှေကြက်မြူးတယ် ထူးတဲ့အရောင်။ စာရေးတံ သဘင်ပြုချိန်မို့ ပန်းခတ္တာ    မာလာနုငယ်နှင့်    ကင်းဘက်မှု    ခေါင်ထက်ခေါင်၊ 
အို-ပြည်ထောင် လုံ့ခြိမ့်လေး။ ရွာမယောင်... ရွာမယောင် ဝဠာမောင် မာန်တော်ဖြိုးပါလို့ သည်မိုးပုံ 
လျှပ်ခြည်ဆန်းတယ်နှင့်   အခိုးစုံပတ်လည်က   သန်းပြန်တော့ နန်းပြည်မြို့ဝေးကိုတဲ့ အိုကွယ် - မှန်းရည်လို့ဆွေး။”
ဆယ့်နှစ်လရာသီဖွဲ့များပါ အကြောင်းအရာများသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ (Environmental) များနှင့်   ဆက်စပ်မှုရှိနေပေ သည်။ ထိုလ၊ ထိုကာလ၏ အာကာသကောင်းကင်တွင် ရာသီစက် တာရာ  နက္ခတ်စန်းယှဉ်မှုနှင့်ဆက်စပ်၍လည်းကောင်း၊ အရုဏ်တက် နေထွက်နေဝင်   မွန်းတည့်ဆည်းဆာအချိန်ကာလနှင့်   ဆက်စပ်၍ လည်းကောင်း၊ တောတောင်ရေမြေ  ဖူးပွင့်ဝေစည် ကုန်းနေရေနေ သတ္တဝါများ၏ ဓလေ့စရိုက်သဘာဝများနှင့်လည်းကောင်း ဆက်စပ်၍ ရေးဖွဲ့ကြရာ စာဆိုမယ်ခွေ၏  ဝါခေါင်လဖွဲ့အဲချင်းကိုဖတ်၍ လေ့လာ နိုင်ပါကြောင်း မြန်မာမှုဒြပ်မဲ့ ယဉ်ကျေးမှုဆိုင်ရာများကို ဤအဲချင်းတွင် ရှာဖွေလေလေ တွေ့ရှိလေလေဆိုသကဲ့သို့ တွေ့ရှိသိမြင်နိုင်မည်ဖြစ် ပါကြောင်း တင်ပြအပ်ပါသည်။
ဝါခေါင်လ
“စက်ခန်းမှ  ရဝေလေ…ဝါခေါင်ပြီပြီ၊ သည် ရာသီကို၊ နာရီအတွင်း၊ ခြောက်စုံနင်းလို့၊ နေမင်းမိတ်စုံ၊ ဖလဂုန်လည်း၊ ရွှေယုန်ပမာ၊ ထွက်လို့ လာတော့တယ်၊ အာကာဗွေ ငယ်ကလေး။ 
သပြေမှ   တောင်လက်၊   မသာစတောင်း၊   ရှုမညောင်းသည်၊  ရေကြောင်းပျော်မှီး၊ နားမငြီးအောင်၊ ဦးရီးနောင်မယ်၊ ချစ်ရိပ် ကယ်သွယ်သည်၊    လွမ်းနယ်ဖက်လို့၊    တောကြက်ကယ်ဖနီ။ ကြင်ဖက်ခေါ်သွေး၊   ရွှေမြစ်တွေးတို့၊   ငှက်ကျေးသောသော၊ သံစုံငယ်နှောလို့၊ ဥသြညို ချီသည်၊ ကတ္တရီရွှေမုံနှင့်၊ ခတ္တာငုံတုန်း။ 
မြစ်လုံးမှဝေဆာ၊  ရွက်သစ်ကယ်စိမ်းစိမ်း၊ ခက်လက်ကယ်ယိမ်း သည်၊ တစ်ကြိမ်းဆောင်လိုက်၊ မိုးတစ်ဝိုက်ကို၊ သိုင်းရိုက်ကာနှင့်၊ သူဇာတို့မောင်၊   ကမ္ဗလာရစ်ခြယ်၊   တစ်သောင်းနယ်က၊   ညာ, ဘယ်ခွေညွတ်၊  သင်တိုင်းဝတ်လို့၊  လွမ်းဆွတ်ဖွယ်ဆောင်သည်၊ ဒဂုံတောင် မြို့ပြည်တွင်းက၊ မြင်းတာရာဖြိုး။ 
သည်အချမ်းလ၊   သမယကို၊  မြန်မာ့သင်းကျစ်၊   သတိုးစစ်တို့၊ လက်ရှစ်ကချေ၊ အထွေထွေနှင့်၊ ရွှေစာရေးတံ၊  အောင်ပွဲခံသည်၊   ကြံရာမသိ၊  မကြီးရှိခိုက်ကို၊  ရပ်ဘုမ္မိနက်သန်က၊  လွမ်းရန်ကို နယ်မနင်းပါနှင့်တော့၊ သိဟ်တွင်း မိုးလေး…။”