
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြို့နယ်၊ တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ပေး ရန်အတွက် ဆရာဝန်လိုအပ်လျက်ရှိသော ဆေးရုံများ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သား ဆရာဝန်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်ဥက္ကဋ္ဌ၊ ချင်း ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် ယခုကဲ့သို့ နိုင်ငံတော်၏ ဝေးလံခေါင်ဖျားသည့်ဒေသများတွင် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုတာဝန်ကို ထမ်းဆောင် နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းကို ဦးစွာ ပြောကြားလိုပါကြောင်း။
နိုင်ငံ၏ ပထဝီမြေပြင်အနေအထားနှင့် ဝေးလံ ခေါင်ဖျားဒေသများ၏ ကျန်းမာရေးအခြေအနေ
မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်း နေထိုင်ကြပြီး တောတောင်ရေမြေ၊ တောင်တန်း၊ မြေပြန့်နှင့် မြစ်ဝှမ်းလွင်ပြင်အစရှိသည့် မြေမျက်နှာ သွင်ပြင်စုံလင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ထိုကဲ့သို့သောဒေသများတွင် မိမိတို့တိုင်းရင်းသား များသည် နေရာအနှံ့ ပျံ့နှံ့နေထိုင်နေကြသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ သွားလာရခက်ခဲသည့် တောင်တန်းဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားများသည် ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပတ်သက်ပါက လက်လှမ်းမမီခဲ့သည့်အတွက် ကျန်းမာရေးအဆင့်အတန်းသည် ခေတ်အဆက်ဆက် နိမ့်ကျခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း။
ချင်းပြည်နယ်၏ လက်ရှိကျန်းမာရေး အခြေအနေကို လေ့လာကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်း (Life Expectancy at Birth) သည် ၆၇ နှစ်ဖြစ်ပြီး ချင်းပြည်နယ်၏ မျှော်မှန်း သက်တမ်းသည် ၆၃ ဒသမ ၃ နှစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အနိမ့်ဆုံးဖြစ် သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင် ၁ နှစ် အောက်ကလေးသေဆုံးနှုန်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကလေးအရှင် ၁၀၀၀ မွေးတိုင်း ၁၂ ဦးရှိပြီး ချင်းပြည်နယ်၌ ၁၈ ဦး၊ ၅ နှစ်အောက် ကလေး သေဆုံးနှုန်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ကလေးအရှင် ၁၀၀၀ မွေးတိုင်း ၁၅ ဦးရှိပြီး ချင်း ပြည်နယ်၌ ၂၅ ဦး ရှိသည်ကို တွေ့ရှိ ရမည်ဖြစ်ကြောင်း၊ မိခင်သေဆုံးမှုအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ကလေး အရှင် ၁ သိန်း မွေးတိုင်း ၁၀၂ ဒသမ ၇ ဦးရှိပြီး ချင်းပြည်နယ်၌ ၁၅၈ ဦးခန့် ရှိသည့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အမြင့်ဆုံးဖြစ် နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင် ငါးနှစ်အောက် ကလေးငယ်များ၌ အာဟာရချို့တဲ့မှု များအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၆ ဒသမ ၇ ရာခိုင်နှုန်းရှိရာ ချင်းပြည်နယ်ရှိ ကလေး ငယ်များ၏ ၄၀ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့ နေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ဝေးလံခေါင်ဖျားပြီး ကျန်းမာရေး စောင့်ရှောက်မှုများကို လက်လှမ်းမမီသည့် တိုင်းရင်း သားဒေသများကို မိမိတို့တပ်မတော်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးသွားရမည်ဖြစ် ကြောင်း။
ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၌ တပ်မတော်သား ဆေးမှူးအရာရှိများ တာဝန်ထမ်းဆောင်ခဲ့မှု
ထိုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် ရန်အတွက် တပ်မတော်သား ဆေးမှူးအရာရှိများကို ၂၀၁၆ ခုနှစ်ကတည်းက စေလွှတ်ခဲ့ရာ ပထမအကြိမ် ၄၄ ဦး၊ ဒုတိယအကြိမ် ၄၄ ဦး၊ တတိယအကြိမ် ၄၆ ဦး နှင့် စတုတ္ထအကြိမ်တွင် ၁၈ ဦးဖြင့် ဆေးမှူးအရာရှိ ၁၅၂ ဦးကို လေးကြိမ်ခွဲ၍ စေလွှတ်နိုင်ခဲ့ပြီးဖြစ် ကြောင်း၊ တတိယအကြိမ် ဆေးအကာအကွယ်ပေး တာဝန်များကို ထမ်းဆောင်ရန်အတွက် ဆေးမှူး အရာ ရှိ ၄၆ ဦးကို စေလွှတ်ခဲ့ရာ ၄၄ ဦး ပြန်လည် ရောက်ရှိလာခဲ့ပြီး ၂ ဦးသည် လုံလဲတိုက်နယ်ဆေးရုံ တွင် တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်သမား များ၏ တိုက်ခိုက်မှုကိုခံခဲ့ရသည့်အတွက် ကျဆုံးခဲ့ရ သည်ကိုလည်း စိတ်မကောင်းဖွယ် တွေ့မြင်ကြရမည် ဖြစ်ကြောင်း၊ တတိယအကြိမ် စေလွှတ်ခဲ့သည့် တပ်မတော်သားဆေးမှူးများသည် တွန်းဇံ၊ မတူပီ၊ မှောင်တလန်၊ လဟယ်နှင့် နန်းယွန်းအစရှိသည့် ဒေသများတွင်ရှိသည့် မြို့နယ်ဆေးရုံ၊ တိုက်နယ် ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဆေးပေးခန်း ၂၃ နေရာ၌ ၂ နှစ်နှင့် ၃ လကြာ တာဝန်ထမ်းဆောင် ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုအထဲမှ ဆေးမှူးအရာရှိ နှစ်ဦးဖြစ်သည့် ဗိုလ်ကြီး လှိုင်မြင့်ထွန်းနှင့် ဗိုလ်ကြီး ဝင်းကျော်တို့နှစ်ဦးသည် ကျရာတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့သည့်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခြင်းကို ခံခဲ့ရသည်ကိုလည်း တွေ့ရမည်ဖြစ် ကြောင်း။
လူတစ်ဦးချင်းတစ်ယောက်ချင်းစီ၏ ဘဝများ ရှင်သန်ရပ်တည်ရန် တစ်ဦးချင်းစီ၏ မျှော်လင့်ချက် ပန်းတိုင်များ ရှင်သန်နေရန်လိုကြောင်း၊ ပြည်သူ တစ်ဦးချင်းစီ၏ မျှော်လင့်ချက်ပန်းတိုင် ရှင်သန်ခြင်း မှသည် မိသားစုနှင့် နိုင်ငံတော်၏မျှော်လင့်ချက် ပန်းတိုင်များ ရှင်သန်စေပြီး လူ့အဖွဲ့အစည်းတစ်ခု လုံး၏ အောင်မြင်မှုကို ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ဝေးလံခေါင်ဖျားသည့် ဒေသများ ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးမှူးအရာရှိများ အနက် ၇၆ ဦးကို ဆေးပညာမဟာသိပ္ပံ သင်တန်းကို တိုက်ရိုက်တက်ရောက်ခွင့်ပြုခဲ့ပြီး ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဆေးမှူးအရာရှိများအနေ ဖြင့်လည်း မိမိတို့၏ဘဝ မျှော်လင့်ချက်ပန်းတိုင်ကို ရောက်ရှိ အောင် မျက်ခြည်မပြတ် ဆက်လက်ကြိုးပမ်း အားထုတ်ခြင်းဖြင့် မိမိအကျိုး၊ မိမိ မိသားစုအကျိုး၊ နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို တိုးတက်အောင် ဆောင်ရွက်သွားကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုရရှိခဲ့သည့် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ရှည် သည်းခံ မှု၊ ရောင့်ရဲတင်းတိမ်မှုများကို မလျှော့ကြရန် မှာကြားလိုကြောင်း။
ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးမှူး အရာရှိများအနက် ထူးခြားချက်အနေဖြင့် တပ်မတော်သားဆေးမှူးအရာရှိတစ်ဦးသည် ၂၀၁၈ ခုနှစ်တွင် မတူပီမြို့နယ် ပြည်သူ့ဆေးရုံတွင် ပထမ အကြိမ် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်တွင်လည်း ဒုတိယအကြိမ်အနေဖြင့် မိမိ ဆန္ဒအလျောက် လဟယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ထပ်မံသွားရောက် တာဝန်ထမ်းဆောင်လျက်ရှိသည် ကို တွေ့ရသည့်အတွက် ချီးကျူးဂုဏ်ယူကြောင်းကို ပြောကြားလိုပါကြောင်း။
တပ်မတော်အနေဖြင့် ယခုကဲ့သို့ ချင်းပြည်နယ် နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်ရှိ သည့် တိုင်းရင်းသားများကို ကျန်းမာရေးစောင့်ရှောက် မှုပေးခဲ့ရာတွင် ပထမအကြိမ်အနေဖြင့် ဒေသခံ ပြည်သူလူထု ၂၀၂၃၃၂ ဦး၊ ဒုတိယအကြိမ်အနေဖြင့် ၁၇၁၀၈၄ ဦး၊ တတိယအကြိမ်အနေဖြင့် ၉၃၆၀၀ ၊ စုစုပေါင်း ၄၆၇၀၁၆ ဦးတို့ကို ပြုစုစောင့်ရှောက်မှုများ ပေးနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် ဆေးကုသ မှုဆိုင်ရာရောဂါ၊ ခွဲစိတ်ရောဂါ၊ ကလေးနှင့် သားဖွား မီးယပ်ရောဂါ၊ မျက်စိနှင့် နား၊ နှာခေါင်းရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ အစရှိသည့် ရောဂါများခံစားနေရသည့် ဒေသခံပြည်သူလူထုကို ပြုစုစောင့်ရှောက်မှုပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသည် မိမိတို့တပ်မတော်အနေဖြင့် တိုင်းရင်းသား ပြည်သူများ၏ အရေးနှင့်ပတ်သက်ပါက အစဉ်အမြဲ ဦးထိပ်ထား ဆောင်ရွက်ပေးလျက်ရှိသည်ကို ဖော်ပြ လျက်ရှိသည့် အချက်များပင်ဖြစ်ကြောင်း။
ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုများကို အစဉ်အဆက် ဆောင်ရွက်ပေးလျက်ရှိ
ယခုအချိန်သည် နိုင်ငံတကာနှင့် နိုင်ငံအတွင်း၌ပါ ကပ်ရောဂါ ဘေးဒဏ်များနှင့် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ လျော့နည်းကျဆင်းမှု များ ကြုံတွေ့နေရသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံများအနေဖြင့် လူဦးရေ ၁၀၀၀ တွင် အနည်းဆုံး ဆရာဝန် ၁ ဦးနှင့် ကျန်းမာရေးလုပ်သား အနည်းဆုံး ၂ ဒသမ ၃ ဦး ရှိသင့်ကြောင်း သတ်မှတ်ထားရာ မြန်မာနိုင်ငံအနေ ဖြင့် လက်ရှိအချိန်တွင် လူဦးရေ ၁၀၀၀ ၌ ဆရာဝန် ၀ ဒသမ ၃၇ ဦး၊ ကျန်းမာရေးလုပ်သား ၁ ဒသမ ၄၇ ဦးရှိသည်ကို တွေ့ရှိရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်ထက် လျော့နည်းနေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့ သော နိုင်ငံရေးပဋိပက္ခတွင် ကျန်းမာရေးဝန်ထမ်း အချို့သည် လုပ်ငန်းခွင် စွန့်ခွာမှုများ ပြုလုပ်ခဲ့သည့် အတွက် နိုင်ငံအတွင်း၌ရှိသည့် ကျန်းမာရေးဝန်ထမ်း အင်အားမှာ များစွာ လျော့နည်းခဲ့ရပါကြောင်း၊ ထိုကဲ့သို့လျော့နည်းခဲ့သည့်အတွက် လစ်ဟာသွား သည့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ဖြည့်ဆည်းနိုင်ရန် တပ်မတော်ဆေးရုံ၊ ဆေးပေးခန်း များတွင် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု များကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ယခုအချိန်ထိ ပြင်ပ လူနာ ၄၄၉၈၉၂ ဦး၊ ဆေးရုံတက်လူနာ ၁၃၇၀၈၀ ကို ပြုစုစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
မိမိတို့တပ်မတော်သည် ခေတ်အဆက်ဆက်တွင် လည်း နိုင်ငံ့အရေး၊ တိုင်းရင်းသားပြည်သူများအရေး တို့နှင့် ပတ်သက်ပါက အစဉ်အမြဲဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့် နေရာတွင် တပ်မတော်၏ မူလတာဝန်များဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုဆောင်ရွက် သည့်နည်းတူ ပြည်သူလူထုကျန်းမာရေးနှင့် ပညာရေးများကိုလည်း တစ်ဖက်တစ်လမ်းက ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ဝေးလံခေါင်ဖျား သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု တာဝန်များ ထမ်းဆောင်နိုင်ခဲ့သည့်အတွက်လည်း ချီးကျူးဂုဏ်ပြုကြောင်းကို ပြောကြားလိုကြောင်း၊ နောင်လာမည့် အနာဂတ်တွင်လည်း ဆရာဝန် တစ်ဦးအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်ရေး ကို ဆောင်ရွက်ရမည့်နည်းတူ တိုင်းပြည်အကျိုး၊ ပြည်သူအကျိုးကိုလည်း ဦးထိပ်ထား ဆက်လက် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ဂုဏ်ပြုလက်ဆောင်များအသီးသီးပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရာ တပ်မတော်သားဆရာဝန်များကိုယ်စား ဆေးမှူး သုံးဦးက လက်ခံရယူသည်။
တပ်မတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ
ကျန်းမာရေးအဆင့်အတန်း မြင့်မားလာ စေရေးအတွက်သာမက ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးနိုင်ခဲ့
ယင်းနောက် ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား ဆရာဝန်များကိုယ်စား ဆေးမှူး ဗိုလ်ကြီး လှိုင်မြင့် ထွန်းက ဆေးဝါးကုသခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာတွင် တွေ့ကြုံခဲ့ရမှုများအား ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝ မရရှိသေး သည့် ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင် ခဲ့စဉ် မိမိတို့၏ အသေးစိတ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက နယ်မြေခံဒေသခံလူထု အပေါ် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးနိုင်ရေးအတွက် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း များ၊ အုပ်ချုပ်ထောက်ပံ့မှုပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးပစ္စည်းများကို ထောက်ပံ့ ပေးခဲ့သည့်အတွက် ယခုကဲ့သို့ မိမိတို့၏ တာဝန် ဝတ္တရားများကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန် မှုဖြင့် နယ်မြေခံပြည်သူလူထု၏ ကျန်းမာရေးအဆင့် အတန်းမြင့်မားလာစေရေးအတွက်သာမက ပြည်သူ့ အကျိုးပြုလုပ်ငန်းများ၊ ဒေသဘက်စုံတိုးတက်ရေးလုပ်ငန်းများနှင့် အခြေခံပညာစာပေ သင်ကြားရေး များတွင်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ခဲ့ ပါကြောင်း၊ ဒေသခံ ပြည်သူလူထု၏ နွေးထွေးသည့် တုံ့ပြန်မှုများကိုလည်း ရရှိခဲ့ပါကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးခဲ့ပြီး လမ်းညွှန်ပြသ စောင့်ရှောက်ပေးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိ ပါကြောင်းနှင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် ကျရာတာဝန်များကို ကျေပွန်စွာ ဆက်လက်ထမ်း ဆောင်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသူ များနှင့် ဝေးလံခေါင်ဖျားဒေသများတွင် တာဝန် ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များ အား ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ ခဲ့ပြီး ဂုဏ်ပြုလက်ဖက်ရည် သုံးဆောင်နေစဉ်အတွင်း မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြု ဖျော်ဖြေကြသည်။
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် ဝေးလံခေါင်ဖျားဒေသ များတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော် သားဆရာဝန်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင် ပေးရန်အတွက် ဆရာဝန်လိုအပ်လျက်ရှိသည့် ဆေးရုံ များတွင် တပ်မတော်သားဆရာဝန်များ တာဝန် ထမ်းဆောင်ခဲ့မှုအနေဖြင့် ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့် လည်းကောင်း၊ တတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် တပ်မတော် သားဆရာဝန် ၄၆ ဦးဖြင့်လည်းကောင်း အသီးသီး တာဝန်လဲလှယ်ထမ်းဆောင်ခဲ့ကြပြီး ယခု ၂၀၂၂ ခုနှစ် တွင်လည်း တပ်မတော်သားဆရာဝန် ၁၈ ဦးသည် စတုတ္ထအကြိမ်အဖြစ် သွားရောက်တွဲဖက်တာဝန် ထမ်းဆောင်လျက်ရှိကြောင်း၊ တာဝန်လဲလှယ် ထမ်းဆောင်ချိန်များတွင်လည်း ဒေသခံပြည်သူများ က တပ်မတော်သားဆရာဝန်များနှင့် မိသားစုများကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း၊ ထိုသို့ သွားရောက်တာဝန်ထမ်းဆောင်စဉ် ၎င်းတို့၏ မိသားစုများသည်လည်း အတူတကွလိုက်ပါကြပြီး ကျရာတာဝန်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အတူတကွ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
တပ်မတော်သားဆရာဝန်များအနေဖြင့် စတင် တာဝန်ထမ်းဆောင်ချိန်မှစ၍ တတိယအကြိမ်အထိ ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၄၆၇၀၁၆ ဦး တို့ကို ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူတို့ ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ စားဝတ်နေရေး အထောက်အကူဖြစ်စေရန် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာပေးခြင်းများ၊ ဒေသဘက်စုံတိုးတက်ရေး လုပ်ငန်းများတွင်လည်း ဒေသခံပြည်သူများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့်အတူ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မိမိတို့တတ်မြောက်ထား သည့် ပညာရပ်များဖြင့် ဒေသခံပြည်သူတို့၏ အကျိုး၊ နိုင်ငံတော်အကျိုးကို တတ်စွမ်းသရွေ့ သယ်ပိုး ထမ်းရွက်နိုင်ခဲ့ကြသဖြင့် ယခုကဲ့သို့ အခမ်းအနား ဖြင့် ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်