
နေပြည်တော် ဩဂုတ် ၁
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ဗုဒ္ဓဘုရား ရှင်၏ တရားဦးဓမ္မစကြာဟောကြားသည့် ဓမ္မစကြာအခါတော်နေ့ ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်း၌ပြည်သူများ ဝါဆိုသင်္ကန်းနှင့် ဝါဆို ပန်းများ ကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ကြ ခြင်းနှင့် တရားဘာဝနာပွားများခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိရာ နေပြည်တော်ရှိ တန်ခိုးကြီးဘုရားစေတီများ၌လည်း ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်သူ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူ၊ အလှူဒါနပြုသူ၊ သီလဆောက်တည်သူများဖြင့် အထူးစည်ကားခဲ့သည်။
နေပြည်တော်ရှိ လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်၊ ရွှေလွမ်းတောင် စေတီတော်၊ နေရောင်ပြအင်း စေတီတော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့ ဖောင်တော်ချက်မ စေတီတော်၊ ပျဉ်းမနား ဘုရားကိုးဆူစေတီတော်၊ စူဠာမုနိစေတီတော်၊ ဆုတောင်းရ ဆုတောင်းပြည့်စေတီတော်အပါအဝင် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင် ဘုရားဖူးများ ဖြင့် စည်ကားခဲ့ပြီး ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့ဖြင့် ပြည်သူများ ကုသိုလ်ကောင်းမှု ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဝါဆို ရွှေကြာသင်္ကန်းကို အခမ်းအနားဖြင့် ကပ်လှူပူဇော်ခဲ့ပြီး နေပြည်တော် နှင့် ပတ်ဝန်းကျင်မြို့နယ်၊ ကျေးရွာများမှ ဘုရားဖူးလာပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်ကြသူများဖြင့် အထူးစည်ကားခဲ့ကာ ညနေပိုင်းတွင် ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲကိုလည်း ကျင်းပခဲ့ကြသည်။
ထို့အတူ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် “ဖွား၊ ပွင့်၊ ဟော၊ စံ” သံဝေဇနိယ လေးဌာနတို့၌လည်း ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
ဝါဆိုလပြည့်နေ့သည် ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေကာ လူ့ပြည်၌ ပဋိသန္ဓေတည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသောနေ့၊ ဘုရား ဖြစ်တော်မူပြီး ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကိုနှိမ်နင်း၍ တန်ခိုးပြာ ဋိဟာ ပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရား ရတနာစတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့နှင့် ဧဟိဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ ဖြစ်သည့်အတွက် ထူးခြားလှသည့် ဂုဏ်အင်များနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်သည်။
သတင်းစဉ်