ဦးပိန်တံတားနှင့် တောင်သမန်အင်း ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်ရေး အလေးထားဆောင်ရွက်

 

မန္တလေး    ဧပြီ    ၃


မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမောင်ကိုသည်    တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ   အမရပူရ မြို့နယ်ရှိ     တောင်သမန်သစ္စာ     စီမံကိန်းနေရာသို့  ယနေ့နံနက်ပိုင်းက     ရောက်ရှိလာကာ   အဆိုပါ စီမံကိန်းမှ   တာဝန်ရှိသူများက  စီမံကိန်းဧရိယာ အတွင်း  လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အပန်းဖြေနေရာများတွင် ပြည်သူများ စိတ်ချမ်းမြေ့စွာ    အနားယူနိုင်ရေး   စီစဉ်ပေးရန် မှာကြားပြီး စက္ကူပန်းပင်များ ပျိုးထောင် စိုက်ပျိုးထား မှုများ၊     အပန်းဖြေနေရာများအား   လိုက်လံကြည့်ရှု ၍  အပန်းဖြေလာရောက်ကြသူများကို  ရင်းနှီးစွာ နှုတ်ဆက်သည်။ 

 


ယင်းနောက်   ဦးပိန်တံတား  တောင်ဘက်နှင့် မြောက်ဘက်နေရာများသို့ သွားရောက်ကြည့်ရှုရာ တောင်မင်းကြီး  မြတ်စွာဘုရားဂေါပကအဖွဲ့ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဈေးဆိုင်ခန်းများ ချထားပေးမှု၊ ပြည်တွင်းပြည်ပဧည့်သည် ဝင်ရောက် မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က တောင်မင်းကြီးမြတ်စွာဘုရား၊ တောင်သမန်အင်းနှင့် ဦးပိန်တံတားပတ်ဝန်းကျင်ရှိ အဆောက်အအုံများအား  ရှေးဟောင်းသုတေသနနှင့် အမျိုးသားယဉ်ကျေးမှုဦးစီးဌာနမှ သတ်မှတ်ထား သော ဧရိယာများတွင်သာရှိရန်၊ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ရှေးဟောင်းယဉ်ကျေးမှုကို ပံ့ပိုး မှုသာဖြစ်စေပြီး ရှေးဟောင်းယဉ်ကျေးမှုကို ထိခိုက် စေမည့်အဆောက်အအုံများ ခွင့်ပြုဆောက်လုပ်ခြင်း မပြုရန်နှင့် တံတားကြံ့ခိုင်ရေး၊ အပန်းဖြေအနားယူ သူများ စိတ်ချမ်းမြေ့စွာရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်ရေးတို့ကို အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။ 

 


ယနေ့သည်      ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ တောင်သမန် ဦးပိန်တံတားသို့ အပန်းဖြေအနားယူလာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက် ရှိသည်။ 


သတင်းစဉ်