ဦးခိုက်ပူဇော် ဥပ္ပါတသန္တိစေတီတော် ရွှေစင်ရွှေပြားကပ်လှူကြစို့နော်

Type
1

 

ခင်မောင်ထွန်း(အငြိမ်းစား)


နေပြည်တော်ရှိ  ရဟန်းရှင်လူပြည်သူများ   ရန်ကုန်မြို့ရှိ  ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ဖူးမြော်ရသကဲ့သို့  ကြည်ညိုသဒ္ဓါပွားများ နိုင်စေရန်    ရည်ရွယ်လျက်    မူလရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ထက် တစ်ပေသာလျော့၍  ဉာဏ်တော်အမြင့် ၃၂၅ ပေရှိ ရွှေတိဂုံပုံစံတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ် နိုင်ရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပေးခဲ့ပါသည်။


သို့ဖြစ်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်  ရေပြာကျေးရွာအနီးရှိ ဥပ္ပါတသန္တိကုန်းတော်ပေါ်၌ ၂၀၀၆ ခုနှစ်  ဩဂုတ်လမှစ၍ စေတီတော် တည်ဆောက်ရေးလုပ်ငန်းများကို   စတင်ဆောင်ရွက်ခဲ့ပါသည်။ ယင်းသို့ တည်ဆောက်ပူဇော်ရာတွင် အောက်ဖော်ပြပါ မင်္ဂလာအခမ်း အနားကိုးမျိုးဖြင့် ကျင်းပဆောင်ရွက်ခဲ့ပါသည်။


    (က)    အနန္တရာယိက မြေသန့်မဟာမင်္ဂလာ
    ( ခ )    ပန္နက်တော်တင်၊ တွင်းတော်ဝန်းမဟာမင်္ဂလာ 
    ( ဂ )    ရတနာအုတ်မြစ်တော်စီမဟာမင်္ဂလာ 
    (ဃ)    သတ္တဌာန မူလဌာပနာတော်သွင်း မဟာမင်္ဂလာ 
    ( င )    အလယ်ဌာပနာတော်သွင်း မဟာမင်္ဂလာ
    ( စ )    ပန်းလည်တိုင်စိုက်ထူခြင်း မဟာမင်္ဂလာ
    (ဆ)    အထက်ဌာပနာတော်သွင်း ရွှေထီးတော်တင်မဟာမင်္ဂလာ
    ( ဇ )    စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင် မဟာမင်္ဂလာ
    ( ဈ )    ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ


စေတီတော်မြတ်ကြီး၏ ထူးခြားချက်များမှာ-


    (က)    ကုန်းတော်တွင် အရံစေတီ၊ အာရုံခံတန်ဆောင်းများ၊ ဓမ္မာရုံ 
                များ တည်ဆောက်ထားမှုမရှိခြင်း၊
    (ခ)    အမြင့် ၇၃ ပေ ၈ လက်မမြင့်သော ပရိသတ် ၁၀၀၀၀ ဆံ့ 
                သည့် လိုဏ်တော်ကြီး ပါရှိခြင်း၊
    (ဂ)    လိုဏ်တော်ကြီးအတွင်း ဉာဏ်တော် ၃ ပေ ၂    လက်မရှိ 
                ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်လေးဆူ ပူဇော်ထားရှိခြင်း၊
    ( ဃ)    စေတီတော်   အရှေ့တောင်ထောင့်နှင့်      အနောက်တောင် 
                ထောင့်တို့တွင် ဓာတ်လှေကားလေးစင်း  တည်ဆောက် 
                ထားခြင်း၊
    ( င )    စေတီတော်တွင် ခြင်္သေ့ရုပ်၊ ဘီလူးရုပ်များ မပါရှိခြင်း၊
    (စ)    စေတီတော်ပရိဝုဏ် အရှေ့မြောက်ထောင့်တွင်    ဘုံခုနစ်
                ဆင့်   ပါရှိသော    ဂန္ဓကုဋိကျောင်းဆောင်တော်အတွင်း  
                မဟာဆုတောင်းပြည့်ဘုရားကြီးကို  ပူဇော်ထားရှိခြင်းတို့  
                ဖြစ်ပါသည်။


စေတီတော်မြတ်ကြီးသို့ အရပ်လေးမျက်နှာမှ    စောင်းတန်း လေးသွယ်ဖြင့် တက်ရောက်ဖူးမြော်နိုင်ရန် စီစဉ်ထားရှိပြီး စေတီတော် မြတ်ကြီး၏ ဉာဏ်တော်အမြင့်မှာ -


    (က)    ရင်ပြင်တော်မှ ပန်းတည်ခုံအထိ  ပေ  ၂၀
    ( ခ )    ပန်းတည်ခုံမှ ငှက်ပျောဖူးအထိ    ၂၆၂ ပေ
    ( ဂ )  ထီးတော်အမြင့်   ၄၃ ပေ
    (ဃ)    ရင်ပြင်တော်မှ ထီးတော်အထိ    ၃၂၅ ပေ ရှိပါသည်။


ထို့အပြင် ရင်ပြင်တော်၏ အရှေ့တောင်ထောင့်တွင် အမြင့် ၁၀၈ ပေရှိသော တံခွန်တိုင်၊ အနောက်မြောက်ထောင့်တွင် အကျယ်ပေ ၅၀ ရှိသော အောင်မြေ၊ မုခ်ဦးလေးခုအပြင် အရှေ့မြောက်ထောင့်တွင် မဟာဆုတောင်းပြည့်ဘုရားကြီး ဂန္ဓကုဋိကျောင်းဆောင်တော်တို့ တည်ရှိပါသည်။
စေတီတော်၏လိုဏ်အတွင်းတွင် စကျင်ကျောက်သားဖြင့် ထုလုပ် ထားသည့် ဖွား၊ ပွင့်၊ ဟော၊ စံ အစရှိသည့် ပန်းချီကား ၄၈ ချပ်၊ လိုဏ် အတွင်း မျက်နှာကြက်တွင် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးနှင့် ပဋ္ဌာန်း(၂၄)ပစ္စည်းတို့ကို ကြေးပန်းတဉ်းလုပ်ငန်း၊ ရွှေဇဝါယွန်းလုပ်ငန်းတို့ဖြင့် ရေးသားဖော်ပြထားပါသည်။
စေတီတော်ပရိဝုဏ်တွင်        မာလိနီမင်္ဂလာရေကန်တော်နှင့် ရှင်ဥပဂုတ္တစံကျောင်းတော်၊ စေတီတော်အောက်ခြေပရိဝုဏ်အတွင်း မြေနေရာများတွင် ပွင့်ရောဗောဓိ ၂၈ ပင်နှင့် နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ဗောဓိညောင်ပင် ၁၀၈ ပင်၊ မဟာဗောဓိညောင်ပင်ကြီးသုံးပင်၊ ဝိသုံဂါမ ရွှေသိမ်တော်၊ စေတိယပါလစံကျောင်းတော်၊ သာသနာ့မဟာဗိမာန် တော်၊ သံဃာရာမကျောင်းဆောင်လေးဆောင်၊   ပြတိုက်-ပိဋကတ် တိုက်-မော်ကွန်းတိုက်၊ ဂေါပကအဖွဲ့ရုံးနှင့် စေတီတော်အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်တောင်ဘက်ခြမ်းတို့၌ နားနေဇရပ်သုံးဆောင် တည်ဆောက်ထားရှိပါသည်။  ထို့အပြင်    စေတီတော်၏အနောက် မြောက်ဘက်တွင် ဗုဒ္ဓခြေတော်ရာပြတိုက်ကိုလည်း ဖွင့်လှစ်ပြသ ပူဇော်ထားရှိပါသည်။

 


ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခဲ့


အလားတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ၂၀၀၉ ခုနှစ် မတ်လ ၇ ရက်(၁၃၇၀ ပြည့်နှစ် တပေါင်းလပြည့်နေ့)တွင် ရွှေထီးတော် တင်လှူခဲ့ရာ ထီးတော်အောက် ငှက်ပျောဖူးတော်မှ     ကြာမှောက်၊ ကြာနုအထိ ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခဲ့ပါသည်။ ထို့နောက် ဒုတိယအကြိမ်အဖြစ် စေတီတော်တတိယဖောင်းရစ်အောက် သုံးပေ အထိ ၂၂၈၀ ဒသမ ၀၃ စတုရန်းပေအား ၁၈-၁-၂၀၁၅ ရက်မှစ၍ ရွှေစင်ရွှေပြားများ  စတင်ကပ်လှူခဲ့ရာ ၂ - ၂ - ၂၀၁၅ ရက်တွင် ရွှေစင်ပြားချပ်ရေ  ၂၅၅၄ ချပ် ကပ်လှူပြီးစီးခဲ့ပြီး ရွှေစင် ၂၂ ပိဿာ ၈၃ ကျပ်သား ကုန်ကျခဲ့ပါသည်။ ယင်းနောက် စေတီတော်မြတ်ကြီး ဒုတိယဖောင်းရစ် ဧရိယာ ၂၂၀၀ ဒသမ ၉၆ စတုရန်းပေအား ၂၀ - ၁- ၂၀၁၉ ရက်မှစ၍ ရွှေစင် ရွှေပြားများ စတင်ကပ်လှူခဲ့ရာ ၁၉ - ၂ - ၂၀၁၉ ရက်တွင် ရွှေစင်ပြား ချပ်ရေ  ၂၂၃၂ ချပ် ကပ်လှူပြီးစီးခဲ့ပြီး ရွှေစင် ၂၂ ပိဿာ ၈ ကျပ်သား ကုန်ကျခဲ့ပါသည်။ 
ယခုအခါ ကျန်သော ပထမဖောင်းရစ်ဧရိယာ ၃၄၈၅ ဒသမ ၇၈ စတုရန်းပေအား ရွှေစင်ရွှေပြားများ   ကပ်လှူရန်အတွက်      စီစဉ် ဆောင်ရွက်လျက်ရှိရာ   ရွှေစင် ၃၇ ပိဿာ နှင့်   ၅၈ ကျပ်သားခန့် ကုန်ကျမည် ဖြစ်ပါသည်။
ယခင် ဒုတိယဖောင်းရစ်အား  ရွှေစင်ရွှေပြားများ  ကပ်လှူစဉ်က ရွှေလက်ကျန် ၁ ပိဿာ ၁၀  ကျပ်သား ကျန်ရှိနေပြီး ပထမဖောင်းရစ် ဧရိယာ ၃၄၈၅ ဒသမ ၇၈ စတုရန်းပေအား ရွှေစင်ရွှေသားများ ကပ်လှူ ပူဇော်နိုင်ရန်အတွက် တစ်ပေပတ်လည် ရွှေစင်ရွှေပြားတစ်ချပ်လျှင် ကျပ် ၂၅ သိန်းနှုန်းဖြင့် အလှူခံ   ဆောင်ရွက်လျက်ရှိရာ  အနယ်နယ် အရပ်ရပ်မှ ပုဂ္ဂိုလ်၊ ဌာန၊  အဖွဲ့အစည်းများအလိုက်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်လည်းကောင်း လာရောက်လှူဒါန်းမှုမှာ ၁၉ - ၁- ၂၀၂၄ ရက်အထိ ရွှေစင်ရွှေပြားချပ်ရေ  ၃၆၉   ချပ်အတွက် ငွေကျပ် ၆၁၉၇၆၀၁၀၀ ရရှိနေပြီ ဖြစ်ပါသည်။

 


ဆရာတော်ကြီးများ၏ ဩဝါဒတော်များကိုခံယူ


စေတီတော်မြတ်ကြီးတွင် ရွှေစင်ရွှေပြားများကပ်လှူရန်အတွက် စေတီတော်ဂေါပကအဖွဲ့သည်   ဒေသခံ ဩဝါဒါစရိယဆရာတော်ကြီး များ၏ ဩဝါဒတော်များကို  ခံယူ၍လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်    နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့၏လမ်းညွှန်မှုကို ခံယူ၍လည်းကောင်း၊   လုပ်ငန်း ကော်မတီအပါအဝင် ဆပ်ကော်မတီ ၁၂ ခုကို ဖွဲ့စည်း၍ လုပ်ငန်းများ အား    စတင်အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိပါသည်။ တစ်နိုင်ငံလုံးရှိ   ဒေသအသီးသီးမှ   ပါရမီရှင်  အလှူရှင်များကလည်း ရွှေစင်ရွှေပြားအပါအဝင် အလှူငွေများကို ထည့်ဝင်လှူဒါန်းလျက် ရှိပါသည်။
သို့ဖြစ်ပါ၍ ကြုံတောင့်ကြုံခဲဖြစ်သည့်  ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ ပထမဖောင်းရစ် ဧရိယာ ၃၄၈၅ ဒသမ  ၇၈ စတုရန်းပေအား ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ရေးတွင် သဒ္ဓါတတ်အား နည်းများ မဆို ကုသိုလ်ပါဝင်လှူဒါန်းကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းလျက် စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု     နိုင်ငံတော်ဩဝါဒါစရိယ      နေပြည်တော် တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ မဟာထေရ် ရေးသားချီးမြှင့်တော်မူသော-


        “စေတီဘုရား ရွှေပြားကိုလှူ၊ 
            ကြွယ်ဇဋိလ သဒိသပုံတူ
        ကောင်းဂုဏ်သတင်း သင်းသင်းကြူကြူ၊ 
        ရွှေတောင်ပေါက် ဝမ်းမြောက်ပျော်တဲ့သူ”
ဟူသော ရွှေစင်ရွှေသားရွှေပြားသင်္ကန်းတော်လှူဒါန်းခြင်း    အကျိုးပြ လင်္ကာကို မျှဝေဖော်ပြ၍ တိုက်တွန်းအပ်ပါသည်။     ။