ဥရုတံတား အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်း ၂၀၂၂ ခုနှစ် မတ်လကုန် ပြီးစီးရန်လျာထား

ဟုမ္မလင်း     စက်တင်ဘာ     ၈


စစ်ကိုင်းတိုင်းဒေသကြီး   ဟုမ္မလင်းမြို့နယ်ရှိ   ဥရုတံတား   အဆင့်မြှင့်တင် တည်ဆောက်ရေးစီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ တံတားတိုင် ကိုယ်ထည်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ ၂၀၂၂ ခုနှစ် မတ်လကုန် ပိုင်း၌ ပြီးစီးရန်လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။   
ဥရုမြစ်ကိုဖြတ်သန်း၍ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် သက္ကယ် ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းပေါ်၌      ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် သန်းပေါင်း ၄၀၀၀        အကုန်အကျခံကာ   အဆင့်မြှင့်တင်တည်ဆောက်နေသော    အဆိုပါဥရုတံတား  အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းအား    ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန  တည်ဆောက်ရေးအဖွဲ့ (၂)မှ   တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း   သိရသည်။      

 


“ကြမ်းခင်းလုပ်ငန်းဆောင်ရွက်မယ့် အောက်တိုဘာလဆန်းကျရင်တော့ နဂိုမူလ ကြိုးတံတားဟောင်းကို ဖြုတ်ချမှာဖြစ်ပြီး  သံပေါင်   Plate Girder များ   အစားထိုး တပ်ဆင်ခြင်းလုပ်ငန်းနဲ့ တံတားကြမ်းခင်းဆောင်ရွက်ခြင်းလုပ်ငန်းကို ဆောင်ရွက် သွားမှာဖြစ်တာကြောင့်  ၂၀၂၂  ခုနှစ်   မတ်လကုန်ပိုင်းမှာ   လုပ်ငန်းများအပြီးသတ် ဆောင်ရွက်နိုင်ဖို့  လျာထားပါတယ်။ လက်ရှိတံတားအဆင့်မြှင့်တင်တည်ဆောက်မှု   ၇၀   ရာခိုင်နှုန်း ပြီးစီးနေပါပြီ”ဟု   ဥရုတံတား   အဆင့်မြှင့်တင်တည်ဆောက်ရေး   စီမံကိန်းတာဝန်ခံအင်ဂျင်နီယာဖြစ်သည့် တံတားဦးစီးဌာန  တည်ဆောက်ရေးအဖွဲ့  (၂)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်သီဟက ပြောသည်။ 

 

 

အဆိုပါဥရုတံတားသစ်၏အရှည်မှာ စုစုပေါင်း  ပေ  ၁၀၉၀ ရှိပြီး တံတားအကျယ်  ၂၆ ပေနှင့် လူသွားလမ်းအကျယ် တစ်ဖက်လျှင်သုံးပေစီ ပါဝင်မည်ဖြစ်၍  ရေလမ်း  ကင်းလွတ်အကျယ် ၁၃၅ ပေနှင့် အမြင့် ၂၂ ပေ ရှိမည်ဖြစ်ကာ တံတားခံနိုင်ဝန်မှာ တန် ၆၀ ရှိမည်ဖြစ်ကြောင်း သိရသည်။ တံတားအောက်ထည်နှင့် ချဉ်းကပ်တံတား  နှစ်ဖက်အား သံကူကွန်ကရစ်များဖြင့် တည်ဆောက်မည်ဖြစ်ပြီး  တံတားအောက်ခံ အုတ်မြစ်များအား အချင်း ၁ ဒသမ ၈ မီတာရှိသည့် သံကူကွန်ကရစ် ဘိုးပိုင်များဖြင့် တည်ဆောက်ထားကာ တံတားခန်းဖွင့်များအတွက် အရှည် ၁၃၅ ပေ  Plate Girder လေးခန်းဖြင့် အဆင့်မြှင့်တင်တည်ဆောက်မည်ဖြစ်ကြောင်း တည်ဆောက်ရေးအဖွဲ့(၂)မှ သိရသည်။          

                                                         

သတင်း- ပွင့်သစ္စာ
ဓာတ်ပုံ- စိုးမြင့်အောင်