
နေပြည်တော် ဇွန် ၁၅
နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၃၄၈၅ စတုရန်းပေအား ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်နိုင်ရန် ဒုတိယ အကြိမ် အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည် တော်ကောင်စီဝင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူ များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဩဝါဒါ စရိယ၊ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင် ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော် မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီ ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာ တော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေး ဆိုင်ရာများ တင်ပြလျှောက်ထားသည်။
ယင်းနောက် ဝန်ကြီးဌာနများနှင့် အလှူရှင်များ က အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီးများ(ယာပုံ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြကာ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ဩဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့ အင်းသာအရှေ့ ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘဒ္ဒန္တပဏ္ဍိတထံမှ အနုမောဒနာ တရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေ ကြသည်။
ယနေ့အထိ အလှူတော်ငွေ လက်ခံရရှိမှုအနေဖြင့် အလှူရှင် ၇၂ ဦးမှ ရွှေစင်ရွှေပြား အချပ် ၁၉၀ အတွက် အလှူတော်ငွေကျပ် ၅၀၁၃၈၆၀၀၀၊ ရွှေဆေးသင်္ကန်း တော်အတွက် ငွေကျပ် ၁၁၆၃၆၃၈၅၀ စုစုပေါင်း ငွေကျပ် ၆၁၇၇၄၉၈၅၀ နှင့် အမေရိကန်ဒေါ်လာ ၁၀၀ ရရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်