ဥပဒေများပြဋ္ဌာန်းရာတွင် ခေတ်ကာလနှင့်လျော်ညီသည့် အသုံးအနှုန်းများ၊ နိုင်ငံတော်၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေး မူဝါဒအပေါ် ရပ်တည်မှု ရှိ/မရှိ သေချာစိစစ်ပြီး ဆောင်ရွက်ရမည်

နေပြည်တော်  ဖေဖော်ဝါရီ  ၂၆


လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ (၁/၂၀၂၁) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  လုံခြုံရေး၊  တည်ငြိမ်အေးချမ်းရေးနှင့်   တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ၊      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး မောင်မောင် ကျော်၊ မန်းငြိမ်းမောင်နှင့် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ    ဖြစ်ကြသည့်   ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊  ဦးမြင့်ကြိုင်နှင့်   ဦးခင်မောင်ရီ၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦး၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဗိုလ်ချုပ်မြင့်နွယ်၊ ဒုတိယဗိုလ်ချုပ် ကြီး သန်းလှိုင်နှင့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမျိုးအောင် နှင့်   တာဝန်ရှိသူများ   တက်ရောက်ကြသည်။


သေချာစိစစ်ပြီး ဆောင်ရွက်


အစည်းအဝေးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်  ကော်မတီ  ၅  ခု  ဖွဲ့စည်းထားကြောင်း၊ လုံခြုံရေး၊   တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေ စိုးမိုးရေးကော်မတီမှာ   လုံခြုံရေး၊   တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက်ဆိုသော်လည်း  စီမံ ခန့်ခွဲမှုအပိုင်းများ ပိုများသည်ကို တွေ့ရှိရကြောင်း၊ ဥပဒေများပြဋ္ဌာန်းရာတွင် ခေတ်ကာလနှင့် လျော်ညီ သည့်  အသုံးအနှုန်းများ၊  နိုင်ငံတော်၏  ပကတိ အခြေအနေနှင့်   ကိုက်ညီသည့်     အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးမူဝါဒအပေါ်     ရပ်တည်မှု ရှိ/ မရှိ သေချာစိစစ်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေသည်   ရှင်းလင်းလွယ်ကူပြီး   ပြည်သူများ နားလည်ရန် လိုအပ်ပါကြောင်း၊ ဥပဒေ၊  နည်းဥပဒေ နှင့်    အမိန့်ကြေညာချက်များ   ထုတ်ပြန်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနအချင်းချင်း        တိုင်ပင် ဆွေးနွေးပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြ ဆွေးနွေးရန်လိုကြောင်း။


မြို့ရွာများ   တိုးချဲ့ပြင်ဆင်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏    သဘောထားအမှန်ကို အနီးစပ်ဆုံးသိရှိရန် ဆောင်ရွက်ပြီး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့ များ ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ဖျက်သိမ်းခြင်းကိစ္စရပ်များကို ဝန်ကြီးဌာနများအနေ ဖြင့်   သေချာစိစစ်ဆောင်ရွက်ရန်   လိုကြောင်း၊ တရားမဝင်အသင်းအဖွဲ့များလည်း   ရှိနေကြောင်း၊ အသင်းအဖွဲ့များနှင့် စပ်လျဉ်း၍ ဥပဒေနှင့်ညီညွတ်ရန် လိုကြောင်း၊  အသင်းအဖွဲ့တစ်ခု  ရပ်တည်ရန်မှာ ရန်ပုံငွေလိုအပ်ပြီး  ယင်းရန်ပုံငွေမည်သို့  စီးဝင်နေ သည်ကို ကြည့်ရမည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်ကို ဝန်ကြီးဌာနများက စနစ်တကျ စိစစ်ဆောင်ရွက်ရန် လိုကြောင်း။


မှန်မှန်ကန်ကန် ထိန်းသိမ်းရန်လို


သစ်တောကဏ္ဍမှာ ၁၉၉၅ ခုနှစ် သစ်တောမူဝါဒ ရှိကြောင်း၊ သစ်တောနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအပြင် တိုင်းဒေသကြီး ပြည်နယ်ကောင်စီ များက   သစ်တောမူဝါဒနှင့်အညီ  မှန်မှန်ကန်ကန် ထိန်းသိမ်းရန်လိုကြောင်း၊   မိမိတို့နိုင်ငံတွင်လည်း သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုပြောင်းလဲမှု များ ဖြစ်ပေါ်နေကြောင်း၊ သစ်တောပြုန်းတီးမှုအချို့ မှာ စိုက်ပျိုးရေးလုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နိုင် ရန် နေရာအတွက် ခုတ်ထွင်ခြင်း၊ တောင်ယာစိုက်ပျိုး နိုင်ရန်အတွက် ခုတ်ထွင်ခြင်း၊ ထင်းခုတ်ခြင်း၊ မီးသွေး ဖုတ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နောင် ကာလတွင် ကျေးရွာများ၌ သစ်သုံးစွဲမှု၊ ထင်းသုံးစွဲမှု တို့ကို  တွက်ချက်ပြီး  ကျေးရွာပိုင်စိုက်ခင်းများကို မဖြစ်မနေ   စိုက်ပျိုးနိုင်ရန်အတွက်   စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊   သစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍လည်း နိုင်ငံအတွက် လိုအပ်ချက်ကိုသာ ထုတ်လုပ်ရမည်ဖြစ်ပြီး တစ်ဖက်ကလည်း သစ်တော ထိန်းသိမ်းရေး  မူဝါဒချမှတ်ပြီး  ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သစ်တောထိန်းသိမ်းမှုနှင့် ပတ်သက်ပြီး မိမိတို့     စနစ်တကျ    ထိန်းသိမ်းနိုင်မှသာလျှင် ကောင်းမွန်သည့် အကျိုးဆက်ကို နောင်မျိုးဆက်များ ခံစားရမည်ဖြစ်သည့်အတွက် သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး      လုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


လက်ရှိကာလတွင်လည်း သစ်တောကြိုးဝိုင်း အတွင်းသို့ ဝင်ရောက်ကျူးကျော်မှုများကို ရင်ဆိုင် နေရဆဲဖြစ်ကြောင်း၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ နှင့် ပတ်သက်၍ စိုက်ပျိုးရန် ခွင့်ပြုချက်ရယူထား သူများသည်   အမှန်တကယ်စိုက်ပျိုးရန်   လိုအပ် ကြောင်း၊ တချို့မှာ စိုက်ပျိုးရန် ခွင့်ပြုချက်ရယူထား သော်လည်း အမှန်တကယ် စိုက်ပျိုးခြင်းမရှိကြောင်း၊ သစ်တောစိုက်ပျိုးရန် မြေပြုပြင်ခြင်း ဆောင်ရွက် သည်ဟု  အကြောင်းပြချက်ဖြင့်   မူရင်းနေရာတွင် ရှိနေသည့် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းထုတ်ယူ ပြီး   ထပ်မံစိုက်ပျိုးမှု   မရှိသည်ကို  သိရကြောင်း၊ ထို့ကြောင့် မြေယာပြဿနာများ ဖြစ်လာကြောင်း၊ နိုင်ငံပိုင်သစ်တောစိုက်ခင်း၊     စုပေါင်းသစ်တော စိုက်ခင်း၊   ပုဂ္ဂလိက    သစ်တောစိုက်ခင်းများကို စနစ်တကျ ထိန်းသိမ်းရန်လိုကြောင်း။


ဧကတစ်သိန်းကျော်  စွန့်လွှတ်ပြီးဖြစ်


မြေယာကိစ္စပြဿနာအချို့မှာ    တစ်ချိန်က ရှင်းလင်းဆောင်ရွက်ပြီးသော်လည်း ခေတ်ကာလ မြေတန်ဖိုးပြောင်းလဲလာမှုကြောင့် ဖြစ်ပါကြောင်း၊ မြေယာလျော်ကြေးငွေမှာ     ငွေကျပ်ဘီလီယံချီ ရှိကြောင်း၊ သို့ဖြစ်၍ မြေယာကိစ္စကို မူဝါဒနှင့်အညီ စနစ်တကျဆောင်ရွက်ရန် လိုကြောင်း၊ တပ်မတော် အနေဖြင့်လည်း မူဝါဒ ၄ ရပ်နှင့်အညီ ဧကတစ်သိန်း ကျော်  စွန့်လွှတ်ပြီးဖြစ်ကြောင်း၊  ဝန်ကြီးဌာနများ အနေဖြင့်လည်း  အသုံးမပြုသည့်  မြေယာများကို စနစ်တကျ   ပြန်လည်စွန့်လွှတ်၍   နိုင်ငံတော်ကို အပ်နှံရမည်ဖြစ်ကြောင်း၊  ယခုကော်မတီအနေဖြင့် ဆောင်ရွက်ရမည့်  ကိစ္စရပ်များကို  အချက်အလက် ခိုင်ခိုင်မာမာတင်ပြပြီး လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဝိုင်းဝန်းဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားသည်။


ယင်းနောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ  အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ကော်မတီဖွဲ့စည်းမှုနှင့်   လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြ


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်  ဦးမျိုးအောင်တို့က လုံခြုံရေး၊ မှုခင်းဆိုင်ရာ၊ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒနှင့် အမိန့်ကြော်ငြာစာကိစ္စရပ်များ၊ သစ်တောမြေပယ်ဖျက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေရေးရာကိစ္စရပ် များကို ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းဆွေးနွေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်နှင့် Jeng Phang  နော်တောင်၊   ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဦးခင်မောင်ရီနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊         ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦးတို့က  ရပ်ကွက်၊ ကျေးရွာစီမံခန့်ခွဲရေးကောင်စီများတွင်     ရပ်ရွာတည်ငြိမ် အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများပါ ထည့်သွင်းဖွဲ့စည်းရေး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး ကောင်စီများ   အဖွဲ့ဝင်များနှင့်  ရပ်ကျေးဥက္ကဋ္ဌများ တာဝန်ပေးအပ်ရာတွင် ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်နိုင်သူများကို ရွေးချယ်ခန့်အပ် ရေး၊ သက်ဆိုင်ရာ ကောင်စီအဆင့်ဆင့် အထောက် အကူပြုရေးအဖွဲ့များ ဖွဲ့စည်းပေးရေး၊ CDM ဆောင် ရွက်မှုတွင် မပါဝင်သူများအား အကာအကွယ်ပေးရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ကြိုးဝိုင်း၊ ကြိုးပြင် သဘာဝဘေးမဲ့တောများ တည်ထောင်ရေး၊ ကျေးရွာ သုံး ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပုဂ္ဂလိက သစ်တောစိုက်ခင်းများ      စိုက်ပျိုးခြင်းမရှိပါက ပြန်လည်သိမ်းဆည်းသွားရေး၊ သစ်တောကျူးများ စာရင်းကောက်ယူပြီး သစ်တောကြိုးဝိုင်းအတွင်းမှ ပယ်ဖျက်သွားရေး၊ သီးနှံသစ်တော ရောနှောစိုက်ခင်း တည်ထောင်ရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်  အထောက်အကူပြု အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည့် အစီအစဉ် များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ 


ဥပဒေအကြံပေးများထားရှိရန်လို


ရှင်းလင်းတင်ပြချက်များနှင့်          စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက  ဝန်ကြီး ဌာနများမှ   ဥပဒေရေးဆွဲခြင်း၊   ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ဥပဒေ အကြံပေးများထားရှိရန် လိုကြောင်း၊ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများနှင့် လိုင်စင်မဲ့ယာဉ်များ အသုံးပြုမှု များအား  ထိရောက်စွာ   အရေးယူနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက   ကြပ်မတ်ဆောင်ရွက် သွားရန်နှင့်    သက်ဆိုင်ရာ   ဝန်ကြီးဌာနများက ပညာပေးလုပ်ငန်းများအား ဝိုင်းဝန်းကူညီ ဆောင် ရွက်သွားရန် လိုကြောင်း၊ မိမိတို့အနေဖြင့် ယခုကာလ သည်   ၂၀၀၈   ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ပတ်သက် ၍   စုပေါင်းဦးဆောင်မှုဖြင့်    ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ခန့်ထားခြင်းနှင့်  ပတ်သက်၍  ကျေးရွာ၊ ရပ်ကွက် များမှ သမာဓိရှိသည့် ရပ်မိ၊ ရပ်ဖများ၊ ကျေးရွာအကျိုး အတွက် အမှန်တကယ် ဆောင်ရွက်နိုင်သူများကိုသာ ရွေးချယ်ခန့်ထားစေလိုကြောင်း။


အရေးယူဆောင်ရွက်သွားမည်


CDM ဆောင်ရွက်မှုနှင့် ပတ်သက်၍ အတိုင်း အတာတစ်ခုအထိ    သည်းခံဆောင်ရွက်ပေးခဲ့ပြီး ယခုအခါဆက်လက်၍ စည်းကမ်းဖောက်ဖျက်သည့် နိုင်ငံ့ဝန်ထမ်းများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  နိုင်ငံ့ ဝန်ထမ်းများအနေဖြင့်  နိုင်ငံတော်အပေါ်   သစ္စာ စောင့်သိမှုရှိရန်နှင့် တာဝန်ထမ်းဆောင်လိုစိတ်ရှိပြီး ယုံကြည်ချက်   ခံယူချက်များ   ကောင်းမွန်ရန် လိုကြောင်း၊  သစ်တောများ  ပြန်လည်စိုက်ပျိုးရန် ကိစ္စကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး ဆောင်ရွက်သွားကြရန်   လိုကြောင်း၊ သစ်ပင်များ စိုက်ပျိုးရာတွင် တစ်ပင်စိုက် တစ်ပင်ရှင်သန်စေရန် အတွက် သတ်မှတ်ထားသည့် ပျိုးပင်၏ သက်တမ်းနှင့် အရွယ်အစားအား ရွေးချယ်စိုက်ပျိုးရန် လိုကြောင်း၊ ခွင့်ပြုထားသည့်   ပုဂ္ဂလိကသစ်တောစိုက်ခင်းများ ကိုလည်း  စည်းကမ်းများနှင့်အညီ   စိုက်ပျိုးထားမှု ရှိ၊မရှိ စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထင်း သုံးစွဲမှုများနှင့် သစ်ထုတ်လုပ်မှုများကို တတ်နိုင်သမျှ လျှော့ချဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက် ဒေသများတွင် ထင်းသုံးစွဲမှုလျှော့ချနိုင်ရန်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး အတွက်   နေရောင်ခြည်စွမ်းအင်သုံး   လျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက် အောင်    ဆောင်ရွက်သွားရန်   လိုကြောင်း၊  ယခု ကော်မတီ၏ တာဝန်နှင့် လုပ်ငန်းများမှာ ကျယ်ပြန့် ပါကြောင်း၊ သို့ဖြစ်၍ ကော်မတီဝင်များအနေဖြင့် ဘက်ပေါင်းစုံရှုမြင်ပြီး    ဆောင်ရွက်ကြစေလို ကြောင်း၊ ကော်မတီနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ လတ်တလောဖြစ်ပေါ်လာပါက      ကော်မတီဝင် အချင်းချင်း   တိုင်ပင်ဆွေးနွေးကြရန် လိုကြောင်း၊ အကြောင်းအရာ တစ်ခုချင်းစီအား လေးလေးနက်နက် ဖြင့် အမှားအယွင်းမရှိအောင် ဂရုစိုက်ဆောင်ရွက် ကြရန်လိုကြောင်းနှင့် အဆင့်ဆင့်တင်ပြ၍ ဆုံးဖြတ် ချက်ရယူသွားရန်လိုကြောင်း မှာကြားသည်။ 


သတင်းစဉ်