
နေပြည်တော် ဩဂုတ် ၁၂
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့် ဥပဒေဘောင် အတွင်း ဝင်ရောက်လာသော မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲ မြို့နယ်မှ PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ ထပ်မံလွှဲပြောင်းပေးအပ် ခြင်းကို ယနေ့တွင် ဆင်ပေါင်ဝဲ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ရုံး၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၊ သရက်တပ်နယ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မ များကို ရှင်းလင်းဆွေးနွေးပြော ကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော ဆင်ပေါင်ဝဲမြို့နယ်မှ PDF အဖွဲ့ ဝင် အမျိုးသား နှစ်ဦးနှင့် အမျိုး သမီး တစ်ဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့ ၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။
PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည် ဆိုပါက ကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့ ၏ မိဘအုပ်ထိန်းသူများထံ သို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်