
နေပြည်တော် စက်တင်ဘာ ၂၆
သက်ဆိုင်ရာဌာနများမှ ဥပဒေအရာရှိ အဆင့် (၄) နှင့် ဒုတိယမြို့နယ် တရားသူကြီးရာထူးများကို ဥပဒေဘွဲ့ရရှိထားသူများထဲမှ လျှောက်လွှာ များခေါ်ယူလျက်ရှိရာ ရာထူးဝင် အရည်အချင်းစစ် စာမေးပွဲများဖြေဆို ရာ၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စာဖြေဌာနတစ်ခုအဖြစ် သတ်မှတ်ထားရှိပေးရန် ဥပဒေဘွဲ့ရ လူငယ်မောင်မယ်များက မျှော်လင့် လျက်ရှိနေသည်။
အဆိုပါ ရာထူးဝင်အရည်အချင်းစစ် စာမေးပွဲများဖြေဆိုရာတွင် သက်ဆိုင်ရာဌာနများက မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး နှစ်ခု၌သာ စာဖြေဌာနအဖြစ် သတ်မှတ်ထားရှိနေသောကြောင့် နေပြည်တော်အတွင်းရှိ ဥပဒေဘွဲ့ရသူများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အထက်ပါတိုင်းဒေသကြီး များသို့ သွားရောက်ဖြေဆိုရန် များစွာသော အခက်အခဲများရှိကြောင်း ဥပဒေဘွဲ့ရများက ပြောသည်။
“ဥပဒေဘွဲ့ရရှိပြီး သတ်မှတ်ထားတဲ့ အသက်အကန့်အသတ်နဲ့လည်း ညီတယ်၊ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ကိုဗစ်-၁၉ ကူးစက်မှုများနေ တဲ့ကာလမှာ အရည်အချင်းစစ်စာမေးပွဲကို မဖြေလိုက်ရဘူး၊ ရန်ကုန် ဇာတိဖြစ်ပေမယ့် မိဘတွေကနေပြည်တော်မှာ တာဝန်ကျပြီး နေထိုင်တဲ့ ဝန်ထမ်းတွေဖြစ်နေတော့ ဒီကာလမှာသွားပြီး ဖြေဖို့မလွယ်လှဘူး။ ဒီကပ်ရောဂါကြီးက လွန်မြောက်သွားရင်လည်း နေပြည်တော်အတွင်းမှာ ဥပဒေဘွဲ့ရထားတဲ့ လူငယ်မောင်မယ်တွေရှိတဲ့အတွက် နေပြည်တော် စာဖြေဌာနတစ်ခု ထားပေးရင် အားလုံးအဆင်ပြေပါလိမ့်မယ်” ဟု ဥပဒေဘွဲ့ရသူ တစ်ဦးကပြောသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနရုံးများနှင့် အဖွဲ့အစည်းများ ရုံးစိုက်ရာနေရာ အုပ်ချုပ်ရေး မြို့တော်တစ်ခုဖြစ်ပြီး ရာထူးဝင် အရည်အချင်းစစ်စာမေးပွဲများကို အဓိကထား၍ ကျင်းပပြုလုပ်သော နေရာလည်းဖြစ်သည်။
ကိုပေါက် (ဥက္ကာမြေ)