
အန်ကာရာ ဖေဖော်ဝါရီ ၁၁
တူကီယဲသမ္မတနိုင်ငံ၌ ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သော ငလျင် ကြောင့် သေဆုံးသူ စုစုပေါင်းမှာ ၂၀၂၁၃ ဦးအထိရှိပြီး အခြား ဒဏ်ရာရရှိသူ ၈၀၀၅၂ ဦး ရှိကြောင်း တူကီယဲကျန်းမာရေး ဝန်ကြီး ဖာရက်တင် ခိုကာက ဖေဖော်ဝါရီ ၁၀ ရက် နှောင်းပိုင်းက ကြေညာခဲ့သည်။
တူကီယဲနိုင်ငံ တောင်ပိုင်း ဟာတေပြည်နယ်၌ အသေ အပျောက် အများဆုံးဖြစ်ပြီး ၆၂၀၅ ဦး သေဆုံးကာ ၁၇၈၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။
အရေးပေါ်တုံ့ပြန်မှုပြီးနောက် မိမိတို့နိုင်ငံသား ၂၀၀၀၀ ကို အုတ်ကျိုး အုတ်ပဲ့များကြားမှ ကယ်ဆယ်နိုင်ခဲ့ပြီး လေကြောင်း လိုင်း၊ မြေပြင်လူနာတင်ယာဉ် များနှင့် ရေယာဉ်များဖြင့် ပြည်နယ်များသို့ လွှဲပြောင်းပေး ခဲ့ကြောင်း ၎င်းက သတင်းထောက် များကို ပြောကြားသည်။
ဖေဖော်ဝါရီ ၆ ရက်က ဒေသ စံတော်ချိန် နံနက် ၄ နာရီ ၁၇ မိနစ် က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်မှာ တူကီယဲနိုင်ငံတောင်ပိုင်း ကာ့ရာ့မန်မာရတ်စ် ပြည်နယ်၌ လှုပ်ခဲ့ပြီးနောက် မိနစ်အနည်း ငယ်အကြာတွင် နိုင်ငံတောင်ပိုင်း ဂါဇန်တက်ပြည်နယ်၌ ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင် တစ်ခုနှင့် ကာ့ရာ့မန်မာရတ်စ် ပြည်နယ်၌ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၄ မိနစ်တွင် ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ