
အန်ကာရာ ဖေဖော်ဝါရီ ၂၁
တူကီယဲနိုင်ငံတောင်ပိုင်း ဟာတေးပြည်နယ်၌ ဖေဖော်ဝါရီ ၂၀ ရက်က ငလျင်အသစ်များ ထပ်မံလှုပ်ခတ် ခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးပြီး ၂၉၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီ က ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောသည်။
ဖေဖော်ဝါရီ ၆ ရက်က အဆိုပါ ဒေသတွင် လူပေါင်း ၄၁၀၀၀ ကျော် သေဆုံးစေခဲ့သည့် အလွန် ပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် ရက်သတ္တ နှစ်ပတ်အကြာတွင် ပြင်းအား ၆ ဒသမ ၄ နှင့် ၅ ဒသမ ၈ အဆင့်ရှိ ငလျင်နှစ်ခု ထပ်မံလှုပ်ခတ်ခဲ့ ခြင်းဖြစ်သည်။ ပထမအကြိမ် လှုပ်ခတ်သောပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်မှာ ဒေသစံတော်ချိန် ည ၈ နာရီ ၄ မိနစ်ခန့်က ဟာတေးပြည်နယ် ဒက်ဖ်နီခရိုင်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပထမငလျင်လှုပ်ပြီး သုံးမိနစ်အကြာတွင် ပြင်းအား ၅ ဒသမ ၈ အဆင့်ရှိ ဒုတိယငလျင် ထပ်မံ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ ဆာမန်ဒက်ဂ်ခရိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။
အဆိုပါ ငလျင်များကြောင့် အိုးအိမ်များ ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားသော ဟာတေးပြည်နယ်ရှိ ဒေသခံ ပြည်သူများသည် ဘတ်စ်ကားဂိတ်သို့ စုပြုံရောက်ရှိ လာပြီး ပြည်နယ်မှ ထွက်ခွာလာခဲ့ကြကြောင်း အင်န် တီဗွီ၏ ရုပ်သံလိုင်းတွင် ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်လွှင့်ဖော်ပြချက်အရ သိရသည်။
ဆင်ဟွာ