တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူများဖြစ်သည့်  ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့ ပြည်ထောင်စုလွှတ်တော်နာယက၏ရှေ့မှောက်၌ ကတိသစ္စာပြု

 

နေပြည်တော် ဧပြီ ၁၀

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခံရသူများ ကတိသစ္စာပြုခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူထားသည့်ပုဂ္ဂိုလ်များ ကတိသစ္စာ ပြုခြင်းနှင့် နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အစည်းအဝေးတွင် ပြည် ထောင်စု လွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၈၅ ဦး ရှိသည့်အနက် ယနေ့ အစည်းအဝေးသို့ ၅၈၃ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်း တင်သည်။

 

ယနေ့ကျင်းပသည့် ပြည် ထောင်စုလွှတ်တော် အစည်း အဝေးသို့ အထူးဧည့်သည်တော် များအဖြစ် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ H.E. Mr. Jiang Xinzhi ၊ ဘယ်လာရုစ်အောက် လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဒူးမားအောက် လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-ool ၊ ကမ္ဘော ဒီးယားတော်ဝင်အစိုးရ၏ အာဆီ ယံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Kitti Settha Pandita Cham Prasidh ၊ ထိုင်းနိုင်ငံ ယခင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး H.E. Dr. Parnpree Bahiddha – Nukara တို့အပါ အဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံအမတ်ကြီး ၁၆ ဦးနှင့် သံတမန်များ၊ ပြည်တွင်း/ပြည်ပအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်လေ့လာကြသည်။

 

ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယကက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအား ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်တို့က ဥပဒေနှင့်အညီ ဖွဲ့စည်းရွေးချယ် တင်မြှောက်ခြင်းနှင့် သဘောတူညီချက်ရယူခြင်းကိစ္စရပ်များ၊ ယင်းကိစ္စရပ်များအပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ယာယီသမ္မတထံမှပေးပို့သည့် အကြောင်း ပြန်ကြားစာ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ကြေညာချက်အမှတ် (၃/၂၀၂၆) တို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခံရသူ ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသူများ ဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး တို့က ပြည်ထောင်စုလွှတ်တော် နာယက၏ရှေ့မှောက်၌ ကတိ သစ္စာပြုကြသည်။

 

ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယကက ခန့်အပ်တာဝန်ပေးရန် သဘောတူထားသည့် ပြည်ထောင်စုဝန်ကြီး များအား ဝန်ကြီးဌာနအလိုက် တာဝန် ချထားမှုအမိန့်များကို ဖတ်ကြား တင်ပြသည်။

 

ထို့နောက် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘော တူထားသည့် ပြည်ထောင်စုတရား သူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေ ချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များသည် ပြည်ထောင်စုလွှတ်တော် နာယက ၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြ သည်။

 

ယင်းနောက် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားသည်။ (နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မိန့်ခွန်းအပြည့်အစုံကို သီးခြားဖော်ပြထားပါသည်။)

 

ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယကက တတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမ နေ့တွင် ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို လွှတ်တော်၏ သဘောထားရယူ ပြီး မှတ်တမ်းတင်သည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယကက နှုတ်ခွန်း ဆက် အမှာစကားပြောကြားရာ တွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်အရ ဖွဲ့စည်းပေါ်ပေါက် လာသည့် တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေး၏ လုပ်ငန်းများသည် ယနေ့တွင် ပြီးဆုံးပြီဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ယနေ့ ကျင်းပပြီးစီးသည့် လွှတ်တော် အစည်းအဝေးများ ကတစ်ဆင့် အတွေ့အကြုံများရရှိ ပြီး ပြည်သူ့အကျိုးကို မျှော်ကိုးဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုသည်မှာ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြဆွေးနွေး အတည်ပြုကြသည့် ဥပဒေကြမ်းများကို ဥပဒေတစ်ခု ဖြစ်လာရန် အပြီးသတ်အတည် ပြုပေးသည့် လွှတ်တော်ကြီး ဖြစ်ပါကြောင်း။

 

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂ အရ ပြည်ထောင်စုလွှတ်တော် တွင် ဥပဒေပြုရေး အာဏာရှိပြီး ပုဒ်မ ၉၆ အရ ဇယား (၁) တွင် ပါရှိသည့် ကိစ္စရပ်များကို ဥပဒေ ပြုခွင့်ရှိခြင်းကြောင့် ဇယား (၁) တွင်ပါရှိသည့် ကဏ္ဍရပ်၊ ကိစ္စရပ် များကို ထဲထဲဝင်ဝင် လေ့လာ ထားကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေကြမ်းရေးဆွဲရေးဆိုင်ရာ သဘောလက္ခဏာများ၊ ဥပဒေရေးထုံး များကိုလည်း လေ့လာထားကြရန် လိုအပ်ပါကြောင်း၊ ယခုကျင်းပပြီးစီးခဲ့သည့် လွှတ်တော် အစည်းအဝေးများ တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ပေးခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ လွှတ်တော်ကော်မတီများ ဖွဲ့စည်းခြင်း၊ တရားရေးရာ အဖွဲ့ အစည်းများ ပေါ်ပေါက်လာရေး ဆောင်ရွက်ပေးခြင်း စသည် တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက်လည်း လွှတ်တော် ကိုယ်စားလှယ်များကိုယ်စား များစွာဂုဏ်ယူဝမ်းမြောက်မိပါ ကြောင်း။

 

ပြည်ထောင်စု လွှတ်တော် ဆိုသည်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ပူးတွဲဆောင်ရွက်ကြသည့် လွှတ်တော် ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုး စီးပွားကို ဖော်ဆောင်နိုင်ရန် အတွက် လက်တွဲညီညီ ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)တွင် နိုင်ငံတော်၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေး အာဏာများကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်း နှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်ဆိုသည့် ပြဋ္ဌာန်းချက်အရ အချင်းချင်း အပြန်အလှန်ထိန်းကျောင်း သည်ဆိုရာတွင်လည်း ကဏ္ဍရပ်တစ်ခုကို အခြားကဏ္ဍရပ် တစ်ခုက ထိပါးရန်မဟုတ်ဘဲ ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ်မှုရှိရေး အပြုသဘောအမြင်များနှင့် ဆောင်ရွက်သွားကြ ရန်သာ ဖြစ်ပါ ကြောင်း။

 

နိဂုံးချုပ်အနေဖြင့် မိမိတို့ အရပ်ဒေသအသီးသီးသို့ ပြန်ကြ မည့် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လိုရာခရီးကို ဘေးမသီ ရန်မခ၊ ခလုတ်မထိ ဆူးမငြိဘဲ ရောက်ရှိကြပါစေ။ မိမိတို့ကို တင်မြှောက်လိုက်သည့် ပြည်သူများ၏ ဘဝကို အနီးကပ် လေ့လာပြီး ပြည်သူ့အကျိုးကို သယ်ပိုး စောင့်ရှောက်နိုင်ကြပါစေဟု ပြောကြားရင်း နှုတ်ဆက်လိုက်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စု လွှတ်တော် နာယကက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမ နေ့ပြီးဆုံးကြောင်းနှင့် တတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပ ပြီးစီးကြောင်း လွှတ်တော်သို့ အသိပေးကြေညာပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။

 

အစည်းအဝေး အပြီးတွင် တတိယအကြိမ် လွှတ်တော်များ၏ ပထမပုံမှန် အစည်းအဝေးများ အောင်မြင်စွာ ပြီးမြောက်ခြင်း ဂုဏ်ပြု နေ့လယ်စာစားပွဲကို လွှတ်တော်အဆောက်အအုံ ထမင်းစား ခန်းမဆောင်ကြီး၌ကျင်းပရာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ အထူးဧည့်သည်တော်များ၊ သံတမန်များ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

tww

ဂုဏ်ပြုနေ့လယ်စာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်း နှင့်အတူ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

သတင်းစဉ်