နေပြည်တော် ဇူလိုင် ၇
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၅၃ ဦး တက်ရောက်သဖြင့် ၉၈ ဒသမ ၇၅ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်၊ ဖြည့်စွက်သင့်သော အချက်များနှင့်စပ်လျဉ်းသည့် သဝဏ်လွှာအား လွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက အစည်းအဝေးပဉ္စမနေ့တွင် လွှတ်တော်သို့ အသိပေး တင်ပြခဲ့ပြီးဖြစ်သည့် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Joint Coordinating Committee on Parlia-mentary Development-JCC) တွင် ပါဝင်မည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်ဦးရေနှင့် ၎င်းတို့၏ အမည်စာရင်းတို့ကို လွှတ်တော်၏ အတည်ပြုချက်ရယူပြီး ဖွဲ့စည်းကြောင်း ကြေညာသည်။
ဆက်လက်၍ ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့် တင်သွင်းသည့် “အာဆီယံထုတ်ပြန်ချက် (၅) ရပ်သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန်” ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ကျွန်းလှမဲဆန္ဒနယ်မှ ဦးစိုးကျော်နိုင်က ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်ကျင်းပသည့် အစည်းအဝေးတွင် အာဆီယံအနေဖြင့် မြန်မာ့အရေးကို အဖွဲ့ဝင်နိုင်ငံ များအား ကြိုတင်ချပြညှိနှိုင်းခြင်းမပြုဘဲ အစည်းအဝေးပြီးမှသာ ဥက္ကဋ္ဌ၏ ကြေညာချက်နောက်ဆက်တွဲ အဖြစ် အာဆီယံထုတ်ပြန်ချက် (၅) ရပ်ဆိုပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ် မရိုးသားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ကမ္ဘာ့နိုင်ငံအများစုက အသိအမှတ်မပြုအောင်၊ အရေးယူ ပိတ်ဆို့မှုများဖြစ်အောင် အာဆီယံက UN အစည်းအဝေးတွင် ဖိအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုများကြောင့် စည်းလုံးညီညွတ်မှု၊ အပြန်အလှန်လေးစားမှု၊ ဘုံသဘောတူညီချက်များကို လိုက်နာမှုစသည့် အာဆီယံ၏ အစဉ်အလာကောင်းများကို မျက်ကွယ်ပြုကာ ဆောင်ရွက်ခဲ့သည်ကို ဝမ်းနည်းဖွယ်တွေ့ကြုံခဲ့ရပါကြောင်း၊ ယင်းသို့ဆောင်ရွက်ချက်များကြောင့် အစိုးရကိုဆန့်ကျင်သည့် အဖွဲ့များအတွက် မျှော်လင့်ချက်ဖြစ်စေပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတွင်း၌ အကြမ်းဖက်မှု၊ ဆူပူမှုများပိုမိုကြီးထွားလာပြီး ပိုမိုပျက်စီးစေခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ စီးပွားရေး၊ စစ်ရေး၊ အန္တရာယ် အများဆုံးနှင့် နိုင်ငံ၏ရေစီးကြောင်း အကြမ်းဆုံးအချိန်၊ လှိုင်းကြီးလေထန်ရေစီးသန်လည်း အားမာန်မလျှော့ဇွဲမလျှော့ဘဲ အသိသတိကြီးမားစွာနှင့် နိုင်ငံကို ပြိုလဲမသွားအောင် နိုင်ငံ့အကြီးအကဲများ ကြိုပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့်အညီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် နိုင်ငံတော်၏ ခက်မသုံးဖြာ အာဏာကြီးသုံးရပ်ကို ပိုင်းခြားကျင့်သုံး၍ စီမံအုပ်ချုပ်နေကြပြီဖြစ်ပါကြောင်း၊ အာဆီယံထုတ်ပြန်ချက် (၅)ရပ်ကို ပြန်လည်သုံးသပ်သင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မာလာဆန်းက မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းသည် ပြည်တွင်းရေးသက်သက်မဟုတ်ဘဲ ဒေသတွင်းတည်ငြိမ်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ ဒုက္ခသည်ပြဿနာ (စစ်ဘေးရှောင်များ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်မှု) နှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ရိုက်ခတ်လာသည်ဟုဆိုကာ အာဆီယံထုတ်ပြန်ချက် (၅) ရပ်ကို ချမှတ်ပြီး ပြည်တွင်းရေးတွင်ကြား ဝင်ကိုင်တွယ်စွက်ဖက်သည့်ပုံစံမျိုး ကျော်လွန်ကာ လုပ်ဆောင်ခဲ့ သည်ကို တွေ့ရှိရပါကြောင်း၊ အာဆီယံပဋိညာဉ်စာချုပ် အခန်း(၇) ပုဒ်မ(၂၀) (က) အာဆီယံ၏ အခြေခံ လုပ်ထုံးလုပ်နည်းအရ ဆုံးဖြတ်ချက်အားလုံးကို အဖွဲ့ဝင်နိုင်ငံ ၁ဝ နိုင်ငံလုံး၏ “တူညီဆန္ဒ (Consensus)” ဖြင့်သာ ချမှတ်ရမည်ဖြစ်ပါကြောင်း။
ယခုအခါ မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေသော်လည်း အာဆီယံနိုင်ငံ များသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစိုးရကို လေးစားမှုရှိရန်လိုအပ် သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစွက်ဖက် နှောင့်ယှက်နေမှုများအပေါ် ပြန်လည်သုံးသပ်ပြီး အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နို င်ရန်အတွက် အဆိုအား `လေးလေးနက်နက်ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက အာဆီယံထုတ်ပြန်ချက် (၅)ရပ်သည် မြန်မာနိုင်ငံ၏ လက်ရှိ ပကတိအခြေအနေမှန်များ၊ နိုင်ငံတော်၏ ဥပဒေကြောင်းအရ ရပ်တည်ချက်များနှင့် အမျိုးသားလုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပြင်ပဖိအားများအပေါ်အခြေခံကာ ချမှတ်ခဲ့ခြင်းမျိုး ဖြစ်နေသည်ကို စိတ်မကောင်းစရာ တွေ့ရှိရပါကြောင်း။
ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများ အပိုဒ် (၂) အပိုဒ်ခွဲ (၁) ၌ “ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံး မှာ အချုပ်အခြာအရာ၌ တူညီကြသည်ဟူသော မူပေါ်တွင်အခြေခံ၍” ဟုလည်းကောင်း၊ အပိုဒ်ခွဲ (၇) တွင်လည်း “နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီရင်ပိုင်ခွင့်အာဏာအတွင်း၌ သက်ရောက်သောကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာမရှိစေရ” ဟု ဖော်ပြထားချက်များနှင့်လည်း ကိုက်ညီမှုမရှိ ကျော်လွန်ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁) တွင် ပြဋ္ဌာန်းထားသည့် “မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဖြစ်သည်”၊ “ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်” ဆိုသည့် ဥပဒေပြဋ္ဌာန်းချက်များကို ကျော်လွန်ဆောင်ရွက်နေသည်ကို အထင်အရှားတွေ့မြင်ရမည် ဖြစ်ပါကြောင်း။
မြန်မာ့အရေးကို မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံအစိုးရကသာ ဦးဆောင်ဖြေရှင်းမည်ဟူသော ရပ်တည်ချက် အား အာဆီယံမှ သိရှိနိုင်စေရေးကို ရည်ရွယ်လျက် အဆိုအား လေးနက်စွာထောက်ခံဆွေးနွေးသည်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဒေါ်မီမီကျော်ထွန်းက အာဆီယံကို ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်စဉ်ကတည်းက အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားခြင်း၊ ပြည်တွင်းရေးကို မစွက်ဖက်ခြင်း၊ တန်းတူညီမျှမှုနှင့် တူညီဆန္ဒအခြေခံဆုံးဖြတ်ခြင်းတို့ကို အာဆီယံအဖွဲ့၏ မူလအခြေခံစံနှုန်းများအဖြစ် သတ်မှတ်ခဲ့ပါကြောင်း။
အာဆီယံ၏ အခြေခံမူများနှင့် တန်းတူညီမျှမှုသည် အဖွဲ့ဝင်နိုင်ငံအားလုံးကို အချုပ်အခြာအာဏာ တန်းတူညီမျှသောနိုင်ငံများအဖြစ် အသိအမှတ်ပြုပြီး တန်းတူအခွင့်အရေးနှင့် တန်းတူတာဝန်များကို အာမခံထားသော မူလအခြေခံစံနှုန်းများပင်ဖြစ်ပါကြောင်း၊ သို့ရာတွင် အာဆီယံ ASEAN Five-Point Statement သည် မြန်မာနိုင်ငံအတွက် သီးခြားသတ်မှတ်ထားသော နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်ချက် များကို အလေးပေးထားခြင်းကြောင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များအပေါ် အာဆီယံက တိုက်ရိုက်သက်ရောက်စေရန် ကြိုးပမ်းသည့် သဘောဆောင်လာပါကြောင်း၊ ယခုအချက် သည် အာဆီယံပဋိညာဉ်အပိုင်း (၂) တွင် ဖော်ပြထားသည့် ပြည်တွင်းရေးမစွက်ဖက်မှုမူနှင့် တန်းတူညီမျှမှု မူတို့အပေါ် မေးခွန်းထုတ်စရာဖြစ်လာစေပါကြောင်း။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် ၂၀၂၁ ခုနှစ်ကာလနှင့် အခြေအနေချင်းများစွာ ကွာခြားလျက် ရှိသည်ဟူသော မြေပြင်ပကတိစိစစ်ချက်ကို အာဆီယံက သိမြင်လက်ခံရန် တိုက်တွန်းလိုပါကြောင်း။ မြန်မာနိုင်ငံအစိုးရနှင့် လွှတ်တော်သည် မြန်မာပြည်သူတို့၏ ဆန္ဒအရ ပေါ်ပေါက်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေမှန်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံရေးပါဝင်မှုကို အပြုသဘောဖြင့် အသိအမှတ်ပြု၍ လေးစားတန်ဖိုးထားရန်လိုအပ်ပါကြောင်း အဆိုကို ထောက်ခံဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးသန်းအေး (ခ) ဦးတင်ဦးက အာဆီယံထုတ်ပြန်ချက် (၅) ရပ်အား မြန်မာနိုင်ငံအနေဖြင့် မဖြစ်မနေလိုက်နာ ဆောင်ရွက် စေရန် ဖိအားပေးအကျပ်ကိုင်သည့်အနေဖြင့် အာဆီယံထိပ်သီးအစည်းအဝေးများ၊ အာဆီယံပါလီမန်များ ဆိုင်ရာ ညီလာခံများ စသည့်အရေးပါသည့် အစည်းအဝေးကြီးများကို တက်ရောက်ခွင့်မပြုဘဲ ပိတ်ပင် ကန့်သတ်ခွဲခြားဆက်ဆံလာခဲ့သည်မှာ ယနေ့အထိဖြစ်ပါကြောင်း၊ ယခုအခါ ပြည်သူများရွေးချယ် တင်မြှောက်လိုက်သည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ ပေါ်ပေါက်လာပြီဖြစ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံများက မြန်မာနိုင်ငံ၏ ဒီမိုကရေစီရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံရေးအသွင်ပြောင်းနိုင်မှုကို အသိအမှတ်ပြု ကြိုဆိုလက်ခံလာသော်လည်း အာဆီယံအဖွဲ့အနေဖြင့် ယနေ့အထိ မြန်မာနိုင်ငံအပေါ် ရှုမြင်ပုံနှင့် ရပ်တည်ချက်များသည် တစ်စုံတစ်ရာပြောင်းလဲခြင်းမရှိသေးသည်ကို စိတ်မကောင်းဖွယ် တွေ့ရပါကြောင်း။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယခုကဲ့သို့ပြောဆိုလုပ်ကိုင်မှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး အရွေ့အပြောင်းကို မျက်ကွယ်ပြုပြီး ရွေးကောက်ပွဲကိုသာမက ရွေးကောက်ပွဲအရ ပေါ်ပေါက်လာသည့် လွှတ်တော်အသီးသီးနှင့် လွှတ်တော်က ရွေးချယ်တာဝန်ပေးလိုက်သည့် နိုင်ငံတော်အစိုးရကိုပါ ဂုဏ်သိက္ခာမဲ့စွာ ပြောဆိုကြခြင်းဖြစ်ပါကြောင်း။
ယင်းသည် အာဆီယံ၏ အခြေခံမူဖြစ်သည့် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပဋိညာဉ်စာချုပ် တွင်ပါသည့် “နိုင်ငံရဲ့ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်ရေး၊ နိုင်ငံရဲ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်မှု၊ ညီမျှမှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို လေးစားရေးအခြေခံမူ” များကို ဖောက်ဖျက်နေခြင်းဖြစ်ပါကြောင်း။
အာဆီယံအနေဖြင့် အလုပ်မဖြစ်တော့သည့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်ကိုစွန့်လွှတ်ပြီး မြန်မာနိုင်ငံ၏ ပကတိဖြစ်ပေါ်ပြောင်းလဲမှုကို အမြင်သစ်နှင့် ထိတွေ့ချဉ်းကပ်မှုအသစ်များကို ပြောင်းလဲကျင့်သုံးချိန် တန်ပြီဟု အကြံပြုတိုက်တွန်းလိုကြောင်း အဆိုကို ထောက်ခံဆွေးနွေးသည်။
မတ္တရာမဲဆန္ဒနယ်မှ ဦးလှမြင့်က အာဆီယံဆိုသည်မှာ အဖွဲ့ဝင်နိုင်ငံအချင်းချင်း နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် အစဉ်အလာကောင်းများချမှတ်ပြီး အဖွဲ့ဝင်နိုင်ငံ များအပေါ် စည်းလုံးညီညွတ်မျှတစွာဆောင်ရွက်နိုင်သည့် ကမ္ဘာက လေးစားရသော အဖွဲ့အစည်း ဖြစ်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း အာဆီယံ၏ အစဉ်အလာကောင်းများကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေး အစည်းအဝေးတက်ရောက်မှုကို နည်းအမျိုးမျိုးဖြင့် ပိတ်ပင်တားဆီးခြင်း များသည် အဖွဲ့ဝင်နိုင်ငံအချင်းချင်း၏ ဂုဏ်သိက္ခာကို စော်ကားနှိမ့်ချခြင်းသာ ဖြစ်ပါကြောင်း။
အာဆီယံထုတ်ပြန်ချက် (၅)ရပ်သည် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများကိုဖြေရှင်း၍ ငြိမ်းချမ်းရေး ရစေရန်ဆိုသော ကောင်းမွန်သည့် အကြံပြုချက်ဟု သာမန်အားဖြင့် ယူဆနိုင်သော်လည်း နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်မှု၊ တန်းတူရည်တူရှိမှု၊ ပိုင်နက်နယ်မြေနှင့် အမျိုးသားရေးလက္ခဏာ များကို အပြန်အလှန်လေးစားမှု၊ နိုင်ငံတိုင်းအား ပြည်ပမှစွက်ဖက်မှု၊ အဖျက်အမှောင့်ပြုမှုနှင့် အကျပ်ကိုင်ဖိအားပေးမှုများကင်းလျက် မိမိနိုင်ငံ၏ ဖြစ်တည်မှုကို ဦးဆောင်ခွင့်ရှိမှု၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရဆိုသည့် အချက်များနှင့် မကိုက်ညီဘဲ အာဆီယံ၏ အခြေခံမူများနှင့်လည်း သွေဖည်နေသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေး အခြေအနေများနှင့် လုံးဝကိုက်ညီမှုမရှိသည့်အတွက် သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် အဆိုကို ထောက်ခံဆွေးနွေးသည်။
မော်လမြိုင်မဲဆန္ဒနယ်မှ ဒေါ်ဥမ္မာဌေးက အာဆီယံထုတ်ပြန်ချက် (၅) ရပ်သည် အာဆီယံဥက္ကဋ္ဌက အဖွဲ့ဝင်နိုင်ငံများကို ကြိုတင်ချပြခြင်းမရှိဘဲ အစည်းအဝေးအပြီး ဥက္ကဋ္ဌ၏ကြေညာချက် နောက်ဆက်တွဲ တွင် ဖော်ပြခဲ့ခြင်းဖြစ်သောကြောင့် တန်းတူညီမျှမှုရှိသည့် ဘုံသဘောတူညီချက်ဖြစ်နိုင်မှု ရှိ၊ မရှိကို ပြန်လည်သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိမြန်မာနိုင်ငံသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ခံပြည်သူ့အစိုးရတစ်ရပ် ပေါ်ထွန်းလာပြီဖြစ်ပါကြောင်း၊ အာဆီယံ ထုတ်ပြန်ချက် (၅)ရပ်တွင် အချက် (၃) နှင့် (၅) သည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစေနိုင်ပါကြောင်း၊ ပြည်တွင်းအရေးကို ပြည်တွင်းမှာသာ ဖြေရှင်းခြင်းသည် သဘာဝကျပါကြောင်း၊ အာဆီယံ၏ အခြေခံမူဖြစ်သည့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ဟူသောမူနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရသည့်အတွက် အဆိုကို အပြည့်အဝထောက်ခံပါကြောင်း ဆွေးနွေးသည်။
တာချီလိတ်မဲဆန္ဒနယ်မှ ဦးကျော်ငြိမ်းအောင်က အာဆီယံထုတ်ပြန်ချက် (၅)ရပ်သည် ယခုအခါ ပြည်သူလူထုရွေးချယ်တင်မြှောက်ထားသည့် ရွေးကောက်ခံအစိုးရ ဦးဆောင်နေသည့် မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေများနှင့် များစွာကွဲလွဲနေပြီး အာဆီယံနိုင်ငံများ လိုက်နာရန်သဘောတူ ထားသည့် အာဆီယံပဋိညာဉ်စာတမ်းနှင့်လည်း ဆန့်ကျင်နေသည်များကို တွေ့ရှိရပါကြောင်း။
လက်ရှိတွင် အာဆီယံထုတ်ပြန်ချက် (၅)ရပ်သည် မြန်မာနိုင်ငံအတွက် မလိုအပ်သကဲ့သို့ အာဆီယံ နိုင်ငံများအကြား လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အာဆီယံက ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်ပြီး တစ်ဖက်သတ်ချမှတ်ထားသည့် အာဆီယံထုတ်ပြန်ချက် ၅ ရပ်သည် မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး လက်ရှိနိုင်ငံရေးအခြေအနေနှင့်လည်း လက်တွေ့ဆန်ဆန် ကိုက်ညီမှုမရှိသည့်အတွက် အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဦးဇော်ဇော်မြင့်က အာဆီယံ ထုတ်ပြန်ချက် (၅) ရပ်အပေါ် တုံ့ပြန်မှုပကတိအရှိ တရား (၅) ချက်အနေဖြင့် အာဆီယံ၏ ထုတ်ပြန်ချက် (၅) ရပ်သည် အဖွဲ့ဝင်နိုင်ငံများ၏ အမှန်တကယ် ဘုံသဘောတူညီချက် (Consensus) မဟုတ်ဘဲ အလှည့်ကျဥက္ကဋ္ဌ၏ နောက်ဆက်တွဲထုတ်ပြန်ချက် (Statement) သာဖြစ်ပြီး ယင်းသို့ထုတ်ပြန်ခြင်းနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်း၊ တန်းတူအခွင့်အရေးမပေးခြင်း၊ ဖိအားများပေးခြင်းတို့သည် အာဆီယံ၏ ပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ သဘောတူညီချက်များနှင့် သွေဖည်နေခြင်း။
မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး သမိုင်းစဉ်တစ်လျှောက်လုံးတွင် မည်သူ့ကိုမျှ ထိခိုက်နစ်နာ စေခဲ့ခြင်းမရှိဘဲ စေတနာမှန်ဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ခဲ့သည့် သမိုင်းမှတ်တိုင် (Mile Stones) အစဉ်အလာကောင်းများဖြင့် ဂုဏ်သိက္ခာရှိစွာ ရှေ့ဆက်ကြိုးပမ်းနေခြင်း။
အချို့နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်များ အပေါ် သေချာစွာနားလည်ရန်လိုအပ်နေပြီး နိုင်ငံကြီးအချို့၏ အားပြိုင်စမ်းသပ်ပွဲတွင် အသုံးချခံဖြစ်ရာမှ အာဆီယံဒေသအတွင်း တည်ငြိမ်အေးချမ်းမှုနှင့် အကျိုးစီးပွားများအပေါ် မထိခိုက်စေလိုခြင်း။
မြန်မာနိုင်ငံ၌ လက်ရှိကာလတွင် ဒီမိုကရေစီနှင့်အညီ လွှတ်တော်နှင့် အစိုးရတို့ပေါ်ထွန်းလာပြီး မြန်မာ့နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲတိုးတက်လာနေပြီဖြစ်၍ အာဆီယံ၏ ထုတ်ပြန်ချက် (၅) ရပ်သည် ပကတိအရှိတရားနှင့် ကိုက်ညီမှုမရှိခြင်း။
စည်းလုံးညီညွတ်ပြီး ဘက်စုံတိုးတက်မည့် အာဆီယံအသိုက်အဝန်းဖြစ်ထွန်းတည်တံ့နိုင်ရေးတွင် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးဆိုင်ရာ စီးပွားရေး၏ အရေးပါမှုအလားအလာများအပေါ် အလေးထား၍ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တွေ့ရမည်ဖြစ်ပါကြောင်း။
အာဆီယံဒေသတွင်း နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသတွင်းတည်ငြိမ် အေးချမ်းမှုမှသည် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးများ ဆက်လက်ဖြစ်ထွန်းနေ စေရေးတို့အတွက် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအပေါ်အခြေခံကာ အနာဂတ်အား မဟာဗျူဟာ အမြင်ဖြင့် ဆက်စပ်တွေးခေါ်မြော်မြင်ပြီး အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
လှိုင်သာယာ (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးချမ်းက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး ဆိုသည့် မူဝါဒသည် အခြားနိုင်ငံများ၏မဟုတ်မမှန် အနိုင်ကျင့်စွပ်စွဲမှုများကို ခေါင်းငုံ့ခံရမည်ဟု မဆိုလိုပါကြောင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့လည်း ထိုမူဝါဒရှိပါကြောင်း၊ သို့သော်လည်း မိမိနိုင်ငံကို ထိပါးလာပါက ၎င်းတို့၏ MOFA ဝန်ကြီး (သို့) သံအမတ်ကြီးတစ်ဦးဦးက နိုင်ငံတကာမီဒီယာများတွင် ချက်ချင်းတုံ့ပြန်ချေပကြကြောင်း၊ မိမိနိုင်ငံကို ချစ်သည်ဆိုသည်မှာ မိမိနိုင်ငံအား မဟုတ်မမှန်၊ အနိုင်ကျင့်ပြောဆိုလာခြင်းကို ခေါင်းငုံ့မခံဘဲ ချက်ချင်းတုံ့ပြန်ခြင်းပင်ဖြစ်ပါကြောင်း၊ “တိတ်တိတ်နေ ထောင်တန်သည်” ဟု ယူဆထားသော အတွေးအခေါ်မှ ပိုမိုအားမနာတတ်သော သတ္တိရှိရှိ Proactive (ထိုးစစ်) လုပ်ရမည်ဟူသော ခံယူချက်သို့ ပြောင်းလဲရမည်ဖြစ်ပါကြောင်း။
“ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ” ဖြစ်စေရန်၊ မြန်မာပြည်အနေဖြင့်လည်း ASEAN အပေါ် အစပျိုးမှု၊ တက်ကြွမှုရှိကြောင်းပြနိုင်ရန်၊ ASEAN ကိုလည်း လှေကားလှလှဖြင့် သာသာယာယာဆင်း နိုင်စေရန်၊ နိုင်ငံတော်နှင့်လွှတ်တော်တို့ ပူးပေါင်းကာ ASEAN Five–Point Statement Special Committee ကိုဖွဲ့စည်းပြီး ASEAN Direct Engage-ment ကို လာမည့်ငါးလအတွင်း အကောင်အထည် ဖော်သင့်ပါကြောင်း။
မြန်မာနိုင်ငံသမ္မတကြီး အိန္ဒိယ၊ တရုတ်ခရီးစဉ်များ အောင်မြင်စွာပြီးဆုံးပြီး NewYork Times, Investigate Asia စသည်တို့အပါအဝင် အနောက်နိုင်ငံ Media များမှ Anti-Govt, Anti-Myanmar Media Campaign များ စတင်ပြုလုပ်လာပြီကို သတိရှိစေလိုပါကြောင်း၊ ပြည်တွင်းမီဒီယာများတွင်သာ ပြောနေ၍မရပါကြောင်း၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီး များအနေဖြင့် မိမိနိုင်ငံကို ချစ်စိတ်အပြည့်ဖြင့် နိုင်ငံတကာမီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာ များတွင် ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွ ထိထိမိမိ စတင်တုံ့ပြန်ကြရန်လိုအပ်ပါကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။
မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၆) ဒေါ်အေးချမ်းမုံက အာဆီယံပဋိညာဉ် စာတမ်းတွင် အဓိကအသက်သွေးကြောအဖြစ်ပါဝင်ခဲ့သည်မှာ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာ အာဏာကို လေးစားရန်နှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်ဖြစ်ပါကြောင်း၊ သို့သော်လည်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ ထုတ်ပြန်ကြေညာချက်ဖြစ်သည့် မြန်မာနိုင်ငံအရေး အာဆီယံထုတ်ပြန်ချက် (၅) ရပ်သည် မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ပိုင်ခွင့်များကို ကျော်လွန်စွက်ဖက်ရန် ကြိုးပမ်းလာသည့်အပြင် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ တန်းတူညီမျှမှုကိုပါ တိုက်ရိုက်ထိခိုက်စေသည့်အတွက် ပြည်ထောင်စုအစိုးရအနေဖြင့် ထိန်းညှိတုံ့ပြန်ရမည့် အချိန်ကျ ရောက်ပြီဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် အာဆီယံထုတ်ပြန်ချက်(၅)ရပ်ကို ငြင်းဆန်ရခြင်းမှာ စိတ်လိုက်မာန်ပါတုံ့ပြန်ခြင်း မဟုတ်ဘဲ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် ဆန့်ကျင်နေသောကြောင့်ဖြစ်ပါကြောင်း၊ ပထမအချက်အနေနှင့် ပဋိညာဉ်စာတမ်း၏ အပိုဒ် ၂၊ အပိုဒ်ခွဲ ၂ (က)တွင် အာဆီယံသည် အဖွဲ့ဝင်နိုင်ငံ အားလုံး၏ အချုပ်အခြာအာဏာတန်းတူညီမျှမှုကို လေးစားရမည်ဟူ၍လည်းကောင်း၊ အပိုဒ် ၂၊ အပိုဒ်ခွဲ ၂ (င) တွင် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟုလည်းကောင်း ဖော်ပြထား သော်လည်း ယခုမြန်မာနိုင်ငံနှင့်ပတ်သက်သည့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်သည် အာဆီယံ၏ ပဋိညာဉ်စာတမ်းပါ အခြေခံအုတ်မြစ်ကို တိုက်ရိုက်ချိုးဖောက်နေခြင်းသာဖြစ်ပါကြောင်း၊ မိမိတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော်လည်း နိုင်ငံတော်၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို အထိအခိုက်ခံမည် မဟုတ်ပါကြောင်း အဆိုကို ထောက်ခံဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးဉာဏ်ထွန်းက မြန်မာနိုင်ငံ သည် အာဆီယံကို စတင်ဝင်ရောက်ခဲ့ချိန်မှစ၍ ယနေ့အထိ အာဆီယံ၏ရည်ရွယ်ချက်၊ ပဋိညာဉ်စာတမ်း၊ အခြေခံမူများကို အစဉ်လေးစားလိုက်နာပြီး အာဆီယံ၏လုပ်ငန်းအားလုံးတွင် တက်ကြွစွာပူးပေါင်း ဆောင်ရွက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း။
အာဆီယံထုတ်ပြန်ချက် (၅) ရပ် ထုတ်ပြန်ပြီးနောက် အာဆီယံသည် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာမှ ၂ဝ၂၆ ခုနှစ်၊ မေလအထိပြုလုပ်သော အာဆီယံအစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ ခေါင်းဆောင်များ၊ ဝန်ကြီးအဆင့်များကို ဖိတ်ကြားခြင်းမပြုဘဲ နိုင်ငံရေးမဟုတ်သော ကိုယ်စားလှယ်ကိုသာ တက်ရောက် ခွင့်ပြုခဲ့သည်မှာ အာဆီယံပဋိညာဉ်ပါ အခြေခံမူဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ တန်းတူအခွင့်အရေးကို ထိခိုက်စေပါကြောင်း၊ အာဆီယံအဖွဲ့၏ ခွဲခြားဆက်ဆံမှုကို နိုင်ငံတော်အစိုးရက လက်မခံသကဲ့သို့ ပြည်သူအားလုံးကလည်း လက်မခံပါကြောင်း။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သော လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်းဖြင့် နိုင်ငံတော်၏ တရားဝင်လွှတ်တော်များနှင့် ရွေးကောက်ခံ အစိုးရသစ်တစ်ရပ်ဖြစ်ပေါ်နေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို ပြန်လည်သုံးသပ်ပြီး တန်းတူညီမျှစွာ ချစ်ကြည်ရင်းနှီးမှုဖြင့် ယုံကြည်မှုတည်ဆောက်ခြင်း၊ အပြန်အလှန်လေးစားမှု၊ ပူးပေါင်းလုပ်ကိုင်မှုတို့ကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့်သာ ဒေသအတွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဖြင့် အဆိုကို လေးလေးနက်နက်ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးခြင်းအစီအစဉ်ကို ဇူလိုင် ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်ရန်လျာထားပါကြောင်း ကြေညာသည်။
ယင်းနောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးသတ္တမနေ့ကို ဇူလိုင် ၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်