တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ Jeng Phang နော်တောင်တို့အား ရွေးကောက်တင်မြှောက်

 

 

နေပြည်တော် မတ် ၁၈

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ စတင် ကျင်းပသည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြှောက်ခြင်းပြီးသည်အထိ အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူအား သဘာပတိအဖြစ် အဆိုတင်သွင်းပြီး ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နီနီမာက ထောက်ခံသည့်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကို သဘာပတိအဖြစ် တင်မြှောက်ကြောင်း အခမ်းအနားမှူးက ကြေညာသည်။

 

ကတိသစ္စာပြု

ထို့နောက် သဘာပတိ ဒေါ်ဒွဲဘူက အမျိုးသားလွှတ်တော်၏ရှေ့မှောက်၌ သဘာပတိအဖြစ် ကတိသစ္စာပြုပြီး ကတိ သစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကာ နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ယင်းနောက် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြ သည်။

 

အစည်းအဝေး စတင်ကျင်းပ

ဆက်လက်၍ သဘာပတိက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၁၃ ဦးစလုံး တက်ရောက်ကြသည့်အတွက် ရာနှုန်းပြည့်ဖြင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပကြောင်း ကြေညာသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်တင်မြင့်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းဒွေး တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က ထောက်ခံသည့်အတွက် ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ(၁၁)အရ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းဒွေးအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရာ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ထွန်းက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌလောင်းအဖြစ် ကချင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် Jeng Phang နော်တောင် တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းအောင်က ထောက်ခံသည့်အတွက် ကချင် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် Jeng Phang နော်တောင် အား ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။

 

ဆက်လက်၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဦးအောင်လင်းဒွေးနှင့် Jeng Phang နော်တောင်တို့က သဘာပတိ၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် သဘာပတိက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးထံ တာဝန်လွှဲအပ်သည်။

 

ယင်းနောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

(အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၏ နှုတ်ခွန်းဆက်စကား အပြည့်အစုံကို သီးခြားဖော်ပြထားပါသည်။)

 

ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ဒုတိယနေ့ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

၁၈-၃-၂၀၂၆