
နေပြည်တော် နိုဝင်ဘာ ၇
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sino-pharm အမှတ်တံဆိပ် ကာကွယ်ဆေး ၂၄ သန်း doses ကို စာချုပ်ချုပ်ဆို ဝယ်ယူထားသည့်အနက် နောက်ဆုံးအသုတ် (ဆဋ္ဌမအသုတ်)အဖြစ် ကာကွယ်ဆေး လေးသန်း doses သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ ည ၈ နာရီ မိနစ် ၂၀ တွင် ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူ ထားသည့် Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး စုစုပေါင်း ၂၄ သန်း doses သည် ခြောက်ကြိမ်ခွဲ၍ ရောက်ရှိ ခဲ့ပြီးဖြစ်သည်။ ထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင် ခရီးလမ်းကြောင်းမှ လည်းကောင်း၊ တပ်မ တော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှ လည်း ကောင်း အအေးလမ်းကြောင်း မပျက် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်သည်။
ယခုရောက်ရှိလာသော ကာကွယ် ဆေးများနှင့် ယခင်လက်ကျန်ရှိသော ကာကွယ်ဆေးများကို အသုံးပြု၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရည်မှန်း ဦးတည်အုပ်စုများ၏ ၅၀ ရာခိုင်နှုန်းခန့် ကို ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပေးသွားမည်ဖြစ်သည်။ ထို့အပြင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအတွက်လည်း ကာကွယ် ဆေးများ ထပ်မံ၍ ရရှိနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၆ ရက်အထိ လူဦးရေစုစုပေါင်း ၁၃ ဒသမ ၉ သန်းကို ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ ၈ ဒသမ ၂၄ သန်း နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၅ ဒသမ ၆၅ သန်း ရှိပြီဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ နိုဝင်ဘာ ၆ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၂ ဒသမ ၁၅ သန်း ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် မိမိ အတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက်အကြိမ် ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလ အတွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှု ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်း များတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထား သည်။
သတင်းစဉ်