တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မှာယူခဲ့သည့် တွန်း/ဆွဲရေယာဉ်သစ်နှစ်စင်း ရောက်ရှိ

ရန်ကုန်    ဩဂုတ်    ၁၈


ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ   ပိုမိုလုပ်ဆောင်နိုင်ရန်   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ Union Resources & Engineering Co.,Ltd. (UREC)ထံ မှာယူခဲ့သော တွန်း/ဆွဲရေယာဉ်သစ်နှစ်စင်းသည် ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။


ဆင်မင်း-၁ နှင့် ဆင်မင်း-၂ အမည်ပေးထားသော အဆိုပါ တွန်း/ဆွဲရေယာဉ် နှစ်စင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးဆိပ်ကမ်းမှ ဩဂုတ် ၂ ရက်က ရန်ကုန်မြို့သို့ စတင်ထွက်ခွာခဲ့ကာ စင်ကာပူနိုင်ငံ၌ ရေယာဉ်ဆီဖြည့်ခြင်းနှင့် ရိက္ခာ ဖြည့်တင်းခြင်းဆောင်ရွက်ပြီး   ဆက်လက်မောင်းနှင်ခဲ့ရာ   ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။


အဆိုပါ တွန်း/ဆွဲရေယာဉ်သစ်များတည်ဆောက်ရေးအတွက် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အခြေစိုက် Union Resources & Engineering Co.,Ltd.(UREC)က အမေရိကန်ဒေါ်လာ ၁၃ ဒသမ  ၅၆ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ရာ  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် UREC တို့သည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် လုပ်ငန်းစာချုပ် ချုပ်ဆိုခဲ့ သည်။                                          

 

m တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ


စာချုပ်ပါစည်းကမ်းချက်နှင့်အညီ ရေယာဉ် နှစ်စင်းကို စင်ကာပူအခြေစိုက်  Sea Tech Solutions International Pte.,Ltd က တာဝန်ယူရေးဆွဲပေးသည့် ဂျပန်နိုင်ငံအသိအမှတ်ပြု      ရေယာဉ်ဒီဇိုင်းဖြင့် ကွမ်ကျိုးပြည်နယ်ရှိ Shunhai Shipyards Lt. က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ 
တွန်း/ဆွဲရေယာဉ်များသည် အလျား ၃၄ မီတာ၊ အကျယ် ၁၁ ဒသမ ၆ မီတာ၊  ရေစူး  လေးမီတာရှိပြီး မြင်းကောင်ရေ  ၂၅၀၀  ရှိသော  ဂျပန်နိုင်ငံထုတ် Yumma အင်ဂျင်နှစ်လုံး တပ်ဆင်ထားကာ တွန်း/ဆွဲ ရေယာဉ်နှစ်စင်း၏အမြန်နှုန်းမှာ  တစ်နာရီလျှင် ရေမိုင်  ၁၂   မိုင်နှုန်း မောင်းနှင်နိုင်သောကြောင့် ရန်ကုန်ဆိပ်ကမ်းတွင်     ဝင်/ထွက်   သွားလာကြသော    အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောကြီးများအား  တွန်း/ဆွဲခြင်းလုပ်ငန်းများကို    ထပ်မံအားဖြည့် ဆောင်ရွက်နိုင်မည်    ဖြစ်သည်။   ရေယာဉ်နှစ်စင်း တည်ဆောက်မှုမှာ  ၁၈ လ ကြာမြင့်ခဲ့ပြီး ၂၀၂၁ ခုနှစ်  မေ ၂၂  ရက်တွင်  တည်ဆောက်မှုပြီးစီး၍     စမ်းသပ် မောင်းနှင်မှုအောင်မြင်ခဲ့သည်။'


ဝန်ဆောင်မှုကောင်းများ ပေးသွားမည်'


ရန်ကုန်ဆိပ်ကမ်း၏      ရေလမ်းကြောင်း ကောင်းမွန်မှုကြောင့် ယခင်ထက် ရေစူးနှင့်တန်ချိန် ပိုမိုသည့် သင်္ဘောကြီးများ ဝင်/ ထွက်သွားလာလျက် ရှိပြီး ယခုကဲ့သို့ နည်းပညာမြင့်မား၍ စွမ်းဆောင်ရည် ကောင်းမွန်သော တွန်း/ဆွဲရေယာဉ်များကို အသုံးပြု ၍ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်သင်္ဘောကြီးများ အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဘေးကင်း လုံခြုံစွာသွားလာနိုင်သော ဝန်ဆောင်မှုကောင်းများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။'


ဓာတ်ပုံ- ကနူး                                                                                                                                        
ညိမ်းသူ (သတင်းစဉ်)