နေပြည်တော် ဩဂုတ် ၂၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာကံဇော် သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား လူ့စွမ်း အား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက် စေရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce- MOFCOM) ပညာ တော်သင်ဆုပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
အမှာစကားပြောကြား
အစီအစဉ်အရ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စ မာကျား (Ms. Ma Jia) က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်း ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံကို ခေတ်မီသော အသိပညာ၊ ကျွမ်းကျင်မှုရှိသော ပညာရှင်နှင့် စီမံခန့်ခွဲရေးပညာရှင်များ ပြုစု ပျိုးထောင်ပေးရန် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ MOFCOM ပညာ သင်ဆုများ ပေးအပ်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးရေး အတွက် အဓိကကျသည့် အခန်း ကဏ္ဍတွင် ပါဝင်လျက်ရှိပါ ကြောင်း၊တရုတ်နိုင်ငံသည် မြန်မာ နိုင်ငံအတွက် အစိုးရပညာသင်ဆု များဖြစ်သည့် Chinese Govern-ment Scholarship (CGS)၊ Chinese Scholarship Council (CSC)၊ Youth Excellent Scho-larship (YES) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန(MOFCOM)တို့မှ ပညာသင်ဆု များကို နှစ်စဉ် ကမ်းလှမ်းလျက် ရှိပါကြောင်း၊ ကမ်းလှမ်းလာသည့် ပညာသင်ဆုများတွင် ပညာရေး၊ စီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာမူဝါဒ များ၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ စာရင်းအင်းနှင့် ဥပဒေ စသည့် ဘာသာရပ်များ စုံလင်စွာ ပါဝင်သဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရာတွင် များစွာအထောက်အကူပြုလျက်ရှိပါကြောင်း၊ ပညာသင်ကာလ အတွင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အတွေ့ အကြုံကောင်းများ၊ ဘာသာစကား နှင့် ယဉ်ကျေးမှုတို့ကို သင်ယူ လေ့လာခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေ ရေးနှင့် နှစ်နိုင်ငံအကြားပူးပေါင်း ဆောင်ရွက်မှုများတွင် ထိရောက် စွာ အထောက်အကူပြုနိုင်ရေး ကြိုးစားကြရမည် ဖြစ်ကြောင်း၊ ပညာသင်ဆုရရှိကြသည့် အရာ ထမ်း၊ အမှုထမ်းများအနေဖြင့် လည်း သက်ဆိုင်ရာဘာသာရပ် များအလိုက် ထူးချွန်ကျောင်းသား များဖြစ်အောင် ကြိုးစားသင်ယူ လေ့လာကြရန်၊ ပညာသင်ကာလ ပြီးဆုံးသည့်အချိန်တွင် လေ့လာ ဆည်းပူးခဲ့သည့် အသိပညာ ဗဟုသုတများကို လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးပြုသွား ကြရန်နှင့် နိုင်ငံအတွက် အားကိုး အားထားပြုရသည့် စွမ်းဆောင် ရည်ပြည့်ဝသော လူသားအရင်း အမြစ်များ ဖြစ်လာစေရေး ကြိုးစား အားထုတ်ကြရန် တိုက်တွန်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးသံမှူးတို့ က တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ တက္ကသိုလ်အသီးသီးမှ ကျောင်း ဝင်ခွင့်လက်မှတ် (Admission Letter)များကို ပညာတော်သင်ဆု ရွေးချယ်ခြင်းခံရသည့် အရာထမ်း၊ အမှုထမ်းများကို ပေးအပ်ချီးမြှင့်ခဲ့ ကြပြီး MOFCOM ပညာတော်သင် ကျောင်းသားဟောင်း တစ်ဦးနှင့် ပညာတော်သင်ဆုရရှိသူ အရာ ထမ်းတစ်ဦးတို့က ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန (MOFCOM) အနေဖြင့် မြန်မာနိုင်ငံ၏ လူ့စွမ်း အား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကာလတိုဆွေးနွေးပွဲ များ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ပညာ သင်ဆုပေါင်းများစွာ ပေးအပ် ကမ်းလှမ်းလျက်ရှိရာ ၂၀၂၃ ခုနှစ် တွင် ပါရဂူဘွဲ့ ၁၄ ဦးနှင့် မဟာဘွဲ့ ၅၁ ဦး၊ ၂၀၂၄ ခုနှစ်တွင် ပါရဂူဘွဲ့ ခုနစ်ဦးနှင့် မဟာဘွဲ့ ၆၅ ဦး ရွေးချယ်ပေးအပ်ခဲ့သဖြင့် ဝင်ခွင့် ရရှိခဲ့သည့် ကျောင်းသားဦးရေ သည် အာရှတွင် ပထမဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံ အမတ်ကြီး မစ္စ မာကျား၊ တရုတ် သံရုံးမှ တာဝန်ရှိသူများနှင့် ပညာတော်သင်ဆု ရရှိကြသည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည် ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး နှင့် Horizon Lake View ဟိုတယ်၊ Presidential Suite - II ၌ ဆက်လက်တွေ့ဆုံ၍ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်စေရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်