
ရန်ကုန် မေ ၁၉
မြန်မာကုန်တင်ယာဉ်များ တရုတ်နိုင်ငံဘက်သို့ ဝင်ထွက်ခွင့်ရရှိသဖြင့် ကုန်တင်ငှားရမ်းခ ဈေးနှုန်း များ သက်သာလာခဲ့ပြီး ယခင်ထက် ကုန်သွယ်မှု ပမာဏတိုးမြင့်လာနိုင်တော့မည် ဖြစ်သည်။ မြန်မာ- တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသည့် ကျင်စန်းကျော့ - ဝမ်တိန်ဂိတ်ကို မေ ၁၆ ရက်မှ စတင်၍ ကုန်တင်ယာဉ်များ အရေအတွက် အကန့် အသတ်မရှိ ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း မူဆယ်ကုန်သည်များထံမှ သိရသည်။
ရွှေလီမြို့ ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်း ကြောင်း၌ ကုန်ပစ္စည်းများ ပြန်လည်ဖြတ်သန်း လာနိုင်ခဲ့ပြီး ကုန်သွယ်ရေးပမာဏ အဆက်မပြတ် ပြန်လည်တိုးတက်လာခဲ့သော်လည်း စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် ကုန်သည်များ အခက်အခဲအချို့ ရှိနေသေးသည်။ သို့သော် ယခင်က မြန်မာကုန်ကားများကို တရုတ်နိုင်ငံသို့ ဝင်ထွက်ခွင့်မပြုဘဲ ကုန်တင်ယာဉ်လဲလှယ်၍ တင်ဆောင်နေရခြင်းကြောင့် ခေါက်တိုကုန်တင် ယာဉ်များ ငှားရမ်းရာတွင် အခက်အခဲများရှိပြီး တစ်စီးလျှင် ငွေကျပ် သိန်းဆယ်ဂဏန်းမှ ရာချီ၍ ကုန်ကျခဲ့သဖြင့် ယခုကဲ့သို့ ဝင်ထွက်ခွင့်ပြုခြင်းဖြင့် သယ်ယူပို့ဆောင်မှုစရိတ်ကို အထိုက်အလျောက် သက်သာစေမည် ဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလမှ ဧပြီလနှင့် ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလ ကာလတူ နှိုင်းယှဉ်ပါက နေ့စဉ်ပျမ်းမျှ ပို့ကုန်သွင်းကုန် ဝန်ဆောင်မှု ၄၂ ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိ လာကြောင်း၊ နေ့စဉ် ပျမ်းမျှကုန်သွယ်မှုပမာဏ ၂၅၆ ရာခိုင်နှုန်းတိုးလာသဖြင့် ကပ်ရောဂါမတိုင်မီ၏ ၃ ဒသမ ၅ ဆအထိရှိလာကြောင်း ကုန်သွယ်ရေး သတင်းများအရ သိရှိရသည်။
ကျင်စန်းကျော့ - ဝမ်တိန် မံမန်လမ်းကြောင်း တွင် စမတ်နယ်စပ်ဂိတ်စီမံအုပ်ချုပ်မှုစနစ် ဖော် ဆောင်ပြီး ကွန်တိန်နာနယ်စပ်ဂိတ်ဖြတ်သန်း ရာတွင် နည်းပညာအဆင့်မြှင့်တင်ထားပြီး နိုင်ငံတကာကုန်စည်စီးဆင်းမှု ပုံစံသစ် စတင်အသုံး ပြုထားသည်။ နယ်စပ်ဂိတ်များ တစ်ပြေးညီဖြစ် သည့် One Stop Service ဖြင့် ဆောင်ရွက်ပေး သည့်အတွက် နယ်စပ်ဖြတ်ကျော်လုပ်ငန်းစဉ်များတွင် အဆင့်များစွာ လျော့ကျသွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဂိတ်ဝန်ဆောင်မှု အရည်အသွေးများကို မြှင့်တင်ထားကြောင်း တရုတ်မီဒီယာများတွင် ဖော်ပြထားသည်။
ယခုအခါ ကျင်စန်းကျော့ဂိတ်မှ တစ်ဆင့် မြန်မာပို့ကုန်များ မော်တော်ယာဉ်ပြောင်းစရာမလို သော်လည်း တရုတ်နိုင်ငံမှ အစားထိုးယာဉ်မောင်း များဖြင့်သာ မောင်းနှင်ရဦးမည်ဖြစ်သည်။ အခြား သော မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပေးနိုင်ရန်အတွက်လည်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များက မျှော်လင့်နေကြောင်း သိရ သည်။ သီရိ