
တရုတ်နိုင်ငံ၏ ငွေကြေးဖြစ်သော ယွမ်ငွေ သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် တန်ဖိုးအား ဖြင့် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုများ အတွက် ပဉ္စမအတက်ကြွဆုံးငွေကြေးအဖြစ် ရပ်တည်ခဲ့ပြီး တည်ငြိမ်သော နိုင်ငံတကာ အသွင်ကူးပြောင်းရေး အရှိန်အဟုန်ကို အချက်ပြခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ရုရှားသည် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှု များအတွက် ယွမ်ငွေကို အသုံးပြုသော တတိယအကြီးဆုံးစျေးကွက် ဖြစ်လာ ကြောင်း ကမ္ဘာ့ဘဏ္ဍာရေးစာပို့လုပ်ငန်း Society for Worldwide Interbank Financial Telecommunication (SWIFT) က ဖော်ပြထားသည်။
ပဉ္ဓမနေရာတွင်ရှိ
ယွမ်၏ရှယ်ယာသည် ၂၀၂၂ ခုနှစ် ဇွန်လတွင် ၁ ဒသမ ၈၆ ရာခိုင်နှုန်းရှိနေရာမှ မြင့်တက်ခဲ့ပြီး ဇူလိုင်လတွင် ၂ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ကာ အမေရိကန်ဒေါ်လာ၊ ယူရို၊ ဗြိတိန်ပေါင်နှင့် ဂျပန်ယန်းတို့နောက် တွင် ရှိနေခဲ့သည်။ ယင်းတို့အနက် အမေရိကန်ဒေါ်လာနှင့် ယွမ်တို့သည် တစ်လ အတွင်း အသုံးပြုမှုတိုးလာသည်ကို တွေ့ရ သည့် ငွေကြေးနှစ်မျိုးဖြစ်သည်။ အမေရိကန် ဒေါ်လာ၏ ရှယ်ယာသည် ဇွန်လတွင် ၃၈ ဒသမ ၇၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇူလိုင်လတွင် ၄၁ ဒသမ ၁၉ ရာခိုင်နှုန်းအထိ တိုးလာပြီး ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုအများဆုံး ငွေကြေးအဖြစ် ၎င်း၏ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားသည်။
ယူရိုငွေသည် ဇွန်လတွင် ၃၆ ဒသမ ၄၆ ရာခိုင်နှုန်းမှ ဇူလိုင်လတွင် ၃၅ ဒသမ ၄၉ ရာခိုင်နှုန်းသို့ကျဆင်းသွားပြီး ပေါင်သည် ဇွန်လတွင် ၇ ရာခိုင်နှုန်းရှိရာမှ ဇူလိုင်လတွင် ၆ ဒသမ ၄၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ဂျပန်ယန်းရှယ်ယာသည်လည်း ၃ ဒသမ ၄၆ ရာခိုင်နှုန်းမှ ၂ ဒသမ ၈၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ ယူရိုဇုန်အတွင်း ပေးချေမှုများ မပါဝင်သော နိုင်ငံတကာ ငွေပေးချေမှုများအရ ယွမ်သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ရှယ်ယာ ၁ ဒသမ ၅၁ ရာခိုင်နှုန်းဖြင့် အဆင့်ခြောက် (ဆဌမ) နေရာ တွင်ရှိသည်။ ကမ္ဘာတစ်ဝန်းတွင် မတည်ငြိမ် မှုများရှိနေသော်လည်း အခြားအဓိက ငွေကြေးများနှင့် နှိုင်းယှဉ်ပါက ယွမ်၏ ဝေစု တိုးလာခြင်းသည် တည်ငြိမ်သော ငွေလဲနှုန်းဖြင့် ကမ္ဘာတစ်ဝန်းတွင် ယွမ်၏ အသိအမှတ်ပြုမှုနှင့် လက်ခံမှုမှာ တည်ငြိမ် သောတိုးတက်မှုကို ကွက်ကွက်ကွင်းကွင်းသက်သေပြခြင်းဖြစ်ကြောင်း ဝူဟန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ် မှ ဒါရိုက်တာတစ်ဦးက မှတ်ချက်ပြုသည်။
ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုမှု
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွင် နယ်စပ်ကုန်သွယ်မှုအချို့ကိုပါ တွက်ချက် ပါက ယွမ်၏ အသုံးပြုမှုဝေစုသည် ပို၍ပင် များပြားကြောင်း၊ တရုတ်ငွေကြေးကို ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုမှု ကြီးထွား လာမှု၏ အဓိကမှာ IMF သည် Special Drawing Rights-SDR ငွေကြေးခြင်းတောင်း တွင် တရုတ်ယွမ်ငွေကြေးကို ၁၀ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၂၈ ရာခိုင်နှုန်းသို့ တန်ဖိုးမြှင့်တင်ခဲ့ကြောင်း၊ ယင်းခြင်းတောင်း ထဲတွင် တရုတ်ငွေကြေးကို ထည့်သွင်းခဲ့ချိန် ၂၀၁၆ ခုနှစ်မှစ၍ ပထမဆုံးအကြိမ်ပြုလုပ် သော SDR တန်ဖိုး ပုံမှန်ဆန်းစစ်ခြင်းတွင် ထိုသို့မြှင့်တင်ပေးခဲ့ကြောင်း တရုတ်နိုင်ငံ၏ ဗဟိုဘဏ်မှ မေလအတွင်း ထုတ်ပြန်ချက် တစ်ခုအရ သိရှိရသည်။
တတိယအကြီးဆုံးဈေးကွက်
ရုရှားသည် ယွမ်ငွေပေးချေမှုအတွက် တတိယအကြီးဆုံးဈေးကွက် ဖြစ်လာခဲ့ပြီး ဇူလိုင်လတွင် တရုတ်နှင့် ရုရှားကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၇၉ ဘီလီယံ ရှိခဲ့သည်။ ယင်းတို့အနက် ရုရှားနိုင်ငံသို့ တရုတ်နိုင်ငံ၏ ပို့ကုန် ပမာဏသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၇ ဘီလီယံရှိပြီး ရုရှားမှ တရုတ်သို့ သွင်းကုန်ပမာဏမှာ ကန်ဒေါ်လာ ၁၀ ဒသမ ၀၂ ဘီလီယံရှိခဲ့ကာ ဇွန်လမှ စတင်ကာ နှစ်ခုစလုံး တိုးတက်ခဲ့ကြောင်း သိရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊