
ဟနွိုင်း ဒီဇင်ဘာ ၁၃
တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာ အားကောင်းစေရန်အတွက် သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုး ခဲ့ကြကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ခြောက်နှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ကာ ဗီယက်နမ်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ဒါဇင်နှင့်ချီသော သဘောတူညီချက်များစွာကို ရယူနိုင်ခဲ့သည်။ ရှီကျင့်ဖျင်သည် ၎င်း၏ဗီယက်နမ်နိုင်ငံခရီးစဉ် ဒုတိယမြောက်နေ့တွင် ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်းချင်း၊ သမ္မတ ဗိုဗန်သောင်တို့နှင့် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့သည် သဘောတူညီချက် ၃၆ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဗီယက်နမ်နိုင်ငံပိုင်မီဒီယာက ပြောသည်။ အဆိုပါသဘောတူညီချက်များထဲတွင် ပူးတွဲစစ်ရေးကင်းလှည့်ဆောင်ရွက် မှုများတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရေးနှင့် နယ်စပ်ဖြတ်ကျော် ရထားလမ်းများ တိုးတက်ဖြစ်ထွန်းရေးအစီအမံများ ပါဝင်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဗီယက်နမ်ခရီးစဉ်သည် စက်တင်ဘာလ အတွင်းက ဗီယက်နမ်နိုင်ငံသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သွားရောက် လည်ပတ်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဗီယက်နမ်နှင့် အမေရိကန်နိုင်ငံတို့သည် ပြီးပြည့်စုံသော မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးသို့ နှစ်နိုင်ငံဆက်ဆံရေးများ မြှင့်တင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ