တရုတ်နှင့် အမေရိကန်သမ္မတတို့ ပေကျင်းမြို့၌ သီးသန့်တွေ့ဆုံ

 

 

ပေကျင်း မေ ၁၅

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် မေ ၁၅ ရက်က ပေကျင်းမြို့၌ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံမှုသည် သမ္မတနှစ်ဦး၏ ဆွေးနွေးပွဲကျင်းပခဲ့ပြီး တစ်ရက်အကြာတွင် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

 

ကုန်သွယ်ရေးနှင့် စီးပွားရေး ဆိုင်ရာ တည်ငြိမ်မှုများကို ထိန်းသိမ်းရန်၊ နယ်ပယ် အသီးသီးတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ရန်နှင့် တစ်ဖက်နှင့်တစ်ဖက်၏ စိုးရိမ်ပူပန်မှုများကို သင့်လျော်စွာ ကိုင်တွယ် ဖြေရှင်းရန် အရေးကြီးသည့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း သမ္မတ ရှီကျင့်ဖျင် က ပြောကြားခဲ့သည်။

 

ထို့ပြင် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များတွင် ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း လာစေရေးအတွက် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

 

ယခုခရီးစဉ်သည် နှစ်ဖက် အပြန်အလှန် နားလည်မှုကို မြှင့်တင်ရန်၊ အပြန်အလှန် ယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေရန်နှင့် နှစ်နိုင်ငံပြည်သူများ၏ လူမှုဘဝအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သမ္မတ ရှီက ဆက်လက်ပြောကြားခဲ့သည်။

ဆင်ဟွာ