
နန်နင်း မတ် ၂၄
ယခုသီတင်းပတ်အစောပိုင်းက တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးတွင် ပျက်ကျမှုဖြစ်ပွားခဲ့သော ခရီးသည်တင် လေယာဉ်၏ အင်ဂျင်အပိုင်းအစများကို တွေ့ရှိခဲ့ကြောင်း အရာရှိတစ်ဦးက မတ် ၂၄ ရက်က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။
လေယာဉ်ပျက်ကျသည့် ပင်မ နေရာကို အတည်ပြုခဲ့ကြောင်း လေကြောင်း အာဏာပိုင်အဖွဲ့၏ လေကြောင်း လုံခြုံရေးရုံး အကြီးအကဲ ဇူတောင်က ပြော ကြားခဲ့သည်။ လေယာဉ်ပျက်ကျမှု အစိတ်အပိုင်း အများစုသည် လေယာဉ်ပျက်ကျရာ ပင်မနေရာမှ ကီလိုမီတာ ၃၀ အထိ ပြန့်ကျဲလျက် ရှိကြောင်းနှင့် မြေအောက်အနက် မီတာ ၂၀ အထိ ရောက်ရှိနိုင် ကြောင်း ဇူက ပြောသည်။
သံသယဖြစ်ဖွယ် လေယာဉ် ပျက် အစိတ်အပိုင်းတစ်ခုသည် ၁ ဒသမ ၃ မီတာရှည်ပြီး အကျယ် ၁၀ စင်တီမီတာအထိ ရှိကာ အဆိုပါ အစိတ်အပိုင်းကို လေယာဉ်ပျက်ကျရာ နေရာနှင့် ၁၀ ကီလိုမီတာအကွာရှိ လယ်တော ထဲတွင် တွေ့ရှိခဲ့ကြောင်း ကွမ်ရှီး ကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ မီးသတ်အကြီးအကဲ ဇန်ရှီက ပြောကြားခဲ့သည်။
မတ် ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီအထိ လေယာဉ်ပျက် အပိုင်းအစ စုစုပေါင်း ၁၈၃ ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အတူ လေယာဉ်စီး ခရီးသည်များ၏ ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ရာ စုံစမ်းစစ်ဆေးရေး အသင်းသို့ လွှဲအပ်လိုက်ကြောင်း ဇန်က ပြောကြားလိုက်သည်။
ခရီးသည် ၁၃၂ ဦး လိုက်ပါ လာခဲ့သော ခရီးသည်တင် လေယာဉ်သည် မတ် ၂၁ ရက်က ကွမ်ရှီးတွင် ပျက်ကျခဲ့သည်။ ယခု အချိန်အထိ အသက်ရှင်သန်သူ တစ်ဦးတစ်ယောက်မှ တွေ့ရှိ ခြင်းမရှိသေးပေ။ လေယာဉ်၏ ဘလက်ဘောက်စ်တစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
ဆင်ဟွာ