
နေပြည်တော် စက်တင်ဘာ ၁၈
ပြည်ပပို့ကုန်များအနေဖြင့် သက်ဆိုင်ရာ နိုင်ငံများက သတ်မှတ်ထားသည့် ကုန်ပစ္စည်းအရည်အသွေး စံချိန်စံညွှန်း များကို တိကျစွာ လိုက်နာဆောင်ရွက်မှ သာ ဈေးကွက် သေချာစေမည်ဖြစ်ပြီး မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများကို ရှောင်လွှဲနိုင်ကြမည်ဖြစ်သည်။
တာဝန်ယူဆောင်ရွက်ပေး
တရုတ်နိုင်ငံသို့ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်၍ တင်ပို့ခြင်းနှင့် ပတ်သက်၍ ကုန်သွယ်မှု ချောမွေ့စေရေးအတွက် နှစ်နိုင်ငံတာဝန် ရှိသူများ၏ ညှိနှိုင်းသဘောတူညီမှုများ အရ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် တင်ပို့ခွင့်ထုတ်လုပ်တင်ပို့သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများအတွက် မှတ်ပုံတင်ရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်သတ်မှတ်ပေးခြင်း၊ တင်ပြ လျှောက်ထားလာသည့် ကုမ္ပဏီ၊ အဖွဲ့ အစည်းများ မှတ်ပုံတင်၍ တရုတ်နိုင်ငံ အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ် ရေးဌာန(General Administration of Customs of China- GACC)သို့ ဆက်သွယ် ပေးပို့ခြင်း စသည့် လုပ်ငန်းစဉ်များကို စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြောင်းချဉ် ဖတ် ထုတ်လုပ်ရန် စိုက်ပျိုးသူများ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ တင်ပို့သူ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ တိရစ္ဆာန်အစာ ပြောင်း ချဉ်ဖတ် တင်ပို့ရန်အတွက် ပိုးမွှားကင်းရှင်း ကြောင်း သက်သေခံလက်မှတ် (Phyto-sanitary Ceritifcate-PC) လျှောက်ထား ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးရေးဦးစီး ဌာနမှ ဆောင်ရွက်ပေးမည့်အချက်များကို လည်း သက်ဆိုင်သူများသိရှိ၍ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အသိပေးကြေညာချက် များ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် ထုတ်လုပ်ရန် ပြောင်းစိုက်ပျိုးထုတ်လုပ် သူများ လိုက်နာဆောင်ရွက်ရမည့် အချက် များအဖြစ် စိုက်နည်းစနစ်ဆိုင်ရာနှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး ဆိုင်ရာများတွင် လိုက်နာရန်အချက်များ၊ သွင်းအားစုနှင့် မျိုးဆိုင်ရာ သတ်မှတ် ချက်များ၊ စိုက်ကွင်းနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များ ပါဝင်ပြီး တင်ပို့သူ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် မှတ်ပုံတင်ခြင်း ပြုပြင်ထုပ်ပိုးခြင်း၊ သိုလှောင်၊ တင်ပို့ ရာတွင် လိုက်နာရမည့် အချက်များနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက် များအပေါ် တိကျစွာလိုက်နာရန် လိုအပ် ချက်များကို အသေးစိတ်ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်