
နေပြည်တော် မေ ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ လင်ကွန်ကျောင်းတိုက်ဆရာတော် ချန်ကျန့်က မြန်မာနိုင်ငံရှိ ကျေးရွာငါးရွာတွင် စက်ရေတွင်းငါးတွင်း တူးဖော်နိုင်ရေး အလှူငွေပေးအပ်ပွဲကို မေ ၂၃ ရက်က နေပြည်တော် ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Mr. Liu Wei ဦးဆောင်သော အလှူရှင်အဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်း မြို့ရှိ လင်ကွန်ကျောင်းတိုက်ဆရာတော် ချန်ကျန့်က မြန်မာနိုင်ငံရှိ ကျေးရွာငါးရွာအတွက် စက်ရေတွင်း ရေကန်များ တူးဖော်ဆောက်လုပ်လှူဒါန်းလိုသည့် အကြောင်းရင်းကို ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Mr. Liu Wei က ရှင်းလင်းပြောကြားပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ လင်ကွန် ကျောင်းတိုက်ဆရာတော် ချန်ကျန့်က ပဲခူးတိုင်းဒေသ ကြီး ပန်းတောင်းမြို့နယ် ဘူးဘက်ကျေးရွာနှင့် ရွှေတွင်းတူးကျေးရွာ၊ မိုးညိုမြို့နယ် ရှစ်ကွက်ကျေးရွာ၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြရွာ၊ နတ်မောက်မြို့နယ် ကျွေးထူးကန်ကျေးရွာ စုစုပေါင်း တိုင်းဒေသကြီး နှစ်ခု၊ ကျေးရွာငါးရွာတွင် စက်ရေတွင်း တူးဖော်ခြင်း၊ ရေစင်၊ ဆိုလာရေတင်စနစ် ဆောင်ရွက် ရန်အတွက် အလှူငွေများလှူဒါန်းမှုအတွက် မိမိတို့ ဝန်ကြီးဌာနသာမက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအတွက်ပါ အလွန် မင်္ဂလာရှိသောနေ့ဖြစ်ပါကြောင်း၊ ဆရာတော် ပေးလှူသော စက်ရေတွင်းများသည် ကျေးရွာများ အတွက် အမှန်တကယ် အကျိုးရှိထိရောက်ပါကြောင်း၊ ဆရာတော်၏ လှူဒါန်းမှုဖြင့် အိမ်ခြေ ၁၀၅၀ ၊ လူဦးရေ ၄၀၅၃ ဦးကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာနိုင်သဖြင့် အထူးပင်ကျေးဇူးတင်ပါ ကြောင်း၊ လှူဒါန်းသည့် ရေတွင်းရေကန်များကို မြေပြင်တွင် အမှန်တကယ် အကျိုးရှိထိရောက်စေရေး ကြပ်မတ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြီးစီးမှု ကို မှတ်တမ်းဓာတ်ပုံများဖြင့် ပြန်လည်ပေးပို့ပေး မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့်အတူ မိမိတို့ ဝန်ကြီးဌာနကလည်း နှစ်စဉ်သောက်သုံးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်များ ခန်းခြောက်လာပြီး သောက်သုံးရေလုံလောက်မှု မရှိသော ကျေးရွာများကျန်ရှိနေသေးသဖြင့် ထပ်မံ လှူဒါန်းမည်ဆိုပါကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ ယခုလို စေတနာမေတ္တာတို့ဖြင့် ပေးအပ်လှူဒါန်းမှုအတွက် ဂုဏ်ယူဝမ်းမြောက်စွာ ဖြင့် အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်