တရုတ်နှစ်သစ်ကူးကာလတွင် ဖရဲ၊ သခွား ပြည်တွင်းဈေးနှုန်း အကောင်းဘက်ဦးတည်နေ

 

မုံရွာ  ဇန်နဝါရီ  ၁၄
တရုတ်နှစ်သစ်ကူးကာလတွင် ဖရဲသခွားစျေးသည် ပြည်ပသာမက      ပြည်တွင်းစျေးကွက်၌လည်း အကောင်းဘက်ဦးတည်နေကြောင်း   ဖရဲ၊ သခွား ကုန်သည်များထံမှ သိရသည်။
“တောင်သူတွေအနေနဲ့ စျေးတက်နေတာကြောင့် လောဘကြီးပြီး အနုသီးတွေမခူးဘဲ အရည်အသွေး ပြည့်မီတဲ့ အသီးတွေပဲ  တင်မယ်ဆိုရင် စျေးကွက် ထိန်းထားနိုင်မယ်။ လက်ရှိက ဝယ်လိုအားကောင်း နေတဲ့အတွက် လုယက်တင်ဖို့  မလိုဘူး။ တချို့က   စျေးကျမှာစိုးရိမ်ပြီး   လုယက်တင်ကြလို့ပါ။  အသီး နုတာတွေ၊   အမှည့်လွန်တာတွေပါလာရင်  ကိုယ့် စျေးကွက်ကို ဖျက်သလိုဖြစ်နိုင်တယ်ဆိုတာ သတိ ထားကြစေချင်ပါတယ်” ဟု ဖရဲ၊ သခွား ကုန်သည် တစ်ဦးက ပြောသည်။
ပြည်တွင်းစျေးကွက်၌   ဖရဲသီးကုန်ကားကြီး တစ်စီးလျှင် ကျပ်သိန်း ၆၀၊ ၇၀  အထိရှိနေပြီး ရန်ကုန် စျေးကွက်ကိုအခြေခံသည့်    ပြည်တွင်းစျေးကွက် ဒညင်းကုန်းဈေးနှင့်   သီရိမင်္ဂလာစျေးကွက်များ၌  ဖရဲသီးတစ်လုံးလျှင် အနည်းဆုံး ကျပ် ၂၅၀၀ မှ ၃၀၀၀ ခန့်အထိ စျေးရနေကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ကိုဗစ်ကြောင့် တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားစျေးကွက် လုံးဝပိတ်ထားခဲ့ရာမှ ယခုနှစ် တွင် ဒီဇင်ဘာ ၂၀ ရက် ခန့်မှစ၍ တရုတ်က စျေးကွက် ဖွင့်ပေးခဲ့ကြောင်း၊  ယခင်က  ဖရဲ၊ သခွားများကို တရုတ်နယ်စပ်သို့ တစ်ရက်လျှင် ကုန်တင်ကားကြီး အစီး ၆၀၀ ခန့် တင်ပို့နိုင်ခဲ့ သော်လည်း   လက်ရှိတင်ပို့ မှုမှာမူ   တစ်ရက်လျှင် ကားအစီးရေ ၁၀၀ ပင်မပြည့် ကြောင်း အဆိုပါဖရဲ၊ သခွားကုန်သည်ထံမှ သိရသည်။
ပြည်တွင်း၌ ဖရဲနှင့် သခွားကို အများဆုံးစိုက်ပျိုး ကြသည့်   စစ်ကိုင်းတိုင်းဒေသကြီးတွင်   နယ်မြေ  အခြေအနေကြောင့် တောင်သူများမှာ ယခင်ကကဲ့သို့ မစိုက်ရဲကြသည့်အတွက် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့    ပြောင်းရွှေ့စိုက်ပျိုးနေကြပြီး  စိုက်ပျိုးမှုမှာ   ငါးပုံတစ်ပုံခန့်အထိ   လျော့ကျကာ ယခင်က ဧက ၁၀၀ ခန့် စိုက်ပျိုးသူသည် လက်ရှိတွင် ဧက ၂၀ ခန့်သာ စိုက်ပျိုးနိုင်တော့ကြောင်း သိရသည်။
မျိုးဝင်းထွန်း (မုံရွာ)