တရုတ် - အာဆီယံ ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များအကြား ချစ်ကြည်ရေးကိုခိုင်မာစေပြီး ဒေသတွင်းနှင့် နှစ်နိုင်ငံဘက်စုံကုန်သွယ်မှု ဆက်ဆံရေးမြှင့်တင်ရာတွင် အရေးပါသော Platform တစ်ခုဖြစ်

 

နေပြည်တော်   စက်တင်ဘာ    ၁၀


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ   နန်နင်းမြို့တွင်   စက်တင်ဘာ ၁၀ မှ ၁၃ ရက်အထိ ကျင်းပမည့် (၁၈) ကြိမ်မြောက်  တရုတ် - အာဆီယံ  ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်း Online ဖြင့် တက်ရောက် သည်။


စီးပွားရေး ပြန်လည်ဦးမော့လာစေရေး


အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ဒုတိယဝန်ကြီးချုပ်၊ အာဆီယံနိုင်ငံများမှ အကြီးအကဲ များ၊ အာဆီယံအတွင်းရေးမှူးချုပ်တို့က ဗီဒီယိုဖြင့် မိန့်ခွန်းများ အသီးသီးပြောကြားကြပြီး  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းက ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ စိန်ခေါ်မှုများစွာ ရှိနေသည့်ကြားမှ တရုတ်- အာဆီယံ    ကုန်စည်ပြပွဲကို     ကြီးကျယ်ခမ်းနား အောင်မြင်စွာ    ကျင်းပနိုင်ခြင်းအတွက်    ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ တရုတ်- အာဆီယံ ကုန်စည် ပြပွဲသည်    တရုတ်နိုင်ငံနှင့်      အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များအကြား ချစ်ကြည်ရေးကို ခိုင်မာစေပြီး    ဒေသတွင်းနှင့်      နှစ်နိုင်ငံဘက်စုံ ကုန်သွယ်မှု ဆက်ဆံရေးမြှင့်တင်ရာတွင် အရေးပါ သော   Platform  တစ်ခုဖြစ်မည်ဟု   ယုံကြည်ပါ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး၊ လူမှု ရေး၊ ကုန်သွယ်ရေး ကဏ္ဍများတွင် ထိခိုက်နစ်နာမှုများ  ရှိနေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်း ပြီး စီးပွားရေး ပြန်လည်ဦးမော့လာစေရေး စီမံချက်ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မိတ်ဆွေအာဆီယံ နိုင်ငံများအနေဖြင့် မိမိတို့နှင့်အတူ    လက်တွဲပူးပေါင်းပြီး     စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း၊ တရုတ်-အာဆီယံ ကုန်စည် ပြပွဲများတွင်  မြန်မာနိုင်ငံမှ   စီးပွားရေးလုပ်ငန်းရှင် များက နှစ်စဉ်အင်တိုက်အားတိုက် ပါဝင်တက်ရောက် ပြသခဲ့ကြသော်လည်း ယခုနှစ်တွင် ကိုဗစ်ကပ်ရောဂါ ကြောင့်   ကိုယ်တိုင်လာရောက်     ပြသနိုင်ခြင်းမရှိ သော်လည်း Online မှတစ်ဆင့် ပါဝင်ပြသနိုင်အောင် ကူညီပံ့ပိုးပေးသည့်အတွက်    CAEXPO     ပြပွဲမှ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်း များကို ပေးပို့လှူဒါန်းသည့်အတွက်လည်း CAEXPO မှ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ကုန်စည်ပြပွဲအောင်မြင်ရန်နှင့်     တရုတ်-အာဆီယံ ဒေသတွင်း  အစဉ်ထာဝရ  ချစ်ကြည်ရင်းနှီးမှု   ရှိကြ ပါစေရန် ဆုတောင်းအပ်ပါကြောင်း ပြောကြားသည်။ 


ပြခန်းပေါင်း ၂၂ ခန်း ပါဝင်ပြသ


အဆိုပါ   တရုတ်-အာဆီယံ   ကုန်စည်ပြပွဲတွင် ပြပွဲကျင်းပရာနေရာ၌    ခင်းကျင်းပြသခြင်းအပြင် ပြပွဲသို့ ကိုယ်တိုင်လာရောက် ခင်းကျင်းပြသနိုင်ခြင်း မရှိသည့်  အာဆီယံနိုင်ငံများမှ လုပ်ငန်းများအတွက် အွန်လိုင်းပြပွဲတစ်ရပ်ကို တစ်ပြိုင်နက်တည်းခင်းကျင်း ထားရှိပြီး   တစ်နှစ်ပတ်လုံး     ပြသပေးထားမည် ဖြစ်သည်။ ယင်းပြပွဲသို့ မြန်မာနိုင်ငံမှ ကုမ္ပဏီ ၁၄   ခုတို့က ကုန်စည်ပြခန်းပေါင်း  ၂၂  ခန်းဖြင့် စိုက်ပျိုး ရေး  ထွက်ကုန်အမျိုးမျိုး၊   ကော်ဖီ၊  လက်ဖက်ရည်၊ သီဟိုဠ်စေ့ကဲ့သို့    စားသောက်ကုန်များ၊     သဘာဝ ဆိုးဆေး အသုံးပြုထားသည့်  ချည်ထည်များဖြင့်  ချုပ်လုပ်ထားသည့် အထည်များကို ခင်းကျင်းပြသ နေသည်။   အွန်လိုင်းပေါ်မှ   ပြခန်းများတွင်လည်း သစ်သီးဝလံ၊   ဆေးကုလားမ၊   သဘာဝဆိုးဆေး အသုံးပြုထားသည့် ချည်ထည်များဖြင့် ချုပ်လုပ်ထား သည့်    အထည်များနှင့်    အထည်ချုပ်လုပ်ငန်း၊    ယွန်းထည်လုပ်ငန်း၊    စားသောက်ကုန်၊    လယ်ယာ စိုက်ပျိုးရေး ထွက်ကုန်များနှင့် တန်ဖိုးမြှင့် ထုတ်ကုန် များစသည်ဖြင့်  ပြခန်းပေါင်း  ၂၂  ခန်း  ပါဝင်ပြသ လျက်ရှိသည်။


ကုန်စည်ပြခန်းများအပြင်    တရုတ်-အာဆီယံ ကုန်စည်ပြပွဲကာလအတွင်း  ၈၁  စတုရန်းမီတာ အကျယ်အဝန်းရှိသည့်နေရာ၌  မြန်မာနိုင်ငံ ဧရာဝတီ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပုသိမ်မြို့ကို ဦးစားပေးလျက်    မြန်မာအမျိုးသား  ပြခန်းဆောင် (National Pavilion) ကို ထည့်သွင်း တည်ဆောက် ထားပြီး ၎င်းပြခန်း၌  LED  TV  ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းမှ ကုန်စည်ထုတ်လုပ်နေသော၊ ကုန်သွယ်မှု ဆောင်ရွက်နေသော လုပ်ငန်းများ၏ မြှင့်တင်ရေး ဗီဒီယိုများနှင့်   ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး    ဗီဒီယို များကိုပါ ပြသလျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်