
နေပြည်တော် စက်တင်ဘာ ၁၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် သိမ်းဆည်းရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ် သစ်တော ဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ ကျွန်း ၃၅ ဒသမ ၇၂၀၂ တန်၊ သစ်မာ ၁၈ ဒသမ ၂၇၉၀ တန်၊ အခြား ၅၃ ဒသမ ၂၆၄၇ တန် စုစုပေါင်း ၁၀၇ ဒသမ ၂၆၃၉ တန်၊ ပြစ်မှုကျူးလွန်သူ ၃၃ ဦး၊ ယာဉ်/ယန္တရား ၂၆ စီး ဖမ်းဆီးရမိခဲ့သည်။
အများဆုံးသိမ်းဆည်းရမိမှုအနေဖြင့် စက်တင်ဘာ ၈ ရက်က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၇၈/၆)မိုင် ဝင်းထက် စက်သုံးဆီအရောင်းဆိုင်အတွင်းမှ တရားမဝင် ကျွန်းခွဲသားချောင်း ၁၁၃၀၊ ၁၀ ဒသမ ၅၆၄၀ တန်နှင့် ယာဉ်တစ်စီးကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
သတင်းစဉ်