
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အထူးအဖွဲ့များ၊
သက်ဆိုင်ရာဌာနများအနေဖြင့် ဦးဆောင်ကော်မတီက ညွှန်ကြားမှ၊ သတင်းချပြမှ လိုက်ပါဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ
မိမိတို့ရေးဆွဲတင်ပြထားသည့် အစီအမံများအတိုင်း စနစ်တကျ၊ တိတိကျကျ ဆောင်ရွက်
နေပြည်တော် ဇန်နဝါရီ ၁၈
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အဖွဲ့ဝင်များဖြစ်ကြသည့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ခဲ့ပြီး နိုင်ငံတော်တည်ငြိမ်ရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှု စီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက် လျက်ရှိရာတွင် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက်(၃)ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း။
ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်
စီးပွားရေးဦးတည်ချက်များကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတွင် အဟန့်အတားဖြစ်စေသည့် တရားမဝင် ကုန်သွယ်မှုများ လျော့နည်းကျဆင်း စေရေးအတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် နောက်ဆုံးအခြေအနေနှင့်အညီ ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း၊ ထိုသို့လမ်းညွှန်မှာကြားခဲ့သည်မှာ (၁)နှစ် ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ (၁)နှစ်တာကာလအတွင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် တရားမဝင်ကုန်သွယ်မှု များကို အတိုင်းအတာတစ်ရပ်အထိ တားဆီးစစ်ဆေး ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ယခင်နှစ်ကာလတူများနှင့် နှိုင်းယှဉ် လိုက်ပါကလည်း သိသိသာသာ တိုးတက်လာသည်ကို တွေ့ရကြောင်း။
ငွေကျပ် (၅၆ ဒသမ ၅၉၇)ဘီလီယံ ပိုမိုဖမ်းဆီး
ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို (၁/၂၀၂၁)ကြိမ်မြောက်မှ (၅/၂၀၂၂)ကြိမ် မြောက်အထိ (၆)ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၁၉၇)ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာ အတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ(၄၂၃၂)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၆၅ ဒသမ ၀၅၆) ဘီလီယံ ဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၂၂၄၀)နှင့် ခန့်မှန်းတန်ဖိုးငွေကျပ် (၈ ဒသမ ၄၅၉)ဘီလီယံဖြစ်သည့်အတွက် ကာလတူ တွင် အမှုတွဲ (၁၉၉၂) မှုနှင့် ခန့်မှန်းတန်ဖိုး ငွေကျပ် (၅၆ ဒသမ ၅၉၇)ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း။
နိုင်ငံပေါင်းစုံ မဟာမိတ်အဖွဲ့က သတ်မှတ်ထား
တရားမဝင် ကုန်သွယ်မှုဖြစ်ရခြင်း အကြောင်း ရင်းများစွာရှိသည့်အနက် အခြေခံကျသည့်အကြောင်း ရင်းများဖြစ်သည့် အစိုးရမူဝါဒ (Government Policy)၊ ရောင်းလိုအားနှင့် ဝယ်လိုအား (Supply and Demand)၊ ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု (Transparency and Trade)၊ အကောက်ခွန် လုပ်ငန်းဝန်းကျင် (Customs Environment) စသည့် အချက်များနှင့်တိုင်းတာသည်ကို တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံပေါင်းစုံ မဟာမိတ် အဖွဲ့က သတ်မှတ်ထားကြောင်း။
တရားမဝင်နည်းလမ်းများဖြင့် ဆက်လက်ဝင်ရောက်
နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို စနစ်တကျ ထိန်းကျောင်းနိုင်ရန်အတွက် လိုအပ် သည့်မူဝါဒများကို အခါအားလျော်စွာ ပြောင်းလဲ ကျင့်သုံးခဲ့ရသည့် အခြေအနေများရှိကြောင်း၊ အထူး သဖြင့် မလိုအပ်သည့်ကုန်ပစ္စည်း တင်သွင်းမှုများတွင် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရန်အတွက် ကုန်သွယ်မှု မူဝါဒအပြောင်းအလဲများ ပြုလုပ်ရကြောင်း၊ အထူး သဖြင့် ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည့် ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၀/၂၀၂၂)အရ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တင်သွင်းရမည့် ကုန်စည်များကို ပို့ကုန်ကရရှိသည့် ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်မှုများအပေါ် အခြေခံပြီး တင်သွင်းခွင့်ပြု သည့် အစီအစဉ်ကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းတွင် ဒီဇင်ဘာလအတွင်း သွင်းကုန်လိုင်စင် လျှောက်ထားမှုများ သိသိသာသာ ကျဆင်းသွားသော် လည်း မြဝတီမြို့ကို တစ်ဖက်နိုင်ငံ၏ ချစ်ကြည်ရေး တံတားမှ ဝင်ရောက်နေသည့် သွင်းကုန်ကုန်တင်ယာဉ် အရေအတွက်အနေဖြင့် သိသိသာသာကျဆင်းသွားခြင်းမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ယင်းသည် လိုင်စင်လျှောက်ထားရန် လိုအပ်သည့် ကုန်စည်များ တရားမဝင်နည်းလမ်းများဖြင့် ဆက်လက်ဝင်ရောက် နေခြင်းဖြစ်သည်ဟု ယေဘုယျ ကောက်ချက်ချ၍ ရကြောင်း။
ရောင်းလိုအားနှင့် ဝယ်လိုအားအနေဖြင့် ဈေးကွက်ပေါ်တွင် မူတည်ဖြစ်ပေါ်သည့်အတွက် ထိန်းချုပ်ရန် ခက်ခဲသော်လည်း ကျန်သည့်အချက်များ ဖြစ်သည့် ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု၊ အကောက်ခွန်လုပ်ငန်း ဝန်းကျင်ဆိုင်ရာများတွင် တာဝန်ရှိသည့်ဌာနများက တိုးတက်ကောင်းမွန် အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည်ကို တိုက်တွန်း ပြောကြားလိုကြောင်း။
အထင်အမြင်မမှားစေရေးအတွက် ဆောင်ရွက်
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ဖော်ဆောင်ရာတွင် Rule of Law “တရားဥပဒေစိုးမိုးရေး” သည် မရှိမဖြစ်လိုအပ်ချက် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးပြီး လုံခြုံမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် ဖမ်းဆီး တားဆီးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ အများပြည်သူ ကိုလည်း ဥပဒေကို လေးစားလိုက်နာရန် တတ်စွမ်း သမျှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် လုပ်ငန်း ဆောင်ရွက်မှုများသည် အများပြည်သူအမြင်တွင် အထင်အမြင်မမှားစေရေးအတွက် ဆောင်ရွက်ကြရန် လိုအပ်သည်ကိုလည်း မှာကြားလိုကြောင်း၊ ယခုကဲ့သို့ ပြောကြားရခြင်းသည်လည်း နေ့စဉ်ဖမ်းဆီးရမိ သတင်းတင်ပြနိုင်ရေး ဟန်ပြဆောင်ရွက်ခြင်းထက် အမှန်တကယ် ထိထိရောက်ရောက် တားဆီးစစ်ဆေး ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမျိုး ကိုသာ ဖြစ်စေလိုသည့်အတွက် ပြောကြားရခြင်း ဖြစ်ကြောင်း။
ဖမ်းဆီးရမိမှုများ တိုးတက်လာ
ယခင်က ကုန်သွယ်မှုလမ်းကြောင်းများ၊ စစ်ဆေး ရေးစခန်းများ၌ပင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် တရားမဝင် ကုန်ပစ္စည်းများ သိုလှောင်နိုင်သည့် သိုလှောင်ရုံနှင့် အဆောက်အဦ များကိုပါ သတင်းရယူ ဝင်ရောက်စစ်ဆေး ဖော်ထုတ် ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူခဲ့သည့်အတွက် ကုန်သွယ်မှုလမ်းကြောင်း မဟုတ်သည့်နေရာများ တွင် ဖမ်းဆီးရမိမှုများ တိုးတက်လာသည်ကို တွေ့ရကြောင်း။
ပြတ်ပြတ်သားသား အရေးယူသွားရမည်
တရားမဝင်ကုန်သွယ်မှုများကို အခကြေးငွေရယူ ပြီး လက်ခံဆောင်ရွက်ပေးနေသည့် တရားမဝင်ဂိတ် များကို လျှော့ချဖျက်သိမ်းရန် ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်ပါက တရားဝင် ဝင်/ထွက်ပေါက်များကို ပိုမိုတိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားဝင် နယ်စပ်ကုန်သွယ်ရေးစခန်းများက ကုန်သွယ်မှုများကို လွယ်ကူချောမွေ့အောင် ဆောင် ရွက်ပေးရန်လိုအပ်ပြီး အခြားတစ်ဖက်တွင် တရား မဝင် ဝင်/ထွက် ပေါက်များ အသုံးပြုရှောင်ကွင်းမှုများ ကို ထိထိရောက်ရောက် တားဆီးစစ်ဆေးပြီး ပြတ်ပြတ်သားသား အရေးယူသွားရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန် နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးမှုများ အားကောင်းလာစေရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။
စဉ်ဆက်မပြတ် လုပ်ဆောင်
မိမိတို့အနေဖြင့် အထူးသတိပြုရမည်မှာ တရားမဝင် ကုန်သွယ်မှုများတွင် တာဝန်ကျဝန်ထမ်း များ ပါဝင်ပတ်သက်မှု မရှိစေရေးပင်ဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေးကို အစည်းအဝေး တိုင်းတွင် ထပ်ကာထပ်ကာ မှာကြားနေသည့်အပြင် ဝန်ထမ်းများ တရားမဝင် ကုန်သွယ်မှုများတွင် ငွေကြေးတောင်းခံခြင်း၊ တံစိုးလက်ဆောင် ရယူခြင်း များမရှိစေရေး သတိပေးညွှန်ကြားမှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ အကြိမ်ကြိမ် သတိပေး ထိန်းကျောင်းနေသည့်ကြားမှ တရားမဝင်ကုန်သွယ်မှု များတွင် ပါဝင်ပတ်သက်နေသည့် ဝန်ထမ်းများကို စိစစ်တွေ့ရှိပါက စံနမူနာပြအနေဖြင့် ထိထိ ရောက်ရောက် အရေးယူသွားရမည်ဖြစ်သည်ကို ထပ်လောင်းပြောကြားလိုကြောင်း။ အလားတူ တရားမဝင်ကုန်သွယ်မှု၏ ဆိုးကျိုးများကို အများ ပြည်သူသိရှိစေရေးတို့အတွက် အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင် သွားရန် လိုအပ်ကြောင်း။
တရားမဝင် ကုန်သွယ်မှုများကို တားဆီးစစ်ဆေး ရာတွင် တရားမဝင်ကုန်ပစ္စည်းများ အပါအဝင် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးရမိလျက်ရှိကြောင်း၊ ယခင်ကမူးယစ်ဆေးဝါး များ ဖမ်းဆီးရမိရာတွင် WY ကဲ့သို့ ဆေးပြားများကို အများဆုံး ဖမ်းဆီးရမိခဲ့သော်လည်း နောက်ပိုင်း တွင် မူးယစ်ဆေးဝါးထုတ်လုပ်သူများသည် ၎င်းတို့၏ ဈေးကွက်အတွင်း အလွယ်တကူ ထိုးဖောက်ဖြန့်ချိရန် နှင့် လူငယ်များကို ဦးတည်ဖျက်ဆီးရောင်းချရန် မူးယစ်ဆေးဝါးများကို အစားအသောက်ပုံစံများ အဖြစ်လည်း ပြောင်းလဲထုတ်လုပ်လာသည်ကို တွေ့ရ ကြောင်း၊ လူငယ်များအနေဖြင့် အစားအသောက် ဟူသော အသိဖြင့်စူးစမ်းသုံးစွဲကြရာမှ မူယစ်ဆေး၏ သားကောင်ဘဝ သို့ ရောက်ရှိသွားနိုင်ကြောင်း၊ ထို့အတူ လူငယ်ဘဝ ဖွံ့ဖြိုးတိုးတက်မှုများ ပျက်စီးသွားစေနိုင်သကဲ့သို့ မိသားစုဝင်များ စိတ်ပူပန်ဆင်းရဲရသည့် နောက် ဆက်တွဲပြဿနာများ ပေါ်ပေါက်လာမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မိဘများ၊ မိသားစုဝင်များအနေ ဖြင့် မိမိတို့ သားသမီးများ၊ မိသားစုဝင်များ သုံးစွဲနေ သည့် အစားအသောက်များသည် ပုံမှန်ဟုတ်မဟုတ် ကို ခွဲခြားနိုင်သည့် အသိပညာဗဟုသုတများ ရှိနေကြရမည်ဖြစ်ကြောင်း။
ကျေပွန်စွာဖြင့် ဆောင်ရွက်ပေး
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ဦးဆောင်မှုဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များ ဖွဲ့စည်း၍ ထိထိရောက်ရောက် တားဆီးဖမ်းဆီး ဆောင်ရွက် လျက်ရှိပြီး အထိုက်အလျောက် တားဆီးစစ်ဆေး အရေးယူနိုင်ခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးတားဆီးရာ တွင် ပါဝင်ဆောင်ရွက်ကြသည့် ဝန်ထမ်းများအနေဖြင့် အဂတိတရား ကင်းရှင်းစွာဖြင့် နိုင်ငံအတွက် ရသင့် ရထိုက်သည့် အခွန်အခများ ကောက်ခံရရှိနိုင်ရေး အတွက် စေတနာအပြည့်အဝထားပြီး ပေးအပ်ထား သည့်တာဝန်ကို ကျေပွန်စွာဖြင့် ဆောင်ရွက်ပေး ကြရန် အလေးအနက် မှာကြားလိုကြောင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကိုလည်း ပူးပေါင်းဆောင်ရွက်မှုများ အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ကဏ္ဍအလိုက် ဖော်ထုတ်ချက်များကိုလည်း အခါအားလျော်စွာ ဆက်လက်ပံ့ပိုးပေးသွားရန် မေတ္တာရပ်ခံလိုကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အထူးအဖွဲ့များ၊ သက်ဆိုင်ရာဌာနများအနေဖြင့် ဦးဆောင်ကော်မတီက ညွှန်ကြားမှ၊ သတင်းချပြမှ လိုက်ပါဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ မိမိတို့ရေးဆွဲ တင်ပြထားသည့် အစီအမံများအတိုင်း စနစ်တကျ၊ တိတိကျကျ ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်က တရားမဝင်ကုန်သွယ် မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ (၅/၂၀၂၂)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြ သည်။
အမှာစာများကို ဖတ်ကြားတင်ပြ
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန် ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ သိင်္ဂီဇင်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌ များက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) သို့ တင်ပြလာသည့် အမှာစာများကို ဖတ်ကြားတင်ပြကြသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် တက်ရောက်လာကြသူများက တရားမဝင်ကုန်သွယ် မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်း အဖွဲ့ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃) ဆုံးဖြတ်ချက်(မူကြမ်း)ကို ဖတ်ကြားတင်ပြ အတည်ပြုချက်ရယူသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်