တရားမဝင်ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများအား လိုင်စင်လျှောက်ထားရန် အသိပေးထုတ်ပြန်ချက်

 

(၂၀၂၃ ခုနှစ်၊ မေလ   ၉   ရက်)
၁။    ယနေ့အချိန်ကာလတွင် အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုများကြောင့်  ပြည်သူလူထုအတွင်း၌  လူပုဂ္ဂိုလ် လုံခြုံရေးကို စိုးရိမ်ကြသည့်အတွက် လက်နက်ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေကာ  တရားမဝင်ကိုင်ဆောင်လျက်ရှိကြောင်း  ကြားသိနေရပါသည်။  မူလ ရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ်လုံခြုံရေးအတွက်ဖြစ်သော်လည်း လက်နက်ခဲယမ်းများလက်ဝယ်ရှိနေချိန်တွင် လူ၏စိတ်သည် အချိန်မရွေးပြောင်းလဲသွားနိုင်ပြီး တရားမဝင် ကိုင်ဆောင်ထားခြင်းဖြစ်သဖြင့် တစ်ချိန်ချိန်တွင် တစ်လွဲအသုံးပြုမှုများ ဖြစ်ပေါ်လာ နိုင်သည့်အပြင် ဥပဒေနှင့်လည်း ညီညွတ်မှုမရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရားမဝင်လက်နက်ခဲယမ်း    ကိုင်ဆောင်မှုများ    လျော့နည်းပပျောက်စေရေးနှင့် လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးအတွက် လက်နက် ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့်အညီ စနစ်တကျလိုင်စင်ထုတ်ပေးရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။  
၂။    လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားသည့်အခါ လျှောက်ထား သည့် သေနတ်အား မည်သို့မည်ပုံရရှိသည်ကို စစ်ဆေးမေးမြန်းသွားမည်မဟုတ်ဘဲ လျှောက်ထားလိုသည့် လက်နက်ခဲယမ်းနှင့်တကွ အပ်နှံလျှောက်ထားရမည်ဖြစ်ပါသည်။ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်လိုင်စင်    လျှောက်ထားမှုအပေါ်   လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူနှင့်အညီစိစစ်၍    သတ်မှတ်ချက်နှင့်  ကိုက်ညီသူများကို   လိုင်စင် ထုတ်ပေးသွားမည်ဖြစ်ပါသည်။ သီးခြားထုတ်ပြန်ပေးမည့်သတ်မှတ်ကာလအတွင်းလက်နက်ခဲယမ်းအပ်နှံ၍   လိုင်စင်လျှောက်ထားခြင်းမရှိပါက  ဖော်ထုတ်ဖမ်းဆီး၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့