
Annual Ministerial Meeting on the Responsibility to Protect အမည်ရှိ အစည်းအဝေးကို ၂၀ - ၉ - ၂၀၂၁ ရက်တွင် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ ကျင်းပခဲ့ပြီး Global Center for Responsibility to Protect (GCR2P)အဖွဲ့က ယင်းအစည်းအဝေးကို ဦးဆောင်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သိရှိရသည်။ အဆိုပါအစည်းအဝေးသို့ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရ သည့် ကျော်မိုးထွန်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ မြန်မာ နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လုပ်ဆောင်နေသည့် အတွက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG ခေါ် အဖွဲ့ကို ကိုယ်စားပြု၍ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်၍ ၎င်း၏ ပါဝင် တက်ရောက်မှုသည် မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိကြောင်းနှင့် ၎င်းကိုယ်တိုင်သည်လည်း အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည့် အထောက်အထားပင်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြ အပ်သည်။ ထို့အပြင် ၎င်း၏မိန့်ခွန်းတွင် အစိုးရဆန့်ကျင်သည့် အသိုက် အဝန်းမှ မမှန်မကန် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များပါဝင်ပြီး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေကာ ပြည်ပစွက်ဖက်မှု ကို ဖိတ်ခေါ်နေသည့် လက်ခံနိုင်ဖွယ်မရှိသော အချက်အလက်များ ပါဝင်နေသည်။
၎င်းကို ပါဝင်တက်ရောက်ခွင့်ပြုသည့် နိုင်ငံများနှင့် အဖွဲ့အစည်း များ၏ အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး ယင်းသို့ ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု များနှင့် မတည်ငြိမ်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်အားပေးရာရောက် ကြောင်း သတိပေးအပ်သည်။ သို့ဖြစ်၍ ယင်းကဲ့သို့ တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆောင်ရွက်ခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကြဉ် ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်း တောင်းဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်