
နေပြည်တော် သြဂုတ် ၁၆
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေ နှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ဩဂုတ် ၁၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင် ပုသိမ် မြို့နယ် ပုသိမ် - ငွေဆောင် ကားလမ်းအနီး၌ တရားမဝင် ပျဉ်းကတိုးခွဲသား ၀ ဒသမ ၃၁၈၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၀၈၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မိုးညှင်းမြို့နယ် နန်းမားမြို့ မိုးညှင်း - ဟိုပင်သွားကားလမ်းအနီးတွင် တရားမဝင် ကျွန်းတံခါး အစိတ်အပိုင်း ဆိုဒ်စုံ ၀ ဒသမ ၉၃၃၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၁၆၁၇၆) ကို သစ်တောဥပဒေအရ လည်းကောင်း၊ အဆိုပါသစ်များ တင်ဆောင်လာသည့် Super Custom အမျိုး အစား လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၁၆၁၇၆) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ဘီးလင်းမြို့နယ် ရွှေသံလွင်တိုးဂိတ်ဟောင်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ခဲမဖြူ/အဖြိုက်နက် ရောရာသတ္တု ၂ ဒသမ ၀၀ မက်ထရစ်တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှု ဖြင့် မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး - ပြင်ဦးလွင်လမ်း မိုင်တိုင်အမှတ် (၂၁) မိုင် (၅) ဖာလုံတွင် အခွန်ပေးဆောင်ထားသည့် စာရွက် စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် တရုတ်နိုင်ငံထွက် ပန်းပင် မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကန့်ဘလူမြို့နယ်အတွင်း Kenbo 110 အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀) နှင့် JLM 125 အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပျဉ်းမနားမြို့နယ် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပျဉ်းမနားမြို့နယ် အတွင်း တရားမဝင် မျောက်ငိုသစ် တန် ၄ ဒသမ ၅၁၈၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၁၃၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၁၆ ရက်တွင် ကရင်ပြည်နယ် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာ ထားခြင်းမရှိသည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၀၀၀၀၀)နှင့် ကလေးစီးစက်ဘီး အစီး ၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၇၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ ၅ ဒသမ ၈၄၆၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၉၃၂၄၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၁၄ ရက်၊ ၁၅ ရက် နှင့် ၁၆ ရက်တို့ တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၀၇၈၃၅၂ )ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်