
နေပြည်တော် ဇန်နဝါရီ ၂၄
တရားမဝင် ကုန်သွယ်မှု တိုက် ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်များ တွင် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ အကောက်ခွန် ဦးစီးဌာနက ဦးဆောင်သော တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံ ထုတ် စားသောက်ကုန်နှင့် လူသုံး ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၃၆၃၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
အလားတူ ဇန်နဝါရီ ၂၃ ရက် တွင် မန္တလေးတိုင်းဒေသကြီး (၁၆)မိုင် ကျောက်ချောစစ်ဆေးရေး စခန်းတွင် အကောက်ခွန်ဦးစီးဌာန က ဦးဆောင်သော တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ တရုတ်နိုင်ငံထုတ် စားသောက် ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၁၄၁၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။ ထို့အတူ ဇန်နဝါရီ ၂၄ ရက် တွင် ပဲခူးတိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်း ဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေး ခဲ့ရာ ပဲခူး၊ တောင်ငူနှင့် ပြည်ခရိုင် သစ်တောကြိုးဝိုင်းများ အတွင်း တရားမဝင် သစ်မျိုးစုံ ၂၇ ဒသမ ၁၉၁၁ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁၄၆၇၂၆)ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
သို့ပါ၍ ဇန်နဝါရီ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၆၅၀၇၂၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်