
နေပြည်တော် ဒီဇင်ဘာ ၂၉
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ၏ (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက် ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်နှင့် ပညာရေး အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။
အစီအစဉ်အရ တပ်မတော်သူနာပြုနှင့်ဆေးဘက် ပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ ဝင်များသည် ပညာရေးအဖွဲ့ အစည်းအဝေးကျင်းပပြီး ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်ပြီး သတ်မှတ် နေရာများတွင် နေရာယူကြကာ မြန်မာ့ဆိုင်းတူရိယာ အဖွဲ့က နိုင်ငံတော်သီချင်းတီးမှုတ်၍ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ် ကြီးက ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ သက်ဆိုင်ရာဌာနများက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ် အတိုင်းဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က သူနာပြုသိပ္ပံဘွဲ့ ၅၃ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ ငါးဦး၊ ဆေးဘက် ဆိုင်ရာနည်းပညာဘွဲ့(ဓာတ်ခွဲနည်းပညာ)ငါးဦး၊ ဓာတ် မှန် နှင့်ပုံရိပ်ဖော်နည်းပညာ ငါးဦး၊ ခန္ဓာသန်စွမ်းမှု နည်းပညာ ငါးဦး၊ ခြေတုလက်တုနှင့် အားပြုကိရိယာ နည်းပညာသိပ္ပံဘွဲ့ နှစ်ဦး စုစုပေါင်း ၇၅ ဦးတို့ကို ဘွဲ့ လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။ (အောက်ပုံ) ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့ရသူများအား ဘွဲ့များနှင့် လျော်ညီသော အဆောင်အယောင်အမှတ် လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးသည်။
ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်း ကြောင်းကြေညာကာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာကြသည်။
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်အနေဖြင့် ၂၀၀၃ ခုနှစ်မှစတင်၍ ဘွဲ့နှင်း သဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ အထိ သူနာပြုပါရဂူဘွဲ့ ၂၈ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၇၈ ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၄၂၉ ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့ ၂၀၄ ဦး၊ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) ၁၁၃ ဦး၊ ဆေးဘက်ဆိုင်ရာအသံလွန်လှိုင်း ဖြင့် ရောဂါရှာဖွေခြင်း နည်းပညာဒီပလိုမာဘွဲ့ ၁၆ ဦး၊ အထူးကြပ်မတ်သူနာပြုစုမှုဒီပလိုမာဘွဲ့ ၂၂ ဦး၊ ခွဲစိတ်ခန်းသူနာပြုစုမှု ဒီပလိုမာဘွဲ့ ၆၅ ဦး၊ သူနာပြု သိပ္ပံဘွဲ့ ၃၂၆၉ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ ၂၁၈ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာသိပ္ပံဘွဲ့ ၆၄၉ ဦး စုစုပေါင်း ၅၂၉၁ ဦးတို့အား ဘွဲ့များအပ်နှင်းပေးအပ် ခဲ့ပြီးဖြစ်သည်။
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ရှိ စာပေသင်ကြားရေးဆိုင်ရာ နည်းပြ အရာရှိများ နိုင်ငံတကာအဆင့်မီအတတ်ပညာများရရှိရေးအတွက် ပြည်ပသင်တန်းများ တက်ရောက် စေလွှတ်ခဲ့ရာ ၁၉၉၈ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့ အတွက် သင်တန်းသူအရာရှိတစ်ဦး၊ ၁၉၉၉ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူအရာရှိနှစ်ဦး၊ ၂၀၀၁ ခုနှစ်တွင် သူနာပြု ပါရဂူဘွဲ့အတွက် သင်တန်း သူအရာရှိနှစ်ဦးနှင့် သူနာပြုမဟာသိပ္ပံဘွဲ့အတွက် သင်တန်းသူ အရာရှိရှစ်ဦးတို့အား ဩစတြေးလျနိုင်ငံ La Trobe တက္ကသိုလ်သို့ စေလွှတ်ပညာသင်ကြား စေခဲ့ပြီး အဆိုပါသင်တန်းသူအရာရှိ ၁၃ ဦးအား La Trobe တက္ကသိုလ်မှဘွဲ့အပ်နှင်းသည့် အခမ်းအနားကို ၂၀၀၄ ခုနှစ်တွင် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ သည်။ ၂၀၂၂ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသားအရာရှိ တစ်ဦးကို ထိုင်းနိုင်ငံ Burapha University သို့ စေလွှတ်ပညာသင်ကြားစေခဲ့သည်။
အလားတူ တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်မှ သင်တန်းဆင်းအထက်တန်း သူနာပြုများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လက်တွေ့သူနာပြုစုမှု သင်တန်းသို့လည်းကောင်း၊ စင်ကာပူနိုင်ငံ National University Hospital တွင် နှလုံးရောဂါ အထူးကြပ်မတ်ကုသမှုသင်တန်းသို့ လည်းကောင်း၊ ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol University တို့တွင် သူနာပြုမဟာသိပ္ပံ ဘွဲ့နှင့် ဆေးဝါးမဟာသိပ္ပံဘွဲ့ သင်တန်းများသို့လည်း ကောင်း၊ အင်ဒိုနီးရှားနိုင်ငံ University of Airlangga Mulyorejo Surabaya တက္ကသိုလ်တွင် သူနာပြု မဟာသိပ္ပံဘွဲ့သင်တန်းသို့လည်းကောင်း ပညာတော် သင်စေလွှတ်ကာ တက်ရောက်အောင်မြင်ခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်