
နေပြည်တော် မေ ၁၃
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့တို့၏ အစီအစဉ်ဖြင့် တပ်မတော်သို့ ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသူများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် စိစစ်၍ စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့်ပြုလျက်ရှိရာ ယခု အကြိမ်တွင် ၂၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး မိဘ/အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ စစ်ကြောရေး နှင့်တည်းခိုရေးစခန်း၌ ပြုလုပ်သည်။
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် လှမြင့်စိုးနှင့် တပ်မတော်မှ အရာရှိကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ နုတ်ထွက်ခွင့်ရရှိသူ ၂၈ ဦးနှင့် ၎င်းတို့၏ မိဘ/အုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ အရွယ်မရောက်သေးသူ ကလေးသူငယ်များ ကို စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌကိုယ်စား ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း) စစ်ရေးချုပ်ရုံး တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် လှမြင့်စိုးက အမှာစကား ပြောကြားသည်။ ထို့နောက် တပ်မတော်မှ နုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူတို့က ပေးအပ်ပြီး နုတ်ထွက်ခွင့်ရရှိသူ ၂၈ ဦးကို မိဘ/အုပ်ထိန်းသူများထံ လွှဲပြောင်း ပေးအပ်သည်။
ထို့နောက် နုတ်ထွက်ခွင့်ရရှိသူများနှင့် မိဘ/အုပ်ထိန်းသူများကို မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာ ရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလ ပြုစုစောင့်ရှောက်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ်မရရှိသေး ပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး ဆေးဝါးကုသရန် လိုအပ်မှုရှိ/မရှိ စစ်ဆေး၍ လိုအပ်ပါ က ဆေးဝါးကုသမှုခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသော အလုပ်အကိုင်ရရှိနိုင်ရန်၊ လိုအပ်သည့်ကျွမ်းကျင်မှုများ သင်ယူရန်၊ ဖြစ်နိုင်ခြေ များ ဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံ ပစ္စည်းများ ဝေငှခြင်း၊ အိမ်အပြန်ခရီးစရိတ်နှင့် စားစရိတ်များ စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်သည်။
အလားတူ မိဘ/အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၁၆ ကြိမ်ပြုလုပ်ခဲ့ပြီး နုတ်ထွက်ခွင့်ရရှိသူ ၁၀၂၉ ဦးအား မိဘ/အုပ်ထိန်းသူ များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယခု ၁၇ ကြိမ် မြောက်အဖြစ် ၂၈ ဦး လွှဲပြောင်းပေးပြီးပါက စုစုပေါင်း ၁၀၅၇ ဦးအထိ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်အနေဖြင့် အသက် ၁၈ နှစ်မပြည့်သေး သူများ တပ်မတော် အတွင်း ဝင်ရောက်လာမှုမရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြောင်း အမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့သူများရှိပါက လည်း အမြန်ဆုံးထွက်ခွင့်ပြုရန် စိစစ်ဆောင် ရွက်လျက်ရှိသည့်အပြင် တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်