
နေပြည်တော် ဖေဖော်ဝါရီ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့တွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် မိုင်းခတ်တပ်နယ်နှင့် မိုင်းယောင်း တပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား သီးခြားစီ သွားရောက်တွေ့ဆုံ အမှာစကားပြောကြား သည်။
မဲမသမာမှုဖြစ်စဉ်ကြောင့်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် မိုင်းခတ်တပ်နယ်နှင့် မိုင်းယောင်း တပ်နယ်တို့သည် အလှမ်းကွာဝေးသည့် တပ်နယ်များ ဖြစ်ပြီး တိုင်းမှူးတာဝန်ထမ်းဆောင်စဉ်ကလည်း မကြာခဏ လာရောက်တွေ့ဆုံခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့ရသည်မှာ တစ်နှစ်ကျော် ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဖြစ်ပေါ် ခဲ့သည့် ကြီးမားသော မဲမသမာမှုဖြစ်စဉ်ကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရသည်ကို အရာရှိ၊ စစ်သည်၊ ရဲမေများ သိရှိနားလည်သဘောပေါက်ရန်လိုကြောင်း။
ယခင် တပ်မတော်အစိုးရအုပ်ချုပ်စဉ်ကာလ အတွင်း ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေရ သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိ နိုင်ရေး ပုံဖော်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ထို့နောက် NLD ပါတီကို ရွေးကောက်ပွဲသို့ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ပေး ခဲ့ကာ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရခဲ့ပြီး အစိုးရဖြစ် လာကြောင်း၊ NLD အစိုးရအုပ်ချုပ်စဉ် အစောပိုင်း ကာလအတွင်း၌ပင် ဥပဒေကို လက်တစ်လုံးခြား ဆောင်ရွက်မှုများ စတင်လုပ်ဆောင်ခဲ့သည်ကို တွေ့ရကြောင်း။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် လည်း ၎င်းတို့တာဝန်မထမ်းဆောင်မီအချိန်၌ NCA လက်မှတ်ရေးထိုးခြင်းမပြုရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းခဲ့ခြင်းများ ရှိသကဲ့သို့ ၎င်းတို့တာဝန်ယူထမ်းဆောင်ချိန်၌လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအပိုင်း၌ အားနည်းခဲ့သည် ကို တွေ့ရှိခဲ့ရကြောင်း၊ အလားတူ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ယိမ်းယိုင်စေခဲ့သည့် လုပ်ဆောင်မှု များရှိခဲ့ပြီး နိုင်ငံအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ သို့ ရောက်ရှိခဲ့ကြောင်း။
ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်
ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေး ခြင်းမရှိခဲ့ခြင်းနှင့် ပြည်ပမှတင်သွင်းမှုများကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ခြင်းကြောင့် ကုန်သွယ်မှု လိုငွေများ များစွာဖြစ်ပေါ်ခဲ့ရကြောင်း၊ အချို့ပြည်ပချေးငွေရယူဆောင်ရွက်ခဲ့သည့် စီမံကိန်းများကို လုပ်ငန်းဆောင်ရွက်မှုများ ပြီးစီးလုနီးပါးအခြေအနေ တွင် ရပ်တန့်ခဲ့သဖြင့် နိုင်ငံအတွက် များစွာနစ်နာခဲ့ရ ကြောင်း၊ အလားတူ ပြည်ပမှချေးငွေများ အဆမတန် ရယူခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် နှစ်စဉ် ပြည်ပ ကြွေးမြီများကို ပေးဆပ်နေရလျက်ရှိကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ အထိ ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံခန့်ရှိခဲ့ပြီး ယခု ၂၀၂၁ မှစ၍ ကုန်သွယ်မှုပိုငွေရှိအောင် ဆောင်ရွက်ခဲ့ကြောင်း။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး ပြဿနာများအပေါ် အချို့တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများမှ အခွင့်အရေးယူ၍ ဆောင်ရွက် နေမှုများရှိကြောင်း၊ မဲစာရင်းမှားယွင်းမှုနှင့် ပတ်သက်၍ တပ်မတော်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ တွင် စတင်ကြေညာခဲ့ပြီး မဲစာရင်းမှားယွင်းမှုအပေါ် ဖြေရှင်းပေးရန်အတွက် အကြိမ်ကြိမ်ပြောကြားခဲ့ ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် အဆိုပါမဲမသမာမှု ကိစ္စရပ်များအား ဖြေရှင်းပေးမှုမရှိခဲ့ကြောင်း၊ မဲစာရင်းမသမာမှုရလဒ်များဖြင့် တက်ရောက်လာ သည့် ကိုယ်စားလှယ်များက လွှတ်တော်ခေါ်ယူရေး ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံရေးအရ အရေးပေါ်အခြေ အနေကြေညာပြီး မလွှဲသာမရှောင်သာဘဲ နိုင်ငံတော် တာဝန်အား ရယူခဲ့ရခြင်းဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ်တွင် ပါဝင်သည့် မဲစာရင်းများပြန်လည် စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကိုဗစ် -၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် လည်း ကျန်းမာရေးဝန်ထမ်းများ တာဝန်ထမ်းဆောင် မှုနည်းပါးခြင်းနှင့် အခြားသောအခက်အခဲများကြားမှ ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်ခဲ့ရပြီး ယခုအခါ ကူးစက်မှုနှုန်း နည်းပါးသွားပြီဖြစ်ကြောင်း၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်ခဲ့ချိန်တွင် ပြည်သူများ၏ ပါဝင်ပူးပေါင်းဆောင်ရွက်မှုများ၊ စုပေါင်းလှူဒါန်းမှုများနှင့် နိုင်ငံတော်တာဝန်အား ကျေပွန်စွာထမ်းဆောင်လိုစိတ်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် များ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းအား အောင်မြင်စွာဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆင်းခဲ့သည့် နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့ ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အထိုက် အလျောက် တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း။
ငြိမ်းချမ်းရေးရရှိရေးအတွက်လည်း ပစ်ခတ် တိုက်ခိုက်မှုများရပ်စဲပေးထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ဆောင် ရွက်ထားကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် မိမိတို့အနေဖြင့် အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို ဆောင် ရွက်နိုင်ရမည်ဖြစ်ကြောင်း။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးက မည်သည့် ပုံစံနှင့်မဆို ခြိမ်းခြောက်ခံရမှုမရှိဘဲ မိမိတို့ဆန္ဒအတိုင်း မဲပေးနိုင်ရန်လိုအပ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲ၌ အထွေထွေရွေးကောက်ပွဲဖြစ်သဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပနိုင်ရမည်ဖြစ်ပြီး မြို့နယ် အားလုံး၌ ရွေးကောက်ပွဲကို လွတ်လပ်၍ တရား မျှတစွာ ကျင်းပပြုလုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ တရားမျှတမှုနှင့် ခြိမ်းခြောက်မှု မရှိ စေရေး လက်နက်ကိုင်ပဋိပက္ခများလည်း ချုပ်ငြိမ်းရန် လိုသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားသွန် ခွန်စိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးနှင့် လုံခြုံရေးအရ အမြန်ဆုံးတည်ငြိမ်မှုရရှိရေး ကြိုးပမ်း လျက်ရှိကြောင်း။
တပ်မတော်၏တာဝန်နှင့်ပတ်သက်၍ နိုင်ငံတော် ကိုကာကွယ်ရန်၊ နိုင်ငံ၏အချုပ်အခြာအာဏာနှင့် ပြည်သူများကို ကာကွယ်ပေးရန်ဖြစ်ကြောင်း၊ နိုင်ငံကို ကာကွယ်ရန်အတွက် စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရန်၊ လေ့ကျင့်သားပြည့်ဝရမည်၊ စိတ်ဓာတ်၊ စည်းကမ်းများ ကောင်းမွန်ရမည်ဖြစ် ကြောင်း၊ စစ်စည်းကမ်းကို တပ်မတော်သားများ အတွက် စစ်အခြေခံသင်တန်းမှစတင်၍ အခြေခံ ကျကျဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါအချက်ကို အလေးအနက်ထားပြီး လိုက်နာ ကျင့်သုံးရန်လိုကြောင်း၊ စည်းကမ်း စိတ်ဓာတ်ကောင်း သည့် တပ်မတော်သားများဖြစ်အောင် တစ်ဦးချင်းလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော် တွင် စစ်သည်တော်ကျင့်ဝတ် ၆၀ ရှိပြီး တိုက်တွန်း ချက်၊ တားမြစ်ချက်များ ပါဝင်ကြောင်း၊ စည်းကမ်း လိုက်နာပါက အရည်အချင်းရှိသည့် တပ်တစ်ခုဖြစ် မည်ဖြစ်ကြောင်း၊ အမိန့်နာခံမှုရှိမှသာ အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် နိုင်ငံ အတွက် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တစ်ဦးချင်းနှင့်အဖွဲ့လိုက်၊ အဖွဲ့တစ်ခုလုံး ကောင်းမွန် စွာ လေ့ကျင့်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ် ကြောင်း၊ နိုင်ငံတိုင်းတွင် တပ်မတော်ကို အလေးထား ကြပြီး နိုင်ငံ့ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ကြ ကြောင်း။
စစ်သားပီသရန်
နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင် နေသည့် တပ်မတော်ကို တည်ဆောက်ရာတွင် စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရန်လိုကြောင်း၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး တပ်မတော် သားတစ်ဦးချင်းအနေဖြင့် စစ်သားပီသရန်နှင့် စစ်သည်ကောင်းတစ်ဦးဖြစ်အောင် နေထိုင်ရမည်ဖြစ် ကြောင်း၊ ခေါင်းဆောင်များအနေဖြင့်လည်း စစ်သား ပီသသည့် ခေါင်းဆောင်အဖြစ် တပ်မတော်ကို ဦးဆောင်ရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ဆိုရာတွင် ဒုတိယတပ်ကြပ်မှစတင်၍ အဆင့်ဆင့်သော၊ အမျိုးမျိုးသော ခေါင်းဆောင်များရှိပြီး စစ်သားပီသ သည့် ခေါင်းဆောင်များဖြစ်မှသာ စွမ်းရည်နှင့် စွမ်းအားရှိသည့် တပ်မတော်ဖြစ်လာမည်ဖြစ်ကြောင်း၊ အထက်အောက် ရိုသေလေးစားမှုရှိရန်နှင့် အမိန့် နာခံတတ်မှုများရှိရန်လိုကြောင်း၊ အုပ်ချုပ်သူများ ဖြစ်သည့် ဒုတပ်ကြပ်မှစ၍ တပ်မှူးများအထိ ဖခင် သဖွယ်စိတ်ဓာတ်၊ တပ်မှူးကောင်းသဖွယ်စိတ်ဓာတ် ဖြင့် လက်အောက်ကို ညီညွတ်မျှတသည့် အုပ်ချုပ်ရေး စနစ်ဖြင့် အုပ်ချုပ်ကြရန်လိုကြောင်း၊ တပ်မတော်သား အားလုံး ခေါင်းဆောင်ကောင်းစိတ်ဓာတ်၊ နောက် လိုက်ကောင်းစိတ်ဓာတ်ဖြင့် တာဝန်ထမ်းဆောင်၍ မိမိကိုယ်ကို အသိတရား၊ သတိတရားဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း။
အမိန့်နာခံတတ်မှုနှင့် စစ်စည်းကမ်း ကောင်းမွန် စေရန်အတွက် အသိပညာရှိရန်နှင့် အသိပညာများ ရှိရန်အတွက် အတန်းပညာများရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများအတွက် အခြေခံ ပညာ မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပြင်ပဗဟုသုတစာပေများကိုလည်း အမြဲမပြတ် ဖတ်ရှုလေ့လာပြီး အသိပညာများ မြှင့်တင်နေရန်လိုကြောင်း၊ ပြင်ပဗဟုသုတစာပေများ ကိုဖတ်ရှုခြင်းဖြင့် လူတစ်ဦး၏ အသိဉာဏ်ကို ပိုမိုမြင့်မားစေသည်ကို တွေ့ရှိရသောကြောင့် စာပေ များ ဖတ်ရှုလေ့လာကြရန်လိုကြောင်း၊ မိမိတို့ သက်ဆိုင်ရာ ဘာသာတရားများအလိုက် လိုက်နာကျင့်ကြံထိန်းသိမ်းနေထိုင်ကြရန်လိုကြောင်း၊ မိမိတို့ သားသမီးများကို မိမိတို့ထက် သာလွန်အောင် မြေတောင်မြှောက်ပေးကြရန်လိုပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ်အတွင်းရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား ကျောင်းသူများကို ကိုဗစ် -၁၉ ကာကွယ်ဆေးများ ရာခိုင်နှုန်းပြည့်နီးပါး ထိုးနှံပြီးစီး ပြီဖြစ်ကြောင်း၊ ပညာတတ်များ ပေါများလာပါက နိုင်ငံအတွက် လူသားအရင်းအမြစ်များ ပေါများလာ မည်ဖြစ်ကြောင်း။
လက်ရှိအချိန်တွင် ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးထားပြီး လာမည့်မတ်လ နောက်ဆုံးပတ်မှ စ၍ ပထမအပတ်တွင် စာမေးပွဲများ ကျင်းပမည်ဖြစ် ကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးထား ခြင်းသည် ကျောင်းနေအရွယ်ကလေးတိုင်း စာပေ သင်ကြားနိုင်ရေးအတွက်ဖြစ်သဖြင့် ပညာသင်ကြား မှုမရှိပါက မိမိတို့ကလေးငယ်များ၏ဘဝ တိုးတက် ရေးကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကလေးငယ်များ၏ ပညာသင်ကြားရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေး နှင့်ပတ်သက်၍လည်း မပေါ့ဆကြရန်နှင့် အမြဲ သတိထား၍ လုံခြုံရေးအသိ၊ လုံခြုံရေးအမြင်များ ဖြင့် နေထိုင်သွားလာကြရန် လိုကြောင်းဖြင့် ပြော ကြားသည်။
ချီးမြှင့်ငွေများ ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မိုင်းခတ်တပ်နယ်နှင့် မိုင်းယောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူးများက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက မိုင်းခတ်တပ်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်