
နေပြည်တော် အောက်တိုဘာ ၆
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် အတွင်းပိုင်း ရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိ ဧရိယာအတွင်း ရေကြောင်းဆိုင်ရာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေးဆိုင်ရာ လုပ်ငန်းများအား တာဝန်ခံစီမံကွပ်ကဲ ဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်း အကျိုးစီးပွား များအား ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပင်လယ်ဖြတ်ကျော်မှုခင်းများ နှိမ်နင်းရန်၊ သတင်း အချက်အလက်များဖလှယ်ရန်၊ နိုင်ငံတကာကမ်းခြေ စောင့်တပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး သံတမန်ဆက်ဆံ ရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် စစ်မက်ကာလ တွင် တပ်မတော် (ရေ)အား အထောက်အကူပြုရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ ကမ်းခြေ စောင့်တပ်ဖွဲ့ကို ယနေ့တွင် စတင်ဖွဲ့စည်းပြီး တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် တပ်တော်ဝင်အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တက်ရောက်ဂုဏ်ပြုအမှာစကား ပြောကြား သည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ တက်ရောက် ကြသည်။
အသီးသီးနေရာယူ
အခမ်းအနားအစီအစဉ်အရ တပ်မတော်(ရေ)မှ လွှဲပြောင်းပေးမည့် စစ်ရေယာဉ် လေးစင်းမှ အရာရှိ၊ စစ်သည်များသည် စစ်ရေယာဉ်များပေါ်မှ ထွက်ခွာ၍ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည် များက ရေယာဉ်များပေါ်တွင် အသီးသီး နေရာယူကြ သည်။ ထို့နောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
လွှဲပြောင်းပေးအပ်
ယင်းနောက် ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးက ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေး မှူးချုပ်ထံသို့ ရေယာဉ်များနှင့် ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (Department of Marine Administration) မှ ခေတ္တညွှန်ကြားရေးမှူးချုပ်က ကမ်းခြေစောင့် ညွှန်ကြားရေးမှူးချုပ်ထံသို့ ကမ်းခြေစောင့် တပ်ဖွဲ့နှင့် ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်း ပေးအပ်သည်။ ယင်းနောက် ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်က ကမ်းခြေစောင့် ရေယာဉ် စုမှူးထံသို့ တပ်ဖွဲ့အလံများ ပေးအပ်သည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) က စစ်ရေယာဉ်များ လွှဲပြောင်းပေးအပ်ခြင်းအထိမ်းအမှတ် စစ်ရေယာဉ် ပုံစံငယ်များကို ဂါရဝပြုပေးအပ်သည်။
အစီအစဉ်အတိုင်းဆောင်ရွက်
ထို့နောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က ကမ်းခြေ စောင့်တပ်ဖွဲ့ ဖွဲ့စည်းမိန့်နှင့် ရေယာဉ်များအား ကမ်းခြေစောင့်တပ်ဖွဲ့ တပ်တော်ဝင်ရေယာဉ်များ အဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင် ခြင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့အလံ လွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက် တီးခြင်းနှင့် တပ်တော်ဝင် အခမ်းအနား လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာ့ပင်လယ်ပြင်အတွင်း စစ်ဆင်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ၊ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းများနှင့် စစ်ရေယာဉ်စု များအလိုက် ပြုလုပ်သည့် ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်းများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြပြီး ကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ် ခဲ့သည့် ရေယာဉ်များအား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ဂုဏ်ပြုအလေးပြု
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်ရှိ အလေးပြုခံစင်မြင့် မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူ သည်။ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ခံယူနေစဉ် စစ်ရေယာဉ်(ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ် (ရန်ကြီးအောင်)တို့မှ အမြောက်(၂၁) ချက် ပစ်ဖောက် ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြု အလေးပြုကြသည်။
သရုပ်ပြပျံသန်း
ထို့နောက် ဖရီဂိတ်စစ်ရေယာဉ်(အောင်ဇေယျ) ဦးဆောင်သော ဖရီဂိတ်စစ်ရေယာဉ်(ဆင်ဖြူရှင်)၊ကော်ဗက်စစ်ရေယာဉ်(တပင်ရွှေထီး)နှင့် အမြန်သွား တိုက်ခိုက်ရေးရေယာဉ်များက Single Line Formation ပုံစံဖြင့် ပုံပြုမောင်းနှင်ချီတက် အလေးပြု ပြီး တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် သုံးစင်း၊ သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စင်းနှင့် ပင်လယ်ရေကြောင်း ကင်းထောက် လေယာဉ် နှစ်စင်းတို့က အုပ်စုဖွဲ့မြားခေါင်းပုံစံဖြင့် လည်းကောင်း၊ တိုက်ခိုက်ရေး လေယာဉ် သုံးစင်းတို့ က Vic Formation ပုံစံဖြင့်လည်းကောင်း အသီးသီး သရုပ်ပြပျံသန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အား ချီတက်အလေးပြုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမြောက် ပစ်ဖောက် ဂုဏ်ပြုအလေးပြု ပစ်ခတ်ထားသည့် ပထမဆုံးအမြောက် ကျည်ဆန်ခွံအား အထိမ်း အမှတ် လက်ဆောင်အဖြစ် ဂါရဝပြုပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဂုဏ်ပြုမောင်းနှင်ချီတက် အလေးပြုခဲ့ကြသည့် စစ်ရေယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်တော်ဝင် ကမ်းခြေစောင့် ရေယာဉ်များမှ အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြု အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ကို ပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူ ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များနှင့် တွေ့ဆုံ၍ ယနေ့သည် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်း တည်ထောင်သည့် နေ့ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် တပ်မတော်အတွက် သမိုင်းဝင်မော်ကွန်းတင်သည့် နေ့တစ်နေ့ပင်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံသည် ကျယ်ဝန်းသည့် ပိုင်နက် ပင်လယ်ပြင်နှင့် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင် သော ကမ်းရိုးတန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အချက် အချာရေလမ်းကြောင်းများ၊ ဒီရေလမ်းကြောင်းများကို ထိန်းချုပ်နိုင်သည့် Choke Point များ တည်ရှိသည့် အတွက် မြန်မာ့ပင်လယ်ပြင် သည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ နှစ်ခုအကြား မဟာဗျူဟာကျကျ တည်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်း
မိမိတို့ပင်လယ်ပြင်သည် သက်ရှိ၊ သက်မဲ့ သယံဇာတ အရင်းအမြစ်များ ကြွယ်ဝပြီး ဒေသတွင်း မဟာဗျူဟာကျစွာ တည်ရှိနေသည့်အတွက် နိုင်ငံ တော်၏ အကျိုးစီးပွားဖော်ဆောင်ရန် အခွင့်အလမ်း နယ်မြေတစ်ခုလည်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်(ရေ)နှင့်အတူ ပိုင်နက်ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ရေကြောင်းသယံဇာတ များကို ကာကွယ်စောင့်ရှောက်ရန်နှင့် ရေကြောင်း လုံခြုံရေး (Maritime Security) ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့ကို ဖွဲ့စည်းပေးခြင်းပင်ဖြစ်ကြောင်း။
ယခင်က မိမိတို့နိုင်ငံတွင် ကမ်းခြေစောင့်တပ်ဖွဲ့ မရှိသည့်အတွက် ၎င်း တာဝန်များကို တပ်မတော်(ရေ)က ပူးတွဲဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယနေ့ အချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ် သည့်အတွက် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး ကဏ္ဍ(Constabulary Role)၊ လူသားချင်းစာနာမှု အကူအညီပေးရေးကဏ္ဍ (Benign Role) များကို ကမ်းခြေစောင့်တပ်ဖွဲ့က အဓိကထား ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင် ရှာဖွေ ကယ်ဆယ်ရေးနှင့် ပင်လယ်ပြင် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ရန် တာဝန်ရှိမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ကုန်းမြေဧရိယာ ၂၆၁၂၂၈ စတုရန်းမိုင်ခန့်နှင့် ရေပြင်ဧရိယာ ၁၄၄၉၁၂ စတုရန်း မိုင်ခန့် ပိုင်ဆိုင်ပြီး ရေပြင်ဧရိယာအနေဖြင့် စုစုပေါင်း ဧရိယာ၏ ၃၅ ရာခိုင်နှုန်းရှိကြောင်း၊ ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း ကျွန်းပေါင်း ၁၄၀၀ ကျော် ရှိပြီး သဘာဝကပေးအပ်သည့် အရင်းအမြစ်များ၊ စီးပွားရေးအခွင့်အလမ်းများ များစွာရှိကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံ၏ ကမ်းရိုးတန်းနှင့် ပိုင်နက် ပင်လယ်ပြင် သဘာဝအလှတရားများ၏ ဆွဲဆောင် အားနှင့် ပင်လယ်ပြင်ရေကြောင်း ခရီးသွားလုပ်ငန်း Marine and Coastal Tourism လုပ်ငန်းအတွက် အခြေခံကောင်းများစွာရှိသည်ကို တွေ့ရမည်ဖြစ် ပြီး ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များကို လုပ်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း။
ဘေးကင်းလုံခြုံရေးကိုဆောင်ရွက်
ထို့အပြင် ကမ်းရိုးတန်းတစ်လျှောက်၌ အလား အလာကောင်းသည့် ရေနက်ဆိပ်ကမ်းများရှိပြီး နိုင်ငံတကာကုန်သွယ်ရေး ရေလမ်းကြောင်းများ ဖြတ်သန်းလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ရေပြင် နှင့် ဆက်စပ်ပင်လယ်ပြင်တွင်ရှိသည့် ပင်လယ်ပြင် ဆက်သွယ်ရေးလမ်းကြောင်း (Sea Line of Com-munication) လုံခြုံရေးနှင့် မိမိတို့ ရေနက်ဆိပ်ကမ်း များ ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ပေးကြရ မည်ဖြစ်ကြောင်း။
မိမိတို့ ပင်လယ်ပြင်သည် ငါးသယံဇာတ အမြောက်အမြားရှိပြီး တိုင်းရင်းသား ပြည်သူလူထု အတွက် အစားအစာလုံခြုံမှု Food Security ကို အဓိကပံ့ပိုးပေးလျက်ရှိကြောင်း၊ ပင်လယ်ပြင်တွင် ငါးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုသူများ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ပင်လယ်ပြင်တွင် တရားမဝင် ငါးခိုး ဖမ်းဆီးမှုများကိုလည်း စစ်ဆေးရှာဖွေ ဖမ်းဆီး ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေး ဆောင်ရွက်
ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပင်လယ်ပြင်အခြေပြု စီးပွားရေးလုပ်ငန်းများ (Ocean Based Economy)တစ်နည်းအားဖြင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်း (Blue Economy)များဖြစ်သည့် ရေကြောင်းခရီးသွား လုပ်ငန်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလုပ်ငန်း၊ ရေနက်ဆိပ်ကမ်းများလုပ်ငန်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းများ ဘေးကင်းလုံခြုံရေး၊ ပင်လယ်ပြင်မှ တရားမဝင် ဖြတ်သန်းဝင်ရောက်မှု မရှိစေရေးနှင့် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးရန်အတွက် ယနေ့ ကမ်းခြေစောင့် တပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း။
မိမိတို့တပ်မတော်သည် ပြည်သူလူထုအရေးကို ရှေးရှုပြီး ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးအပါအဝင် လူသားချင်းစာနာထောက်ကူမှုနှင့် သဘာဝဘေး ဒုက္ခကယ်ဆယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်(ရေ) အနေဖြင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ ပင်လယ်ပြင်အတွင်းမှ ဒုက္ခသည် ၄၀၀၀ ကျော် ကို ကူညီကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် Covid-19 ကပ်ရောဂါကြောင့် မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ပို့ဗလဲယားတို့တွင် ကာလကြာရှည်စွာ ဒုက္ခခံနေရသည့် မြန်မာနိုင်ငံသား ၁၁၅၀ ကျော်ကို လည်း စစ်ရေယာဉ်များ စေလွှတ်ပြီး ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့သော တာဝန် များကို ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် တပ်မတော် (ရေ)နှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားရန် လိုအပ် ကြောင်း။
ကြိုးပမ်းဆောင်ရွက်လျက်ရှိ
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လိုအပ်ချက်အရ ကမ်းခြေစောင့်တပ်ဖွဲ့ကို နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းပေးလိုက် ပြီးဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် တပ်ဖွဲ့ ဆိုင်ရာ မျှော်မှန်းချက်အမြင်(Vision)၊ ရည်မှန်းချက် တာဝန်(Mission)များ သတ်မှတ်ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့ အတွက် ရည်မှန်းချက်တာဝန်များနှင့် ကိုက်ညီမည့် တပ်ဖွဲ့ ဆောင်ပုဒ်ကိုလည်း သတ်မှတ်ပေးလိုကြောင်း၊ ယင်းဆောင်ပုဒ်မှာ “Guard, Protect and Save Our Sea” “စောင့်ရှောက် ကာကွယ် ဒို့ပင်လယ်” ပင်ဖြစ်ကြောင်း၊ မိမိတို့ မြန်မာ့ပင်လယ်ပြင် နှင့် အကျိုးစီးပွားများကို စောင့်ရှောက်ကာကွယ် ပြီး နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်လာသည့် တာဝန်များကို ကြိုးပမ်းထမ်းရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
လာရောက်သတင်းရယူ
အဆိုပါ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် ရေယာဉ်များ တပ်တော်ဝင် အခမ်း အနားသို့ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက် များ လာရောက်သတင်းရယူခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်