
နေပြည်တော် ဇန်နဝါရီ ၂၇
တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ် စဉ်(၈၂)၊ တပ်မတော်(ရေ) အရာ ရှိငယ်(အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၅၆)နှင့် တပ်မတော် (ရေ) အမျိုးသမီး အရာရှိငယ် သင်တန်းအမှတ်စဉ်(၈) သင်တန်း ဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ ကျင့်ရေး ဌာနချုပ်စစ်ရေးပြကွင်း ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူမိုးအောင် တက်ရောက် မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ ရန်ကုန် တပ်နယ်နှင့် သန်လျင်တပ်နယ် တို့မှ တပ်မတော်အရာရှိကြီးများ၊ ကျောင်းဆင်းအရာရှိများ၏ မိဘ ဆွေမျိုးများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာ ယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။
ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူမိုးအောင် က ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြု ခြင်းကိုခံယူပြီး ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။
ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်
ထို့နောက် ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေး ဦးစီးချုပ်(ရေ)အား အနှေးလျှောက်၊ အမြန်လျှောက် ဖြင့် ချီတက်အလေးပြုကြသည်။ ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်(ရေ)က တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ်(၈၂)မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၆၅၄ ဗိုလ် စိုင်းခန့်သူရိန် နှင့် ရေကြောင်းပညာစာပေ ထူးချွန်ဆုရ ရေ ၅၆၃၈ ဗိုလ် ပြည်သိန်းကျော် တို့ကို လည်း ကောင်း၊ တပ်မတော်(ရေ)အရာရှိ ငယ်(အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၅၆)မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၆၆၂ ဗိုလ် နိုင်ဦး နှင့် ရေကြောင်း အင်ဂျင် နီယာ ပညာစာပေထူးချွန်ဆုရ ရေ ၅၆၆၈ ဗိုလ် ကျော်မင်းဟိန်း တို့ကို လည်းကောင်း၊ တပ်မတော် (ရေ) အမျိုးသမီးအရာရှိငယ် သင် တန်းအမှတ်စဉ်(၈) မှ အကောင်း ဆုံး ကျောင်းသားဆုရ ရေ ၅၆၇၄ ဗိုလ် ဒေါ်ခိုင်ခန့်ခန့်ကျော်နှင့် ရေကြောင်းပညာ စာပေထူးချွန် ဆုရ ရေ ၅၆၇၅ ဗိုလ် ဒေါ်လဲ့နန္ဒာ ထွန်းတို့ကိုလည်းကောင်း ထူးချွန် ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ မိုးအောင် က သင်တန်းဆင်းမိန့်ခွန်းပြော ကြားရာတွင် သင်တန်းသားများ ကို သင်တန်းကာလအတွင်း နိုင်ငံတကာ ရေတပ်စံနှုန်းများ နှင့်အညီ ရေကြောင်းဆိုင်ရာ ပညာရပ်များ၊ ရေတပ်စက်မှု လက်မှုပညာရပ်များ၊ ရေတပ် လက်နက်နှင့်လက်နက်စနစ်ပညာရပ်များနှင့် ရေတပ်အုပ်ချုပ် ထောက်ပံ့မှု ပညာရပ်များကို စာတွေ့၊ လက်တွေ့ လေ့ကျင့် သင်ကြားပေးခဲ့ပြီးဖြစ်၍ စစ်ရေ ယာဉ်ကြီးများတွင် တွဲဖက်ပဲ့စင် တာဝန်ကျအရာရှိ(Junior Officer of the Watch)နှင့် တွဲဖက်စက်မှု လက်မှု တာဝန်ကျအရာရှိ( Juni-or Engineer Officer of the Watch)များအဖြစ် လက်တွေ့ လုပ်ငန်းခွင်တွင် ဆက်လက် လေ့လာ ဆည်းပူးသွားရဦးမည် ဖြစ်ကြောင်း၊ လုပ်ငန်းခွင်လက် တွေ့လေ့ကျင့်မှုများ ပြီးဆုံးသွား သည့်အချိန်တွင် အရည်အချင်း ပြည့်မီသူများကိုသာစစ်ရေယာဉ်များတွင် တာဝန်ပေးအပ်သွားမည် ဖြစ်ပြီး ထိုက်သင့်သည့်ပင်လယ် ပြင် လုပ်သက်နှင့် လုပ်ငန်းအတွေ့ အကြုံ ရရှိပြီးချိန်တွင် အထူးပြု ဘာသာရပ်ဆိုင်ရာ သင်တန်း (Specialized Course) များကို ထပ်မံတက်ရောက် လေ့လာ သင်ကြားကြရမည်ဖြစ်ကြောင်း။
အများကအတုယူရသည့်
စစ်သမီးများဖြစ်အောင် ကြိုးစား
ယနေ့ခေတ် အမျိုးသမီးအရာ ရှိ၊ စစ်သည်များအနေဖြင့် ခက်ထန် ကြမ်းတမ်းသည့် ပင်လယ်သမုဒ္ဒရာကို မိုင်ထောင်ချီ ဖြတ်ကျော်ကာ ပြည်ပနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်များနှင့် ပူးတွဲလေ့ကျင့်ခန်းများတွင် အမျိုး သားအရာရှိ၊ စစ်သည်များနည်းတူ ရင်ပေါင်တန်း ပါဝင်ဆောင်ရွက် နိုင်ခဲ့ကြကြောင်း၊ မျိုးဆက်သစ် အမျိုးသမီး အရာရှိငယ်များအနေ ဖြင့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပြီး အများကအားကျ အတုယူရသည့် စစ်သမီးများ ဖြစ်အောင် အလေးအနက်ထား ကြိုးစား တာဝန်ထမ်းဆောင် သွားရန်လိုကြောင်း။
မြန်မာ့ ပင်လယ်ပြင်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီ ပင်လယ်ပြင်တို့နှင့် ဆက်စပ် တည်ရှိနေပြီး မဟာဗျူဟာအရ အရေးပါသည့် နေရာတစ်ခုဖြစ် ကြောင်း၊ နိုင်ငံတော်၏ရေကြောင်း ဆိုင်ရာ အကျိုးစီးပွားများအတွက် အခွင့်အလမ်းများစွာ ဖော်ဆောင် ပေးနိုင်သည့် အနေအထားဖြစ် သကဲ့သို့ ပဋိပက္ခအသွင်ဆောင် သည့် ခြိမ်းခြောက်မှု အလား အလာများလည်းရှိနေကြောင်း။
တပ်မတော် (ရေ) အနေဖြင့် နိုင်ငံတော်၏ ရေကြောင်းအကျိုး စီးပွား၊ အခွင့်အလမ်းများကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက် နေသကဲ့သို့ ခြိမ်းခြောက်မှုတုံ့ပြန် ကာကွယ်နိုင်ရေး အတွက်လည်း တာဝန်ယူ ဆောင်ရွက်လျက်ရှိကာ “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာ့ပင်လယ်ပြင်ကို စောင့် ရှောက်ကာကွယ်ရန် ဖြစ်သည်ကိုအမြဲနှလုံးသွင်းခံယူချက် ပြင်းပြ နေရန် အလေးအနက်ထား မှာကြားလိုကြောင်း။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့နှင့် စစ်ရေယာဉ် များ တပ်တော်ဝင်အခမ်းအနား တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံ တော်၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အကောင်းဆုံးသော အာမခံချက် မှာ စွမ်းရည်ထက်မြက် သည့် ကာကွယ်ရေးအင်အားစု တည်ဆောက် ပိုင်ဆိုင်ခြင်းပင် ဖြစ်ကြောင်း၊ စစ်ရေယာဉ်များ တည်ဆောက် ဖြည့်တင်းပေးရန်၊ လူသားအရင်းအမြစ်များ ပိုမို တိုးတက် ကောင်းမွန်အောင် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် လိုက်လျောညီထွေ ဖြစ်အောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း” မြွက်ကြားခဲ့ကာ စစ်ရေယာဉ်များ တည်ဆောက်ရေးနှင့် ပတ်သက် ပြီး ၂၀၁၁ ခုနှစ်မှ ယနေ့အထိ ဆယ်စုနှစ်တစ်စုကျော် ကာလ အတွင်း စစ်ရေယာဉ်အစင်း ၁၀၀ ကျော်ကိုတည်ဆောက်တပ်တော် ဝင်နိုင်ခဲ့ကြောင်း၊ လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ Ship Handling Simulator များ၊ Engine Room Simulator ၊ Damage Control Simulator နှင့် War Game Simulator ကိုလည်း အဆင့်မြှင့် တင်ပေးခဲ့ပြီး လေ့ကျင့်ရေးစနစ်၏ ထိရောက်မှုနှင့် စွမ်းဆောင်မှု များကို ပိုမိုတိုးတက်လာစေ ခဲ့ကြောင်း။
စွမ်းရည်တိုးတက်သည့် ရေတပ်ဖွဲ့ဖြစ်အောင် ကြိုးပမ်း
တစ်ဦးချင်း အရည်အချင်း တိုးတက်စေရန်အတွက် ပြည်တွင်း သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များကို ပြည်ပနိုင်ငံများသို့ စေလွှတ် တက်ရောက်စေလျက်ရှိ ကြောင်း၊ ပြည်ပနိုင်ငံများမှ ကျွမ်းကျင်သူ Mobile Training Team နည်းပြများကို ခေါ်ယူကာ လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ ကြောင်း၊ တပ်မတော်(ရေ) ၏ မျှော်မှန်းချက်အမြင် (Vision) မှာ မြန်မာ့ပင်လယ်ပြင် သီးသန့် စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ် နိုင်ရေးအတွက် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) အဖြစ် မျှော်မှန်းတည် ဆောက်လျက်ရှိကြောင်း၊ စစ်ရေ ယာဉ် တစ်စင်းချင်း၏ စွမ်းရည် မြင့်မားလာမှုနှင့်အတူ တပ်မတော် (ရေ)၏စွမ်းရည်လည်း တိုးတက် မြင့်မားလာမည် ဖြစ်ကြောင်း၊ တစ်ဦး တစ်ယောက်ချင်းမှသည် အဖွဲ့အစည်း စိတ်ဓာတ်၊ ရဲဘော် ရဲဘက် စိတ်ဓာတ်အပြည့်ဖြင့် စွမ်းရည်တိုးတက်သည့် ရေတပ်ဖွဲ့ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။
ဝိုင်းဝန်းကြိုးစားသွားကြရန်
တိုက်တွန်း
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က “ကာကွယ်ရေးရဲ့ သဘောသဘာဝ ဟာ ကြိုတင်မျှော်တွေးပြင်ဆင် လေ့ကျင့်နေရတာဖြစ်လို့ အမြဲ လေ့ကျင့်နေမှသာ ပင်လယ်ပြင်မှ ကျူးကျော်လာတဲ့ မည်သည့် ရန်သူကိုမဆို အချိန်အခါမရွေး တုံ့ပြန် ချေမှုန်းနိုင်မှာဖြစ်ပြီး မြန်မာ့ပင်လယ်ပြင် ကာကွယ် ရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း” ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် မိန့်ကြား ခဲ့ကြောင်း၊ အရာရှိများအနေဖြင့် ပင်လယ်ရေကြောင်း ဥပဒေများ၊ နိုင်ငံတကာ ရေကြောင်းဥပဒေ များနှင့် ပြည်တွင်းရေကြောင်း ဥပဒေများကိုပါ သိရှိလိုက်နာ ရမည့်အပြင် စစ်ပွဲဆိုင်ရာ ဥပဒေ (Law of Armed Conflict) နှင့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement)များကို လည်း သိရှိလိုက်နာ ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ အရာ ရှိငယ် ဘဝတွင်ကတည်းက တပ်မတော်၏ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာရုံးလုပ်ငန်းများကို တိတိ ကျကျနားလည်လိုက်နာ ဆောင် ရွက်နိုင်မှသာ အောင်မြင်သည့် ခေါင်းဆောင်ကောင်းများအဖြစ် အဆင့်မြင့်တာဝန်များကို ဆက် လက် ထမ်းဆောင်နိုင်မည်ဖြစ် ကြောင်း၊ အနာဂတ် တပ်မတော် (ရေ)ကို ပခုံးပြောင်းတာဝန်ယူ ကြရမည့် ခေါင်းဆောင်ငယ်များ ပီပီ မိမိတို့ တာဝန်ကျရာဒေသ နှင့် ကဏ္ဍအသီးသီးတို့တွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် “လှေခွက်ချည်းကျန် အလံမလဲ စိတ်ဓာတ်” ဖြင့် တက်တက် ကြွကြွ ဝိုင်းဝန်းကြိုးစား လုပ် ဆောင်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်(ရေ)သည် ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေး ပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသွားသည်။ အခမ်းအနား အပြီးတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် အခမ်းအနားသို့ တက် ရောက်လာသော အရာရှိကြီးများ သည် ကျောင်းဆင်းအရာရှိများ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့အတူ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်လာ သော တပ်မတော် (ရေ)အငြိမ်း စား အမျိုးသမီးအရာရှိ၊ စစ်သည် များနှင့် လက်ရှိတာဝန်ထမ်း ဆောင်လျက်ရှိသည့် မျိုးဆက်သစ် အမျိုးသမီး အရာရှိ၊ စစ်သည်များ သည် ရေတပ်လေ့ကျင့်ရေးဌာန ချုပ်ရှိ Department of Maritime Operations(DMO) ခန်းမ၌ တွေ့ဆုံကာ ရေကြောင်းဆိုင်ရာ ဗဟုသုတနှင့် အတွေ့အကြုံများ ကို အပြန်အလှန် နှီးနှောဖလှယ် ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်